အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၉)
***
ဌေးဝင်း
***
စစ်တွေအခြေစိုက် MI 10 အမှတ် (၁၀) ထောက်လှမ်းရေးရဲ့ စစ်ကြောရေးမှာ ၂၈ ရက်ကြာ ညှဉ်းပမ်းနှိပ်စက် ခံခဲ့ရတယ်။ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ တလကျော် နေခဲ့ရတာတွေရယ်နဲ့ စစ်တွေထောင်ထဲမှာ နေခဲ့တာ အပါအဝင် ခုဆို နေသားတနှစ် ရှိလာပြီ။
ငါ့ကိုဖမ်းတာ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၈ ရက် ဖြစ်တယ်။ ခုက ၁၉၉၀ ပြည့်နှစ် ဩဂုတ်လ။ ဒီကာလအတွင်း ပြင်ပကမ္ဘာမှာ ဖြစ်ပျက်သွားတာတွေက ၁၉၉၀ ရွေးကောက်ပွဲ။ ပြည်သူအများ အားပေးထောက်ခံတဲ့ ပါတီတွေ ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေက အနိုင်ရကြတယ်။ ၁၉၉၀ မေလ ရွေးကောက်ပွဲပြီးသွားတဲ့ နောက်မှာ ထောင်ထဲကလူတွေက ငါတို့တော့ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်ကြတော့မယ်လို့ မျှော်လင့်နေကြသူ။ ရင်ခုန်ကြသူ တပုံကြီးဘဲ။ အထူးသဖြင့် နိုင်ငံရေး တော်လှန်ရေးနဲ့ ဖမ်းဆီးအကျဉ်းချ ခံထားရသူတွေ ပို မျှော်ကြတာပေါ့။ ထောင်စကားနဲ့ပြောရရင် လွတ်ကြောင် ကြောင်ကြတာပေါ့။
ရွေးကောက်ပွဲသာ ပြီးဆုံးသွားတယ်။ လွတ်ငြိမ်းခွင့်တွေ မလာတဲ့အပြင် “ဖက်ဆစ်သစ္စာ မုသားသာတည့်” လို့ ပြောရမလား။ “ကလိန်စေ့ငြမ်းဆင် ငြိမ်ပိလမ်းဉ်” လို့ဘဲ ဆိုရမလား။ ထိုစဉ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရကို ပြည်သူတွေက “ငြိမ်ပိ” လို့ အတိုကောက် ခေါ်ကြတယ်လေ။ “စစ်အာဏာရှင်ဆိုတာ မုသားဝါဒီတွေပါ” လို့ဘဲ ဆိုရမလား။ နဝတ စစ်အစိုးရဟာ သူပေးခဲ့တဲ့ ကတိကို နှမ်းတစေ့စာတောင် မတည်ဘဲ သူ့ကတိ သူ့သစ္စာကို သူ့ဘာသာ ဖောက်ဖျက်ပြီး အနိုင်ရ ကိုယ်စားလှယ်တွေကို အာဏာလွှဲအပ်မဲ့အစား လိုက်လံဖမ်းဆီးကာ စစ်ခုံရုံးဖွဲ့ပြီး နှစ်ရှည်ထောင်ချတာတွေ ဆက်တိုက် ပြုလုပ်လာနေတယ်။
အနိုင်ရပါတီတွေ ဖြစ်ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တွေ။ ALD မှ ဦးအေးသာအောင် ရှမ်း SNLD မှ ဦးခွန်ထွန်းဦး ချင်းမှ ဦးပူကျင့်ရှင်းထန် (ဇိုမီး- ဥက္ကဌ) စသဖြင့် နိုင်ငံအဝှမ်းမှ နိုင်ငံရေးသမားတွေ ကျောင်းသားတွေ အများအပြား ဖမ်းဆီး ထောင်ချခံနေကြရသလို ပြည်ပကို တိမ်းရှောင်သွားကြသူတွေလည်း ရှိတယ်ဆိုတဲ့ သတင်းစကားတွေကို ဆက်တိုက်ကြားနေရတယ်။
