ပြီးခဲ့တဲ့ ရက်တွေအတွင်း မီဒီယာမျက်နှာစာမှာ စိတ်ဝင်တစား ဖြစ်ခဲ့ရတဲ့ သတင်းတပုဒ်ကတော့ နိုင်ငံခြားသားခြောက်ယောက် အိန္ဒိယမှာ အဖမ်းခံရတဲ့သတင်း ဖြစ်မယ် ထင်ပါတယ်။ ‘အကြမ်းဖက်’ ခေါင်းစဉ်အောက်ကနေ ထွက်လာတဲ့ သတင်းဖြစ်နေတော့ အိန္ဒိယမီဒီယာတွေအတွက် ပရိသတ်များများရမယ့် သည်းခြေကြိုက် သတင်း ဖြစ်နေသလို မြန်မာတွေအတွက်ကျတော့လည်း တော်လှန်ရေးနဲ့ ဆက်နွယ်နေတဲ့အတွက် သတိပြုစရာ ဖြစ်ခဲ့ရပါတယ်။
ယူကရိန်းနိုင်ငံသား ၆ ယောက်နဲ့ အမေရိကန်နိုင်ငံသား ၁ ယောက်ဟာ အိန္ဒိယမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးမှုကြောင့် အိန္ဒိယရဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံတကာ လျှို့ဝှက်ချက်တွေနဲ့ အိန္ဒိယ-မြန်မာနယ်စပ်က ရှုပ်ထွေးလှတဲ့ ပထဝီနိုင်ငံရေးတွေ အကြောင်းကို အကြီးအကျယ် အငြင်းပွားစရာ ဖြစ်သွားပါတယ်။
ဒီလူတွေဟာ ခွင့်ပြုချက် မရှိဘဲ အိန္ဒိယအရှေ့မြောက်ပိုင်းက မီဇိုရမ်ပြည်နယ်ထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး မြန်မာနိုင်ငံထဲက လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ဆက်သွယ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။ ဒီဖြစ်ရပ်က အိန္ဒိယရဲ့ ကန့်သတ်နယ်မြေတွေထဲကို နိုင်ငံခြားသားတွေ လျှို့ဝှက်ဝင်ထွက်နေတာ ဘယ်လောက်တောင် လွယ်ကူနေသလဲဆိုတာကို မီးမောင်းထိုးပြလိုက်သလို ဖြစ်နေပါတယ်။
ဒီကိစ္စကို အိန္ဒိယရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အဖွဲ့အစည်းဖြစ်တဲ့ NIA (National Investigation Agency) က ဦးဆောင်ပြီး စုံစမ်းနေတာပါ။ NIA ရဲ့ စွပ်စွဲချက်တွေက တော်တော်လေး ပြင်းထန်ပါတယ်။ ဒီနိုင်ငံခြားသားအုပ်စုဟာ အိန္ဒိယအရှေ့မြောက်ပိုင်းက သူပုန်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ မြန်မာ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေကို စစ်ရေးဗျူဟာပိုင်းဆိုင်ရာ သင်တန်းတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ ဥရောပကနေ ဒရုန်းတွေအပါအဝင် ခေတ်မီလက်နက်တွေကို ထောက်ပံ့နိုင်ဖို့အတွက် လမ်းကြောင်းတွေ ဖော်ဆောင်ပေးခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ ဒီအတွက်ကြောင့် သူတို့ကို အကြမ်းဖက်မှု တားဆီးရေးဥပဒေ (UAPA) လိုမျိုး တော်တော်လေးကို တင်းကျပ်တဲ့ ဥပဒေတွေနဲ့ အမှုဖွင့်ထားတာပါ။
NIA ဘက်ကတော့ ဒီလူတွေ ဘယ်အချိန်က ဝင်လာတာလဲ၊ မြန်မာနိုင်ငံထဲက ဘယ်အဖွဲ့တွေနဲ့ ဆက်သွယ်တာလဲ ဆိုတာကို အသေးစိတ် ထုတ်မပြောသေးပေမဲ့ ပထဝီအနေအထားအရ ကြည့်ရင်တော့ မီဇိုရမ်နဲ့ ကပ်လျက်ရှိတဲ့ ချင်းပြည်ထဲကို သွားခဲ့တာ ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်။ ချင်းပြည်ဟာ လက်ရှိ မြန်မာစစ်ကောင်စီကို ပြန်တိုက်နေတဲ့ တော်လှန်ရေးအဖွဲ့ပေါင်း ၂၀ လောက် အခြေစိုက်တဲ့ နေရာဖြစ်နေလို့ပါ။
မြန်မာနိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ တသီးတခြား ဖြစ်ရပ်မဟုတ်ပါဘူး။ အိန္ဒိယအရှေ့မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ဆက်နွယ်နေပါတယ်။
