ဖေ‌ဖော်ဝါရီ 2026

ရာသီဥတုဒဏ်ကြောင့် ဂွမြို့ရှိ တလသားအရွယ် စစ်ရှောင်ကလေးငယ်တဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၆) ရာသီဥတုအအေးဒဏ်ကြောင့် ရက္ခိုင်ပြည်၊ ဂွမြို့နယ်ရှိ တလသားအရွယ် စစ်ရှောင်ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ဂွမြိုနယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆိုပါ ကလေးငယ်ဟာ ဂွမြို့နယ်၊ ကျန္တလီမြို့တွင် စစ်ရှောင်နေတဲ့ သံတွဲမြို့နယ် မောင်ရွှေလေးရွာက စစ်ရှောင်မိသားစုတစုမှဖြစ်ပြီး အောင်စီဂျင်ကျလို့ ဆေးကုသမှု ခံယူရန် ပိုဆောင်စဉ် (ဖေဖော်ဝါရီလ ၈ ရက်) နံနက် ၅ နာရီ ၄၅ မိနစ်မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။ “ ကလေးက ချွဲကြပ်ပြီး ဆုံးသွားတာပါ က‌လေးက ရောဂါအခံကြောင့် မဟုတ်ပါဘူး။ တလသားဆိုတော့ ငယ်သေးတယ်။ ဆောင်းကလည်း ဒီရက်ပိုင်း ပြန်အေးတယ်။ က‌လေးတော်‌တော်များများအဆုတ်ပွတယ်”  လို့ အဆိုပါအဖွဲရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ လတ်တလောမှာတော့ ရက္ခိုင်ပြည် စစ်ရှောင်တွေအတွက် စောင်၊ အနွေးထည်များ လိုအပ်နေပြီး အအေးဒဏ်ကြောင့် စစ်ရှောင် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တချို့ ဖျားနာမှုများ ရှိနေကာ ဆေးဝါးလိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ဆိုပါတယ်။
Read more

ရက္ခိုင်ပါတီများ ခိုင်လုံမဲ ၁ ရာခိုင်နှုန်းအောက်သာ ရရှိ

အာရက္ခတိုင်းမ်စ် (၁၁ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင်က ကျင်းပပြုလုပ်တဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရက္ခိုင်ပါတီတွေဟာ ခိုင်လုံမဲ ၁ ရာခိုင်နှုန်းအောက်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP ) က မဲဆန္ဒနယ် ၁၃ နေရာမှာ ကိုယ်စားလှယ်လောင်း ၃၂ ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၂၂၅၆၇ ၊ ခိုင်လုံမဲ ရရှိမှု ရာခိုင်နှုန်း ၀ ဒသမ ၁၇ %  နဲ့ အနိုင်ရကိုယ်စားလှယ် ၈ ဦး ရှိခဲ့ပါတယ်။ ဒါ့အပြင် ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) က မဲဆန္ဒနယ် ၁၄ နေရာမှာ ကိုယ်စားလှယ်လောင်း ၂၅  ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၁၈၉၀၁၊  ခိုင်လုံမဲ ရရှိမှု ရာခိုင်နှုန်း ၀ ဒသမ ၁၄ %  နဲ့ အနိုင်ရကိုယ်စားလှယ် ၆ ဦး ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကတော့ မဲဆန္ဒနယ် ၁ နေရာမှာ ကိုယ်စားလှယ်လောင်း ၁  ဦး နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ခိုင်လုံမဲ ရရှိမှု စုစုပေါင်း ၁၂၆၈၊  ခိုင်လုံမဲရရှိမှုရာခိုင်နှုန်း ၀ ဒသမ ၀၁ %  သာ ရရှိခဲ့ပြီး အနိုင်ရ ကိုယ်စားလှယ် မရှိခဲ့ဘူးလို့ UEC က ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု ရာခိုင်နှုန်းများ‌ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဖေဖော်ဝါရီလ ၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
Read more

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ကပစ ၁၆နဲ့ ၃ မိုင်ကွာထိ ရောက်ရှိလာ

အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆) အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ နဲ့ ၃ မိုင်ခန့်အကွာထိ ထိုးစစ်ရောက်ရှိနေတယ်လို့ သိရပါတယ်။ “ ပွိုင့်-၅၀၆ စခန်းကုန်းအထိ AA ရောက်လာတဲ့အတွက် မသုန်ရွာကြားမှာ ပွိုင့်-၃၅၃ စခန်းနဲ့ ပွိုင့်-၂၈၈ စခန်းနှစ်ခုသာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်”  လို့ CDM ဗိုလ်ကြီးဇင်ယော်က  ပြောပါတယ်။ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ဟာ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် မသုန်ရွာမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။ စစ်ကော်မရှင်အနေနဲ့လည်း ကပစ ၁၆ မကျဆုံးစေရေးအတွက် လေယာဉ်နဲ့ ဒရုန်းတွေကို အသုံးပြုပြီး လေကြောင်းပစ်ကူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင် အာရက္ခတပ်တော် ပြန်လည်သိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်က စစ်ကော်မရှင်ရဲ့ ကာကင်းစခန်းတခုဖြစ်တဲ့ ၆၆၆ စခန်းကုန်းကိုလည်း စစ်ကော်မရှင်အနေနဲ့ ပြန်လည်ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။
Read more

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေဆုံ

(သတင်းဓာတ်ပုံ) အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆) အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ “ ယခင်ကတည်းက မဟာမိတ်ထက်ပိုသော ဂရုစိုက်မှုနှင့် ဖော်ရွေမှုများ ပြသပေးခဲ့သည့် ULA/AA
Read more

သံတွဲမြို့ရှိ စစ်ဘေးရှောင် ၅ ရာကျော်အတွက် ဆန်အိတ်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ဘေးရှောင် ၅ ရာကျော်အတွက် ဆန်အိတ်တွေ လှူဒါန်းပေးခဲ့တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က ပြောပါတယ်။ သံတွဲမြို့နယ်ရှိ ကျေးရွာ ၁၇ ရွာမှာ ယာယီခိုလှုံနေတဲ့  အိမ်ထောင်စု ၁၇၇ စု၊ မိသားစုဝင် စုစုပေါင်း ၅၄၈ ယောက်စာအတွက် ဆန်အိတ်တွေ လှူဒါန်းခဲ့တာဖြစ်ပြီး စုရပ်နေရာ ၃ နေရာမှာ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လှူဒါန်းမှုကိုတော့  Mrs. Kyu Kyu မိသားစုကတဆင့် ဆက်သွယ်ပြီး  WAO – WORLD ARAKANESE ORGANIZATION (USA) အဖွဲ့အစည်းက ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ကို ချိတ်ဆက်လှူဒါန်းစေခဲ့တာလည်း ဖြစ်ပါတယ်။ “ အလှူရှင်တွေလည်းနည်းပါးလာနေတော့ အခက်အခဲ ရှိပါတယ်။ ပြည်တွင်းမှာ အရမ်းပဲ အခက်အခဲများနေလို့ ခုလို ဝိုင်းဝန်း ကူညီပေးစေချင်တယ်”  လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒါ့အပြင် ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း ရက္ခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင် ၂၆၈ ဦး အတွက် ပြည်တွင်းပြည်ပ အလှူရှင်တွေကိုယ်စား အိမ်ထောင်စု ၇၂ စု၊ လူဦးရေ ၂၆၈ ဦး အတွက် ဆန်အိတ် ၁၅ အိတ်ကို သွားရောက် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
Read more

တောင်ကုတ်တွင် နယ်လှည့် အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် တောင်ကုတ်ခရိုင်အတွင်ရှိ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်က စတင်ကာ နယ်လှည့်ကွင်းဆင်းပြီး အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဇာနအနေနဲ့ ဒေသခံပြည်သူတွေကို ငှက်ဖျားပိုး သွေးဖောက်စစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အရေပြားရောဂါများကို ကုသမှုပေးခြင်းနဲ့ အထွေထွေရောဂါတွေကိုလည်း အခမဲ့ ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နယ်လှည့်ကွင်းဆင်း ကုသပေးခြင်းခရီးစဉ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ၅နှစ်အောက် ကလေးငယ်များရှိတဲ့ အိမ်ထောင်စုများအတွက် CYC ခြင်ထောင် အလုံး (၂၅၀) ကို ထောက်ပံ့ပေးခဲ့ပြီး HDCO အနေနဲ့လည်း ၂ နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရနို့မှုန့်များကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အလားတူ ၂၀၂၅ ခုနှစ် သြဂုတ်လကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးတို့ ပူးပေါင်းပြီး တောင်ကုတ်မြို့နယ်က ကျောက်တန်းခါး၊ ဂွေးတောက်၊ ရပ်တော်မူ၊ တိုးချဲ၊ စလူ၊ ဒိုးနွယ်စမ်း၊ ပိနွဲစမ်း၊ ရေပေါ်ကြီး၊ သပြေ၊ ဇွတ်ပြဲ နဲ့ ညောင်လွန်တော စတဲ့ ကျေးရွာတွေက ပြည်သူတွေကို ဆေးကုသပေးပြီး ခြင်ထောင်များ ပေးဝေခဲ့ပါတယ်။ Ref & Photo – Golden Era Media
Read more