ငါတို့ စစ်တွေထောင်ထဲကိုလည်း ရက္ခိုင်ပြည်က ထင်ရှားကျော်ကြားတဲ့ ပါတီခေါင်းဆောင်တွေ နိုင်ငံရေးသမားကြီးတွေ အများအပြားဟာ မတရား ဖမ်းဆီးခံရပြီး ရောက်လာကြတယ်။ အဲဒီအထဲမှာ ရှစ်လေးလုံးအရေးအခင်းကာလက သပိတ်ကော်မတီက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဆရာဦးဦးလှစော။ ဆရာ ဦးအေးကျော်။ ဦးသာထွန်းအောင် ဦးမောင်ညွန့်စိန်တို့ ပထမ အဖမ်းခံရတယ်။
နောက်ပိုင်း ရွေးကောက်ပွဲ နီးကပ်လာတဲ့အခါ ရက္ခိုင်ပြည် NLD ဥက္ကဌ-ဦးသာကျော် (ဓပြုတ်သီးသာကျော်)။ မူဆလင်အရေးလှုပ်ရှားသူ ရှေ့နေဦးကျော်လှအောင်တို့ဟာလည်း ရွေးကောက်ပွဲမတိုင်ခင် ကြိုတင် အဖမ်းခံခဲ့ရပါတယ်။
ပြီးတော့ သံတွဲက ဦးခင်မောင်ဝင်းတို့လည်း ရောက်လာကြတယ်။ ရခိုင်ကျောင်းသားသမဂ္ဂ ဒုဥက္ကဌ မင်းဇော်နဲ့ တခြားသော ကျောင်းသားလူငယ်တွေလည်း အများအပြားပါဘဲ စစ်တွေထောင်ထဲမှာ ငါ ဆုံခဲ့ရတယ်။
ဒီလို နဝတစစ်တပ်က ကလိမ်စေ့ငြမ်းဆင်ကာ ယုတ်မာပက်စက်တဲ့ လုပ်ရပ်ရဲ့ နောက်မှာ ထပ်ဆင့်ပါလာတာက ပြစ်မှုတွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းဘဲ။ တနှစ်တန်သည် နှစ်နှစ်တန်သည် ချမှတ်သင့်တာကို နှစ်ဆယ်ချီ ချမှတ်လာတယ်။ ဒါတွေကို ပြုလုပ်တဲ့သူတွေက စစ်ခုံရုံးက စစ်ဗိုလ်တွေဘဲ။
ငါကတော့ အရပ်ဘက်တရားရုံးမှာ အမှုရင်ဆိုင်ဆဲပေမဲ့ အချိန်မရွေး ငါ့အမှုကိုလည်း စစ်ခုရုံးက ဆွဲယူပြီး စစ်ဆေးကာ နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်တဲ့ အန္တရာယ်ရှိနေတာကို ငါ့ရှေ့နေတွေက ကြိုမြင်နေလို့ စိုးရိမ်နေကြတာ ရှိတယ်။ စစ်ခုံရုံးက လက်စွမ်းပြလိုက်တာတွေက စစ်ထောက်လှမ်းရေး MI (10) ကကောင်တွေကို သတ်မှုနဲ့ (၁၇) ယောက်ထဲကနေ (၈) ယောက်ကို သေဒဏ်ချမှတ်ခြင်း။ စစ်တွေသပိတ်ကော်မတီက ဆရာ ဦးဦးလှစောနဲ့ ဦးအေးကျော် ဦးသာထွန်းအောင်ဦး မောင်ညွန့်စိန် တို့ကို ထောင်ဒဏ် ၁၄ နှစ်စီ ချမှတ်ခြင်း။ ဦးသာကျော် (ခ) ဓပြုသီးသာကျော် ရင်ဆိုင်နေရတဲ့ အရပ်ဘက်ရုံးက အမှုကို စစ်ခုံရုံးက လွှဲပြောင်းယူပြီး စစ်နေခြင်းတွေ ရှိတယ်။
ဒီလို အမှုတွေကို ထောင်ထဲမှာ စစ်ခုံရုံးဖွဲ့ပြီး စစ်လာတယ်။ ၁၇/၁ – ၁၇/၂ အမှုတွေကို ပြစ်ဒဏ် ၁၄ နှစ် ချတာမျိုး ဖြစ်လာတယ်။ တချို့တွေကို အနှစ် ၂၀ ချတာမျိုး ရှိလာတယ်။