မဏိပူရပြည်နယ်က ကသည်း ခွဲထွက်ရေးအဖွဲ့တွေဖြစ်တဲ့ PLA ၊ PREPAK နဲ့ UNLF တို့ဟာ မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးအဖွဲ့တွေကို ပြန်တိုက်နေကြတာပါ။
တဖက်မှာလည်း မဏိပူရက ကူကီး-ချင်း-မီဇို အဖွဲ့တွေဖြစ်တဲ့ KNA နဲ့ ZRA တို့ကလည်း မြန်မာ့ပဋိပက္ခထဲမှာ ပါနေကြပြန်ပါတယ်။ KNA က စစ်ကောင်စီကို အပြင်းအထန် တိုက်နေပေမဲ့ ZRA ကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ လမ်းစဉ်ကို ရွေးထားပါတယ်။ ဆိုတော့ အိန္ဒိယအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့နှစ်ဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာတော့ တဖက်နဲ့တဖက် ပြန်တိုက်နေကြတဲ့ သဘောမျိုး ဖြစ်နေတာပါ။ နာဂသူပုန် (NSCN-IM) ဆိုရင်လည်း စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တော်လှန်ရေးအဖွဲ့တွေကို နှိမ်နင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံထဲကို နိုင်ငံခြားသားတွေ လျှို့ဝှက်ဝင်ထွက်နေတာဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ ထိုင်းဘက်ကဖြစ်ဖြစ် မီဇိုရမ်ဘက်ကဖြစ်ဖြစ် ဝင်နေကြတာပါ။ ၂၀၂၃ နဲ့ ၂၀၂၄ အတွင်းမှာ တော်လှန်ရေးနယ်မြေတွေထဲမှာ အမေရိကန်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံသားတွေကို တွေ့ခဲ့ရဖူးပါတယ်။ တချို့က လူမှုရေးလုပ်ငန်းတွေ လုပ်ဖို့လာတာ ဖြစ်ပေမဲ့ တချို့ကတော့ စစ်သင်တန်းတွေ ပေးဖို့လာတာပါ။ ဥပမာ – ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က သူတို့ရဲ့ တပ်ရင်းတခုကို အမေရိကန်စစ်ပြန်တစ်ယောက်က သင်တန်းပေးနေတယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ PDF Zoland ဘက်မှာလည်း အမေရိကန်နဲ့ ဗြိတိန် စေတနာ့ဝန်ထမ်းတွေ ရှိနေတယ်ဆိုတာ ဓာတ်ပုံတွေနဲ့တကွ ထွက်ပေါ်ခဲ့ဖူးပါတယ်။
အိန္ဒိယလုံခြုံရေးအဖွဲ့တွေကတော့ နိုင်ငံတကာ အကြမ်းဖက်ကွန်ရက်ကြီးကို ဖော်ထုတ်လိုက်ပြီလို့ သတင်းတွေ လွှင့်နေကြပေမဲ့ ဒါဟာ တကယ်ပဲလားဆိုတာ သံသယဖြစ်စရာတွေ အများကြီးရှိပါတယ်။
မြန်မာနဲ့ ထိစပ်နေတဲ့ မီဇိုရမ်နဲ့ မဏိပူရ ပြည်နယ်နှစ်ခုမှာ မီဇိုရမ်ဟာ ချင်းတွေနဲ့ ပိုနီးစပ်ပါတယ်။ လူမျိုးစုချင်းတူတဲ့အတွက် ၂၀၂၁ ခုနှစ် မြန်မာအာဏာသိမ်းမှုက ထွက်ပြေးလာသူတွေကိုလည်း မီဇိုရမ်ဟာ လက်ခံကြိုဆိုပြီး နေရာပေးထားပါတယ်။ မဏိပူရကျတော့ ရန်လိုတဲ့သဘော ရှိပါတယ်။ မြန်မာဒုက္ခသည်တွေကိုလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း အုပ်စုလိုက် မြန်မာဘက်ကို ပြန်ပို့တာတွေ ရှိခဲ့ပါတယ်။
၂၀၂၃ ခုနှစ် နောက်ပိုင်း မဏိပူရမှာ ဖြစ်ခဲ့တဲ့ ကသည်းနဲ့ ကူကီးတွေအကြားက လူမျိုးရေးပဋိပက္ခကြောင့် သေဆုံးသူ အရေအတွက်ဟာ ၂၆၀ ဝန်းကျင်အထိ ရှိပါတယ်။ ဒီပဋိပက္ခမှာ ထူးဆန်းတာက ရဲလက်နက်တိုက်က လက်နက်တွေ အလုခံရတာ၊ ဒရုန်းတွေအသုံးပြုတာတွေ ရှိခဲ့တဲ့အချက်ပါ။ ဒီတော့ မြန်မာဘက်က တော်လှန်ရေးအုပ်စုတွေဆီက ဒရုန်းနည်းပညာတွေ၊ စစ်ဗျူဟာတွေ ဒီပဋိပက္ခတွေနဲ့ ရောထွေးယှက်တင် ဖြစ်လာမှာကို အိန္ဒိယအစိုးရက အကြီးအကျယ် စိုးရိမ်ပါတယ်။
