အာရှဘက်ကို အာရုံစိုက်မယ်ဆိုတဲ့ ထရမ့်အစိုးရရဲ့ အစီအစဉ်ကတော့ ကြာကြာမနေလိုက်ရပါဘူး။ ၂၀၂၅ ခုနှစ် မေလမှာ ကာကွယ်ရေးဝန်ကြီး ပစ်ထ်ဟက်ဆက်က အင်ဒို-ပစိဖိတ်ဟာ ဦးစားပေးမျက်နှာစာ ဖြစ်ပြီး အမေရိကန်ဟာ ဒီနေရာမှာ ဆက်ရှိနေမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ကုန်ပိုင်းမှာတော့ ထရမ့်အစိုးရရဲ့ အမျိုးသားလုံခြုံရေး မဟာဗျူဟာက ဇာတ်ကြောင်းပြောင်းသွားပါတယ်။ အင်ဒို-ပစိဖိတ်ထက် အနောက်ကမ္ဘာခြမ်းကို ပိုပြီး ဦးစားပေးတဲ့ ပုံစံမျိုး ဖြစ်သွားခဲ့ပါပြီ။
အခုတော့ အမေရိကန်ဟာ အီရန်နဲ့ စစ်ပွဲကို အရှိန်မြှင့် ဆင်နွှဲနေပြီဆိုတော့ အာရှအပေါ် ထားတဲ့ သူတို့ရဲ့ လုံခြုံရေးဆိုင်ရာ ကတိကဝတ်တွေဟာ နောက်တကြိမ် သံသယဝင်စရာ ဖြစ်လာပြန်ပါတယ်။
ဒီဒေသကို စောင့်ကြည့်လေ့လာသူတွေကတော့ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုတွေမှာ အားနည်းချက်တွေ ရှိနေတာကို နှစ်ပေါင်းများစွာကတည်းက သတိပေးခဲ့ကြပါတယ်။ အဲဒီထဲမှာ စီးပွားရေးအရ ဆက်ဆံမှု အားနည်းတာနဲ့ ဒီဒေသကို အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ရှုထောင့်ကနေပဲ ကြည့်တတ်တဲ့ အလေ့အထတွေ ပါဝင်ပါတယ်။ ပြိုလဲလုနီးပါး ဖြစ်နေတဲ့ အဲဒီမဟာဗျူဟာမှာ လုံခြုံရေးအရ ပတ်သက်မှုနဲ့ တရုတ်ကို ဟန့်တားဖို့ ဆိုတာကပဲ တသမတ်တည်း ရှိနေတဲ့ တိုင်လုံးကြီးတွေ ဖြစ်ခဲ့ပါတယ်။
မေးစရာ မေးခွန်းတခုက အာရှမှာ တရုတ်ရဲ့ ရန်လိုတဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်စွမ်းအပေါ်မှာ ဒီအခြေအနေတွေက ဘယ်လို အပေးအယူ အလျှော့အတင်းတွေ ဖြစ်လာမလဲ ဆိုတာပါပဲ။ အဖြေကတော့ တော်တော်သတိထားစရာပါ။
အရှေ့အလယ်ပိုင်းကို တရုတ်ရဲ့ စီးပွားရေး ဩဇာအောက်ကနေ ဆွဲထုတ်ဖို့ ကြိုးစားတာဟာ မဟာဗျူဟာအရ အဓိပ္ပာယ်ရှိတယ်လို့ တချို့က စောဒကတက်ကြပါတယ်။ ဒါပေမဲ့ အမေရိကန်ဟာ အဆုံးမရှိတဲ့ ပဋိပက္ခထဲကို ခြေစုံပစ် ဝင်သွားတာဖြစ်ပြီး ဘေဂျင်းနဲ့ ဖြစ်လာနိုင်တဲ့ အားပြိုင်မှုအတွက် ပြင်ဆင်မှုတွေ လျော့နည်းသွားစေမယ်ဆိုတာ သက်သေအထောက်အထားတွေက ပြသနေပါတယ်။ အကျိုးသက်ရောက်မှု သုံးခုကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။
■ အမေရိကန်ရဲ့ အာရှမဟာဗျူဟာအတွက် ပေးဆပ်ရမှုများ