စစ်ခုံရုံးက ဒီလိုစစ်လာတော့ ငါတို့အမှုတွေကိုပါ ကိုင်လာနိုင်တယ်လို့ ငါ့ရဲ့ရှေ့နေတွေက စိုးရိမ်စိတ် ဖြစ်လာသလို ငါလည်း ဖြစ်လာတယ်။ ငါနဲ့ ပုဒ်မအတူဖြစ်တဲ့ ဘူးသီးတောင်က Rohingya Solidarity Organization (RSO) ခေါင်းဆောင် နရူဆလင်းရဲ့ ညီတော်စပ်သူ အဏ္ဏဝါကို ဘင်္ဂလားဒေ့ရှ်ထဲမှာရှိတဲ့ RSO က သူ့အကိုနဲ့ သွားတွေ့တာကို (RSO) အဖွဲ့ဝင်အဖြစ် စွဲချက်တင်ပြီး ထောင်အနှစ် ၂၀ ချပစ်လိုက်တယ်။
ဒါကြောင့် ငါ့ ရှေ့နေတွေက အကြံပြုတယ်။
“မင်း အခုထောင်ထဲမှာ အမှုရင်ဆိုင်နေတာ တနှစ်ကျော်နေပြီ။ ၁၇/၁ နဲ့ပြစ်ဒဏ်ပဲ မင်းကျနိုင်တယ်။ အရပ်ဘက်က တရားရုံးမှာဆိုရင် အလွန်ဆုံး (၃) နှစ်ထက်မရှိဘူး။ စစ်ခုံရုံးကစစ်ရင် (၁၄) နှစ်နဲ့ (၂၀) နှစ် ရှိတယ်ဆိုတော့။ ၁၇/၂ ၁၇/၁ ပုဒ်မတပ်ရင် လွတ်တယ်ဆိုတာ မရှိသလောက် ရှားတယ်”
လို့ ပေါ့။ ငါဟာ ရုံးထွက်ပြီး ပြန်လာတိုင်း အမှုသွား အမှုလာ အခြေအနေတွေကို ဆရာဦးလှစောတို့အုပ်စုတွေဆီသွားပြီး အမြဲတမ်း ပြန်ပြောပြ တိုင်ပင်လေ့ ရှိတယ်။ ဒါကြောင့် သူတို့က ငါ့ကိုပြောတာက
“အခုလို အချိန်မျိုး အခြေအနေမျိုးမှာ မင်းအနေနဲ့ ဝန်ခံလိုက်တာ ပိုကောင်းမယ်”
လို့ ရှေ့နေကြီးတွေပြောသလိုမျိုး အကြံပေး တိုက်တွန်း ပြောဆိုကြတယ်။
မိသားစုတွေကလည်း ဥပဒေအရာရှိ တရားသူကြီးတွေနဲ့ သွားတွေ့ကာ အကျိုးအကြောင်းကို ပြောပြကြတာတွေလည်း ရှိတယ်ဆိုတော့ ဝန်ခံရင် သက်သက်ညှာညှာနဲ့ စီရင်ချက်ချပေးမယ်လို့ သိထားရတယ်။
တရားသူကြီးရော ဥပဒေအရာရှိရော ရက္ခိုင်တွေဆိုတော့ ရက္ခိုင်အမျိုးသားရေး လှုပ်ရှားသူကို ကူလို့ရသလောက် ကူလိမ့်မယ်ဆိုတာတော့ ငါ လုံးဝ ယုံကြည်ထားတယ်။ အဲဒါကြောင့် ငါလည်း ရခိုင်လွတ်လပ်ရေးအဖွဲ့ ရခိုင်လွတ်လပ်ရေးတပ်မတော် AIO/ AIA နဲ့ အဆက်သွယ်လုပ်တာ မှန်ကန်ကြောင်း ထွက်ဆိုလိုက်တယ်။ ငါရဲ့အမှုမှာ ရဲမှူးအောင်ကျော်ဦးက တရားလိုလုပ်ကာ တရားစွဲဆိုတာ ဖြစ်တယ်။ ငါ့ကို ပုဒ်မ ၁၇/၂ ။ ၁၇/၁ နဲ့ စစ်တွေမြို့နယ် အမှတ် (၂) တရားရုံးမှာ တရားစွဲတယ်။ တရားသူကြီးကတော့ ဦးစိန်သာထွန်း (ခေါ်) ဓူဝံ။ ဓူဝံလို့ခေါ်တာက ဓူဝံနာမည်နဲ့ ဘိလပ်ရည် (အချိုရည်) လုပ်ငန်းပိုင်ရှင်ဖြစ်လို့ ခေါ်ကြတာဖြစ်တယ်။
ငါ့ဘက်က လိုက်ပေးတဲ့ ရှေ့နေတွေကတော့ ရှေ့နေကြီးဦးကျော်သန်း (ခ) ဖိုးကျော်သန်း။ ရှေ့နေမကြီး ဒေါ်အေးနုစိန် (စာရေးဆရာမ ပံသုခင် – စစ်တွေ)။