တကယ်တော့ မြန်မာ့တော်လှန်ရေးအဖွဲ့တွေဟာ အိန္ဒိယကို တိုက်ခိုက်ဖို့ ဘာအကြောင်းပြချက်မှ မရှိပါဘူး။ သူတို့ဟာ အိန္ဒိယကို အများကြီး အားကိုးနေရတာပါ။ အိန္ဒိယဘက်ကနေ ရိက္ခာ၊ ဆေးဝါး၊ ဆီ တွေက မှောင်ခိုလမ်းကနေ ဝင်နေရတာဆိုတော့ ကိုယ့်ကို ထမင်းကျွေးထားတဲ့လက်ကို ပြန်ကိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
မြန်မာတော်လှန်ရေးတပ်တွေဟာ စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေကို ပြည်ပနိုင်ငံတွေကနေ နည်းလမ်းပေါင်းစုံနဲ့ ရယူနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံခြားသားတွေ မြန်မာပြည်ထဲကို ဝင်ခဲ့တယ် ဆိုတာဟာ ဒရုန်းတွေ ရောင်းချဖို့ ဒါမှမဟုတ် သတင်းအချက်အလက် စုဆောင်းဖို့အတွက်ပဲ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကို နိုင်ငံခြားသားတွေနဲ့ မြန်မာတော်လှန်ရေးတပ်တွေ ပေါင်းပြီး အိန္ဒိယမှာ အကြမ်းဖက်မှုတွေလုပ်ဖို့ ကြံစည်တယ်လို့ ယူဆလိုက်တာကတော့ စိတ်ကူးယဉ်လွန်းရာ ရောက်တယ်လို့ပဲ ပြောရပါလိမ့်မယ်။
အိန္ဒိယအစိုးရက အမေရိကန်ဟာ မီဇိုရမ်ပြည်နယ်ကတဆင့် မြန်မာ့တော်လှန်ရေးကို ကူညီပြီး တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ ကြိုးစားနေတယ်လို့လည်း သံသယရှိနေပါတယ်။ အထူးသဖြင့် မီဇိုရမ် ဝန်ကြီးချုပ်ကိုယ်တိုင်က နိုင်ငံခြားသား ထောင်ချီပြီး မီဇိုရမ်ထဲကို ဝင်လာတယ်လို့ ပြောလိုက်တာက အိန္ဒိယဗဟိုအစိုးရကို ပိုပြီး ထိတ်လန့်သွားစေခဲ့တာပါ။ တကယ်တမ်းသာ အမေရိကန်က မြန်မာမှာ ခြေကုပ်ယူချင်တယ် ဆိုရင် မြန်မာကိုပေးနေတဲ့ စာနာမှု အကူအညီတွေကို လျှော့ချခဲ့မှာ မဟုတ်ဘူး ဆိုတာကို သတိပြုသင့်ပါတယ်။
အိန္ဒိယအစိုးရက အခုလို နိုင်ငံခြားသားတွေကို အခုဖမ်းလိုက်တဲ့ ကိစ္စဟာ နောက်လာမဲ့သူတွေကို ခြိမ်းခြောက်ပြလိုက်တာ၊ အကန့်တခု ချပြလိုက်တာ ဖြစ်ပါတယ်။ အိန္ဒိယက တဆင့် မြန်မာထဲကို ဝင်သွားတဲ့ နိုင်ငံခြားသားတွေထဲမှာ ထောက်လှမ်းရေးတွေ၊ အထူးတပ်ဖွဲ့ဝင်တွေလည်း ပါတယ်လို့ အိန္ဒိယက ယူဆပါတယ်။ ဒီလိုလူမျိုးတွေ ကိုယ့်နိုင်ငံထဲက ဖြတ်သန်းတယ် ဆိုတာကို ဘယ်အစိုးရကမှ သဘောကျစရာ မရှိဘူး ဆိုတာကို နားလည်ပေးလို့ ရပါတယ်။ တဖက်မှာလည်း ဒီဖြစ်ရပ်ဟာ အိန္ဒိယရဲ့ နယ်စပ်လုံခြုံရေး ဘယ်လောက် ပေါ့လျော့နေလဲဆိုတာကို ဝန်ခံလိုက်သလိုပါပဲ။
နောက်တခု သတိပြုရမှာက မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်တဘက်တချက်က လူမျိုးစုချင်း စည်းလုံးမှု ပိုခိုင်မာသွားတဲ့ အချက်ပါ။ ဒါဟာ အိန္ဒိယ ဗဟိုအစိုးရအတွက်တော့ နောင်တစ်ချိန်မှာ ကိုင်တွယ်ရခက်မဲ့ စိန်ခေါ်မှုကြီး တခု ဖြစ်လာနိုင်ပါတယ်။
ရဲမွန်လှ
ရည်ညွှန်း – Were Foreign Nationals and Myanmar Rebel Groups Plotting an Attack Against India? By Rajeev Bhattacharyya, The Diplomat
မူရင်းဓာတ်ပုံ – Federal Wings