ပထမအချက်ကတော့ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး ကျယ်ပြန့်လာနိုင်တဲ့ အန္တရာယ်ပါပဲ။ အမေရိကန်နဲ့ အစ္စရေးဟာ အီရန်ရဲ့ ဒုံးကျည်တွေက သူတို့ရဲ့ ကန့်သတ်ထားတဲ့ ခံစစ်လက်နက်တွေကို မကျော်လွှားနိုင်ခင်မှာ အီရန်ရဲ့ ဒုံးကျည်ပစ်စင်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ထားပါတယ်။ တဖက်မှာလည်း အီရန်က ဝါရှင်တန်ကို နောက်ဆုတ်သွားအောင် ဖိအားပေးဖို့ စစ်ပွဲကို ပင်လယ်ကွေ့နိုင်ငံတွေအထိ ချဲ့ထွင်ဖို့ ကြိုးစားနေပါတယ်။
ဝါရှင်တန်က ဒီစစ်ပွဲကို တာတိုပြေးပွဲလိုမျိုး အမြန်ပြီးချင်ပေမဲ့ တီဟီရန်ကတော့ ကုန်ကျစရိတ်များတဲ့ ရုန်းရင်းဆန်ခတ် ပွဲကြမ်းကြီး ဖြစ်စေချင်နေပါတယ်။
အမေရိကန်ဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝသွားပြီလို့ ဘယ်အချိန်မှာ ဆုံးဖြတ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ဝါရှင်တန်ရဲ့ မဟာဗျူဟာမြောက် အာရုံစိုက်နိုင်စွမ်းကို အရှေ့အလယ်ပိုင်းက ဓားစာခံလုပ်ထားသလို ဖြစ်နေမယ်ဆိုရင် အာရှကို အာရုံစိုက်ဖို့ဆိုတာ ခက်ခဲပါလိမ့်မယ်။
ဒုတိယအချက်ကတော့ အမေရိကန်ရဲ့ ခဲယမ်းမီးကျောက် လက်ကျန်တွေ မြန်မြန်ဆန်ဆန် ကုန်ခမ်းလာတာပါပဲ။ မတ်လ ၄ ရက်က အမေရိကန် ဗဟိုစစ်ဌာနချုပ်က အီရန်နိုင်ငံအတွင်းက ပစ်မှတ်ပေါင်း ၂,၀၀၀ နီးပါးကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ တရုတ်နဲ့ ပဋိပက္ခဖြစ်ရင် လိုအပ်လာမယ့် တိုမာဟော့ခ် ခရုစ်ဒုံးကျည် လက်ကျန်တွေ ကုန်ခမ်းနေပြီလို့ လေ့လာသူတွေက သတိပေးထားပါတယ်။
အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေး ခဲယမ်းတွေကလည်း ကြီးမားတဲ့ ပြဿနာတခု ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က အစ္စရေးနဲ့ အီရန်ကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်းမှာ အမေရိကန်ရဲ့ ဒုံးဖျက်လက်နက်တွေ တော်တော် သုံးလိုက်ရပါတယ်။ THAAD ကြားဖြတ်ဒုံးကျည် အလုံးရေ ၁၅၀ ကျော် အသုံးပြုခဲ့ရပါတယ်။ လတ်တလော အီရန်စစ်ပွဲမှာလည်း ဗုဒ္ဓဟူးနေ့အထိ ဘောလစ်စတစ်ဒုံးကျည် ၅၀၀ ကျော်နဲ့ ဒရုန်း ၂,၀၀၀ ကျော် ပစ်ခတ်ထားတယ်လို့ ခန့်မှန်းရပြီး နောက်ရက်တွေမှာလည်း ထပ်သုံးရဦးမှာပါ။
မျှမျှတတ ပြောရရင်တော့ အမေရိကန်-အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ ထိုးစစ်ဆင်နိုင်စွမ်းကို ထိထိရောက်ရောက် တားဆီးနိုင်တဲ့ပုံ ရှိပါတယ်။ အီရန်ရဲ့ ဘောလစ်စတစ်ဒုံးကျည် ပစ်ခတ်မှုနှုန်းဟာ ဖေဖော်ဝါရီ ၂၈ ရက်နဲ့ နှိုင်းယှဉ်ရင် ၈၆ ရာခိုင်နှုန်း လျော့ကျသွားပြီး မတ်လ ၄ ရက် တရက်တည်းမှာတင် ၂၃ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက မှတ်ချက်ပေးပါတယ်။