တရားသူကြီးက ငါ့အမှုကို နောက်အပတ်ရုံးချိန်းမှာ စွဲချက်တင်မယ်လို့ ပြောတယ်။ ရုံးချိန်းရမန် တပတ်က (၁၄) ကြာတယ်။ ထောင်ကိုရောက်တော့ နောက်ရုံးချိန်းမှာ တင်မဲ့စွဲချက်က ပုဒ်မတခုတည်းလား ဒါမှမဟုတ် နှစ်ခုလုံးလား။ တပေါင်းတည်းလား။ ခေါင်းထဲမှာ တန်းစီနေတယ်။ ၁၇/၂ နဲ့ဆိုရင် ၅ နှစ်။ ၁၇/၁ နဲ့ဆိုရင် အနည်းဆုံး (၂) နှစ်ကနေ အများဆုံး (၃) နှစ်။ နှစ်မှုကို တပေါင်းတည်းဆိုရင် အနည်းဆုံး (၅) နှစ် အများဆုံး (၇) နှစ် ပြစ်ဒဏ်တွေ ကျနိုင်တယ်။ ငါ့ကို ဘာပုဒ်မနဲ့ စွဲချက်တင်လာမှာလဲ။
ငါ့ရှေ့နေတွေက ပြောတာကတော့ ငါ့ကို ၁၇/၂ နဲ့ စွဲချက်တင်လို့ မရနိုင်ဘူး။ ဝန်ခံချက်နဲ့ သက်သေတွေ ထွက်ဆိုချက်အရ ၁၇/၁ နဲ့ဘဲ စွဲချက်တင်လို့ ရမယ်ဆိုပြီး ပြောထားတာ ရှိတယ်။ ၁၇/၁ နဲ့စွဲချက်တင်ရင် အများဆုံးက (၃)နှစ်။ အနည်းဆုံးက (၂) နှစ်ဘဲ ကျမယ်လို့ ဆိုတယ်။
သူ့ရဲ့ ပြဌာန်းက
ပုဒ်မ ၁၇/၁ ပြစ်မှု ပြစ်ဒဏ် ပြဌာန်းချက်
၁။ ထောင်ဒဏ် ၂ နှစ်ထက်မနည်း ၃ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်းခံရမည်။
၂။ ပြစ်မှုမြောက်ရန် လိုအပ်သော အင်္ဂါရပ်များ
မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်းမဟုတ် ယင်းအသင်း၏ အစည်းအဝေး၌ ပါဝင်ဆောင်ရွက်လျှင် သို့တည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်။ ရယူ။ တောင်းခံလျှင် သို့တည်းမဟုတ် တနည်းနည်းဖြင့် ယင်းအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင်။
ပုဒ်မ ၁၇/၂ ပြစ်မှု
ပြစ်ဒဏ် ပြဌာန်းချက်
၁။ ၃ နှစ်ထက်မနည်း ၅ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်း ခံရမည်။
၂။ ပြစ်မှုမြောက်ရန် လိုအပ်သော အင်္ဂါရပ်များ
မည်သူမဆို မတရားသင်းကို စီမံအုပ်ချုပ်လျှင် သို့တည်းမဟုတ် စီမံအုပ်ချုပ်ခြင်းတွင် ကူညီလျှင် သို့တည်းမဟုတ် အဆိုပါ အသင်းတခုခု သို့တည်းမဟုတ် ထိုအသင်းသားများ၏ အစည်းအဝေးကို ဆော်ဩ ကမကထပြုလျှင် သို့တည်းမဟုတ် ဆော်ဩကမကထ ပြုရာတွင် ကူညီလျှင်။
လို့ ပြဌာန်းထားတယ်။
ဝန်မခံဘဲ ငြင်းနေလို့လည်း ဘာမှ အကျိုးမထူးဘူးဆိုတာကို ငါလည်း သဘောပေါက်လို့ သူတို့ အကြံပြု တိုက်တွန်းတာကို လက်ခံလိုက်တာ။ ငါ့ရဲ့ ရှေ့နေတွေဆိုတာကလည်း ငါ့ဆီက အခကြေးငွေယူပြီး လိုက်ပေးကြသူတွေမဟုတ်။ ငါ့ကို အမျိုးသားရေးစေတနာနဲ့ ကူလိုက်ပေးကြတာ။ ဒီလိုနဲ့ ရုံးချိန်နေ့ကို ရောက်လာပြီ ဖြစ်တယ်။
ရုံးချိန်းနေ့မှာ ငါရင်ကော့ပြီး တရားရုံးထဲကို ဝင်သွားလိုက်တယ်။ ငါ့စိတ်ထဲမှာ တွေ့နေကျ စာရေးမ မဝါဝါက ဒီနေ့မှာ အရင်ကထက် ပိုလှနေတယ်လို့ ထင်မိတယ်။ ငါ့ရဲ့ ရှေ့နေကြီး ဦးကျော်သန်း (ဖိုးကျော်သန်း) နဲ့ ရှေ့နေမကြီး ဒေါ်အေးနုစိန်တို့ နှစ်ဦးလည်း ခန့်ခန့်ငြားငြား တည်တည်ကြည်ကြည်နဲ့ ပြုံးရွှင်နေတာကို မြင်တွေ့ ရတယ်။ တရားသူကြီး ဦးစိန်သာထွန်း ဥပဒေအရာရှိ (ဦးခင်မောင်) တို့ကိုလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ မြင်တွေ့ရတယ်။
ဘာကြောင့် ငါ ဒီလို ဖြစ်နေတာလဲဆိုတော့ ဒီနေ့မှာ ဒီတရားရုံးက ငါ့ကို ပြည်ထောင်စုမြန်မာနိုင်ငံဖက်ဆစ်အစိုးရက ဖက်ဆစ်နိုင်ငံတော်ကို ဆန့်ကျင်သူ တော်လှန်သူပုန်ကန်သူဆိုတဲ့ နိုင်ငံရေးသမား တော်လှန်ရေးသမားအဖြစ် သိဒ္ဓိတင်ပေးမဲ့နေ့ မဟုတ်လား။
ဒီပုဒ်မက ငါ့ဘဝရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ ဖက်ဆစ်အစိုးရကို တော်လှန်ပုန်ကန်တဲ့ ဘွဲ့လက်မှတ်ဘဲလေ။ အဲဒါကြောင့် ငါဟာ ဖက်ဆစ်နိုင်ငံတော်ပုန်ကန်မှုဘွဲ့ အောင်ဆုကို ရလို့ ဆုကိုယူဖို့ လာသူတယောက်လို တက်ကြွနေတာ။
တရာသူကြီးက အမှူစွဲချက်အတွက် စတင်တော့မယ်လို့ ကြေငြာလိုက်တယ်။
“တရားခံ ကျော်ဟန်သည် မြေပေါ်မြေအောက် အဖျက်သမား သောင်းကျန်းသူ ပြည်ထောင်စုမြန်မာနိုင်ငံတော်အား ပုန်ကန်နေသည့် ရခိုင်လွတ်လပ်ရေးအဖွဲ့ AIO – ရခိုင်လွတ်လပ်ရေးတပ်မတော် AIA အဖွဲ့နှင့် ပူးပေါင်လုပ်ဆောင်ချက်ကြောင့် ပုဒ်မ ၁၇/၁ ဖြင့် စွဲချက်တင်လိုက်သည်”
၁၉၉၀ ပြည့်နှစ် အောက်တိုဘာလမှာ ငါ့ကို ၁၇/၁ ပုဒ်မ တခုတည်းနဲ့ ပြစ်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်။ ငါက ထောင်ထဲမှာ နေသားတနှစ်ကျော် ရှိထားပြီးသားဆိုတော့ နေရလှ နောက်ထပ် တနှစ်နီးနီးလောက်ဘဲပေါ့။ ချုပ်ရက်ခံစားခွင့်ရသလို လျှော့ရက် ဘာညာရမယ်ဆိုရင် သိပ်မကြာခင် ထောင်အပြင်ကို ပြန်ရောက်မှာဘဲ မဟုတ်လား။