အမေရိကန်ဘက်မှာ ဆိုရင်လည်း သုံးလိုက်ရတဲ့ ဒုံးကျည်တွေကို အစားထိုး ပြန်ဖြည့်ဖို့အတွက် ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိတဲ့ အပိုဆောင်း ဘတ်ဂျက်တောင်းခံမှုကိုလည်း အမြန်ဆောင်ရွက်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။
အမေရိကန်တပ်ဖွဲ့တွေမှာ ခဲယမ်းတွေ လုံးလုံး ပြတ်လပ်သွားတာမျိုးတော့ ဖြစ်ဖို့ မရှိပါဘူး။ ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာ အသုံးပြုလိုက်တဲ့ ဒုံးကျည်တိုင်းကို ပြန်အစားထိုးဖို့ အချိန်နဲ့ ငွေကြေး အများကြီး ပေးရမှာ ဖြစ်ပါတယ်။
တတိယအချက်ကတော့ အရှေ့အလယ်ပိုင်း စစ်ပွဲရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ရိုက်ခတ်မှုတွေ ဖြစ်ပါတယ်။ လက်ရှိမှာ ကမ္ဘာ့ရေနံ ထောက်ပံ့မှု ငါးပုံတပုံနဲ့ သဘာဝဓာတ်ငွေ့ရည် အမြောက်အမြား ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားကနေ သင်္ဘောသွားလာမှုတွေဟာ လုံးဝနီးပါး ရပ်တန့်နေပါတယ်။ ရေကြောင်း အာမခံကုမ္ပဏီတွေကလည်း စစ်ဘေးအန္တရာယ် အာမခံတွေကို စတင်ပယ်ဖျက်တာ ဒါမှမဟုတ် ပင်လယ်ကွေ့အတွင်းက သင်္ဘောတွေအတွက် အာမခံကြေးတွေ တိုးမြှင့်တာတွေ လုပ်ဆောင်လာတဲ့အတွက် ထောက်ပံ့ရေးကွင်းဆက်တွေ ပြတ်တောက်မယ့် အန္တရာယ် ရှိနေပါတယ်။
စွမ်းအင်စျေးနှုန်းတွေ မြင့်တက်လာမှု တခုတည်းနဲ့တင် စွမ်းအင်အများစုကို တင်သွင်းနေရတဲ့ ဂျပန်နဲ့ တောင်ကိုရီးယားလို အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေအတွက် ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာမှာပါ။ အမေရိကန်ကိုယ်တိုင်က ရေနံနဲ့ ဓာတ်ငွေ့တွေ အများကြီး ထုတ်လုပ်နေပေမဲ့ ဒီစျေးနှုန်းဂယက်ကနေ လွတ်ကင်းမှာ မဟုတ်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နှစ်မှာ ရေနံစျေးနှုန်း မြင့်တက်တာနဲ့ ကုန်စျေးနှုန်း ကြီးမြင့်တာတွေက အစိုးရရဲ့ စည်းလုံးညီညွတ်မှု၊ ပြင်ပရန်ကာကွယ်ရေး အသင့်ဖြစ်မှုတွေအပေါ် ကြီးကြီးမားမား သက်ရောက်နိုင်ပါတယ်။
■ စစ်ပွဲ ပိုကြာလေ ပိုကောင်းလေလား
ဝါရှင်တန်က တီဟီရန်အပေါ် ဖိအားပေးနေတာဟာ ဘေဂျင်းကို ပါဝါညှိဖို့ လုပ်ဆောင်ချက်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ တချို့ လေ့လာသူတွေက ယူဆကြပါတယ်။ အမေရိကန်က တရုတ်နဲ့ ထိပ်တိုက်တွေ့တဲ့အခါ အဓိက ရေနံအရင်းအမြစ်ကို ဖြတ်တောက်ရုံတင်မက စီးပွားရေးအရ အထီးကျန်အောင်ပါ လုပ်ဖို့အတွက် အရှေ့အလယ်ပိုင်းရဲ့ အနာဂတ် အလားအလာဟာ အဆုံးအဖြတ်ပေးမယ့် အချက်ဖြစ်တယ်လို့ သူတို့က ယူဆကြပါတယ်။