အကျဉ်းထောင်ဆိုတာ မူလရည်ရွယ်ချက်က ဒုစရိုက်သမားတွေကို နောင်ကျဉ်သွားအောင် နောင် ပြစ်မှု ထပ်မကျူးလွန်ရဲအောင် အပြစ်ဒဏ်ချမှတ်ကာ ပြစ်ဒဏ်ပေးဖို့ပါဘဲ။ ဒါပေမဲ့ အာဏာရှင်တွေဟာ သူတို့ကို ပုန်ကန် တော်လှန်သူ ဆန့်ကျင်သူ မှန်သမျှကိုလည်း ဖမ်းဆီးကာ ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်နေတာကိုလည်း အားလုံး သိပြီးသားဘဲလေ။
အာဏာရှင် အစိုးရကို ပုံစံမတူတဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင် တော်လှန် အာဏာဖီဆန်ခဲ့ကြရင်း ဖမ်းဆီး ထောင်ချခံရသူတွေ။ အာဏာရှင် ဖက်ဆစ်အစိုးရက မျက်မုန်းကျိုးလို့ အကွက်ဆင် ဖမ်းဆီး ထောင်ချခံရသူတွေနဲ့ လူသိရှင်ကြား ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားပါလို့ ကြေညာပြီး နိုင်ငံရေးလုပ်သူတွေ တက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံရေး ပုဒ်မမျိုးစုံနဲ့ ထောင်ထဲကို ရောက်လာကြတယ်။
ဒါပေမဲ့ ထောင်အာဏာပိုင်တွေက ဒီလူတွေကို နိုင်ငံရေးအကျဉ်းသားလို့ မပြောဘူး။ မသတ်မှတ်ဘူး။ ကိုယ်တွေ အချင်းချင်းကြားမှာတော့ ပုဒ်မအရဖြစ်စေ။ လှုပ်ရှားဆောင်ရွက်မှုတွေအပေါ် မူတည်ပြီး နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ် ဆုံးဖြတ်ပြီး သတ်မှတ်ကြတယ်။
အစိုးရကို ဆန့်ကျင် တော်လှန် အာဏာဖီဆန်လာသူ အားလုံးဟာ ငရဲခန်းတမျှ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကြောရေးကာလမှာ မိမိယုံကြည်ချက် ခံယူချက်ကို ခိုင်မာပြတ်သားစွာ ရပ်တည်ခဲ့ကြတယ်။ ဒါဟာ နိုင်ငံရေးအကျဉ်းသားရော အကျဉ်းသူရော တူညီတဲ့ အချက်တချက်ဘဲ။ ရာဇဝတ်သားနဲ့ ကွဲပြားချက်က အဓိက အဲဒါဘဲ။
ထောင်တွင်းနေထိုင်မှုမှာ နောက်ခံဘက်ဂရောင်း မတူတာကို အကြောင်းပြုပြီး အချင်းချင်းကြားမှာ အမြင်မတူတာ သဘောထားကွဲလွဲတာတွေ ရှိကြပေမဲ့ ထောင်အာဏာပိုင်နဲ့ ရင်ဆိုင်ရရင် ဘယ်သူနဲ့မှ ညှိထား တိုင်ပင်ထားခြင်း မရှိပါဘဲ အလိုအလျောက် ညီညွတ်နေတတ်ကြတယ်။ တလုပ်စာရှိ တပိုင်းခွဲကျွေးတာမျိုး။ ကိုယ့်မှာရှိတာကို အချင်းချင်း မျှဝေပြီး စားသောက်ကြတဲ့ ဓလေ့ကလည်း ထောင်ထဲမှာရှိတဲ့ နိုင်ငံရေး တော်လှန်ရေး အကျဉ်းသားတွေရဲ့ အဆင့်မြင့်ထောင်မှုဆက်ဆံရေးလို့ ဆိုရမလား။
တရားရုံးက အမိန့်ချလိုက်လို့ ရုပ်ရှင်ထဲကလို ငါ့ဘဝ သွားပါပြီလို့ စိတ်ပျက် ကြေကွဲနေရတဲ့ အဖြစ်မျိုး နိုင်ငံရေးအကျဉ်းသား တော်လှန်ရေး အကျဉ်းသားတို့ရဲ့ ထောင်လောကမှာ ရှိမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမိန့်ချခံရလို့ အကျဘဝကို ရောက်လာသူကို နဂို ကျပြီးသားလူဟောင်းတွေက သူရဲကောင်း တယောက်အလား ကြိုဆိုကြလို့ပါ။
မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ် အုပ်ချုပ်လာခဲ့တဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေါင်းဆောင် ဗိုလ်နေဝင်းနဲ့ နောက်လိုက်တွေဟာ တိုင်းသူပြည်သားများနဲ့ ကမ္ဘာကို ဆိုရှယ်လစ်စနစ်နဲ့ အုပ်ချုပ်နေပါတယ်လို့ ပြောပေမဲ့ တကယ်က ဖက်ဆစ်စနစ်နဲ့ စိုးမိုးချယ်လှယ်နေခဲ့တဲ့ မင်းဆိုးမင်းညစ် တွေ ပါဘဲ။
ငါတို့ ရှေးက လူကြီးတွေလည်း ဒီမင်းဆိုးမင်းညစ်ကို နည်းမျိုးစုံနဲ့ ခေတ်အဆက်ဆက် တော်လှန် ပုန်ကန်ခဲ့ကြသလို ငါတို့လက်ထက်မှာလည်း ဒီဖက်ဆစ်စနစ်ဆိုးကို လက်မခံနိုင်လို့ ဆက်လက် တိုက်ပွဲဝင် တော်လှန်နေကြတာ ဖြစ်တယ်။
ခု ငါကျနေတဲ့ စစ်တွေထောင်မှာဘဲ ကြည့်လေ။ ငါတို့ ရက္ခိုင်တမျိုးသားလုံး လေးစား ကြည်ညို ရိုသေကြတဲ့ ရက္ခိုင် မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းဟာ ဒီဖက်ဆစ်စစ်ကောင်တွေကို ရဲရဲရင့်ရင့် အန်တု တော်လှန်ရင်း ငါတို့ရှေ့မှောက်မှာ အသက်နဲ့ရင်းပြီး ပြသခဲ့ပြီးပြီ။ အလားတူ ငါ့အကိုဝမ်းကွဲတော်စပ်သူ ဆရာ ဦးဦလှစော ဦးအေးကျော် ဦးသာထွန်းအောင်- -အစရှိတဲ့ ရက္ခိုင်ပြည်က ဒိတ်ဒိတ်ကြဲ ပုဂ္ဂိုလ်များဟာလည်း ဖက်ဆစ်စနစ်ဆိုးကို လုံးဝ ဒူးမထောက် လက်မမြှောက်ဘဲ ဆက်လက် တော်လှန်တိုက်ပွဲ ဝင်နေကြဆဲပါ။ ဗြိတိသျှအစိုးရ စတင် ဆောက်လုပ်ချိန်ကတည်းက ခုချိန်ထိ ဒီထောင်ထဲမှာ ငါတို့ ရက္ခိုင် သူရဲကောင်းတွေ ဘယ်လောက်များ လာရောက် နေထိုင်ကြဖူးပြီလဲ။ တိုက်ဝင်းက ကြိုးစင်ပေါ်ကို အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တက်သွားတဲ့ သူရဲကောင်း ဘယ်နှစ်ယောက် ရှိသွားပြီလဲ။
ငါဟာ ငါ့ရှေ့က သူရဲကောင်းတွေရဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန် တော်လှန်ရေးခရီးကို ခရီးဆုံး ပန်းတိုင်သို့ မရောက်ရောက်အောင် ချီတက်ရမဲ့ဝာာဝန် ငါ့မှာ ရှိတယ်။ ခုချိန်မှာ ဖက်ဆစ်စစ်အစိုးရရဲ့ မှတ်တမ်းထဲမှာ သူပုန်တယောက်အဖြစ် ရေးထိုးမှတ်တမ်းတင် ခံခဲ့ရပြီ။ ပုန်ကန်သူအဖြစ် မြန်မာပြည် တရားရေးသမိုင်း အကျဉ်းထောင်သမိုင်းမှာ မော်ကွန်းတင်ခြင်း ခံခဲ့ရပြီးလေပြီ။