ဒါပေမဲ့ ဒီလို ငြင်းခုံမှုတွေဟာ တီဟီရန်နဲ့ ဘေဂျင်းကြားက ဆက်ဆံရေးကို ပုံကြီးချဲ့လွန်းရာ ရောက်ပါတယ်။
တကယ်တမ်းတော့ အီရန်မှာ တရုတ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက သိပ်မရှိပါဘူး။ အီရန်က သူ့ရဲ့ ရေနံအားလုံးနီးပါးကို တရုတ်က ဝယ်ယူတာအပေါ် မှီခိုနေရပေမဲ့ ဒါဟာ တရုတ်ရဲ့ ရေနံစိမ်းတင်သွင်းမှု စုစုပေါင်းရဲ့ ၁၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဘေဂျင်းမှာ ရုရှားလိုမျိုး တခြား စွမ်းအင်အရင်းအမြစ်တွေ အများကြီး ရှိပါတယ်။
တရုတ်က အီရန်အစိုးရ အားနည်းသွားတာဟာ အဲဒီနိုင်ငံအပေါ် စီးပွားရေးအရ ဩဇာလွှမ်းမိုးဖို့ အခွင့်အရေးတခုလို့တောင် မြင်ကောင်း မြင်နေဦးမှာပါ။
တကယ်တော့ တရုတ်ခေါင်းဆောင်တွေဟာ ဟော်မုဇ်ရေလက်ကြားကို သင်္ဘောတွေ သွားလာလို့ရအောင် တီဟီရန်ကို ဖိအားပေးတာကလွဲရင် ဒီပဋိပက္ခ ဖြစ်ပွားနေတာကို ထိုင်ကြည့်နေရုံနဲ့တင် ကျေနပ်နေပုံရပါတယ်။ ပစ်လိုက်တဲ့ ဒုံးကျည်တိုင်းဟာ အမေရိကန်ရဲ့ လက်နက်တိုက်ထဲက လျော့လျော့သွားတာ ဖြစ်ပါတယ်။ ဒီစစ်ပွဲရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ဆိုးကျိုးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပြီး ကြီးထွားလာမှာ ဖြစ်ပါတယ်။
အမေရိကန်တို့ ဒီပဋိပက္ခထဲကနေ ရုန်းထွက်နိုင်တဲ့အချိန်မှာ တရုတ်ကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့အတွက် မတတ်နိုင်တော့တဲ့အထိ ပင်ပန်းနွမ်းနယ်နေပြီး လက်နက်ကိရိယာတွေလည်း မလုံလောက်တော့တဲ့ အခြေအနေ ဖြစ်နေနိုင်ပါတယ်။ ဝါရှင်တန်အတွက် အကောင်းဆုံး အခြေအနေကတော့ စစ်ပွဲ အမြန်ဆုံး ပြီးသွားဖို့ပါပဲ။ ဒါပေမဲ့ ဒီလို ရလဒ်မျိုးကတော့ လောလောဆယ် မမြင်ရသေးပါဘူး။
အမရာ
စီအန်အေ ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ As US wades into Iran, its pivot to Asia lies in tatters ကို ဆီလျော်အောင် ဘာသာပြန်ပါတယ်။ ဆောင်းပါးရှင် ကယ်ဗင်ချန်းဟာ စင်ကာပူနိုင်ငံ နန်ယန်းနည်းပညာတက္ကသိုလ်မှာရှိတဲ့ ရာဂျာနမ် အပြည်ပြည်ဆိုင်ရာ လေ့လာရေးကျောင်း အမေရိကန်အစီအစဉ်ရဲ့ လက်ထောက်သုတေသီ တဦး ဖြစ်ပါတယ်။
မူရင်းဓာတ်ပုံ – Reuters