သံတွဲနဲ့ တောင်ကုတ်တွင်လည်း နီပါးရ် အသိပညာပေးတွေ လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၁၀ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် သံတွဲနဲ့ တောင်ကုတ်ခရိုင်တွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ နီပါးရ်ဗိုင်းရပ် အသိပညာပေးတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ “ လူနည်းနည်းစည်တဲ့နေရာလေးတွေမှာ ဆိုင်းဘုတ်ထောင်တာတွေ ရွာတွေမှာလိုက်ပြီး လက်ကမ်းစာစောင်ပေးတာတွေနဲ့ ဘယ်လိုနေထိုင် ကြိုတင်ကာကွယ်သင့်တယ် အဲဒါတွေကို လုပ်ပေးနေတယ်”  လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ နီပါးရ်(Nipah) ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ DLEPS (ရဲတပ်ဖွဲ့) ဝင်များ၊HDCO ဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူများ စုပေါင်းပြီး ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။ နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး  မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေနဲ့လည်း  ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူများကို နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Read more

သာပေါင်းတိုက်ပွဲတွင် ကာကင်းစခန်းများ လက်လွှတ်လိုက်ရလို့ စကမ အရာရှိတွေ စစ်ဆေးခံနေရ

အာရက္ခတိုင်းမ်စ် (၉ ဖေဖော်ဝါရီ ၂၀၂၆) ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ကာကင်းစခန်းတွေ လက်လွှတ်လိုက်ရလို့ စစ်ကော်မရှင်တပ် အရာရှိတချို့ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နဲ့ ၃၁ ရက်အတွင်း ဧရာဝတီတိုင်းက သာပေါင်းမြို့နယ် တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က ကာကင်းစခန်း ၃ ခုထပ်မနည်း လက်လွှတ်ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။ အဆိုပါ ကာကင်းစခန်း ၃ ခုထပ်မနည်း လက်လွှတ်လိုက်ရလို့ ခလရ ၃၀၈ သာပေါင်းတပ်ရင်းက စစ်ဆင်ရေးကွပ်ကဲနေတဲ့ ဗိုလ်မှူး ၁ ယောက်နဲ့ တပ်ရင်းမှူး ၁ ယောက်ကို ပုသိမ်အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်၊ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကတော့ သာပေါင်းမြို့နယ်က သာ‌ပေါင်းလေး၊ ကျားခေါင်း၊ ကင်မွန်းခြုံ၊ သစ်ဝမ်းပူ စတဲ့နေရာပဲ ဖြစ်ပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာများကို စစ်ကော်မရှင်ရဲ့ ခမရ-၃၀၈ ကနေပြီး လက်နက်ကြီးများနဲ့ ပစ်ကူပေးနေပြီး သဲဖြူ၊ မရမ်းကျင်း၊ ဖိုချောင်း‌ကျေးရွာတွေကနေ ခမရ-၃၀၈ အထိ  ကင်းပုန်းများ ချထားတယ်လို့လည်း သိရပါတယ်။
Read more

မြောက်ဦးတွင် ရှေးဟောင်းရတနာများတွေရှိသူ လူငယ်တွေကို ဂုဏ်ပြုဆုချီးမြှင့်

အာရက္ခတိုင်းမ်စ် (၉ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ရှေးဟောင်းရတနာများနဲ့ ငွေဒင်္ဂါးပြားများ တွေရှိခဲ့တဲ့ လူငယ်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဂုဏ်ပြုလွှာနဲ့ ဆုချီးမြှုင့်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်က မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် ဘောလုံးကစားကြရင်း ရှေးဟောင်းရတနာပစ္စည်များနဲ့ ငွေဒင်္ဂါးပြား ၁၃၂ ပြားကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ ရှေး‌ဟောင်းရတနာများနဲ့ ငွေဒင်္ဂါးပြားများ တွေ့ရှိခဲ့တဲ့ လူငယ် ၄ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၈ ရက်က ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတနေရာတွင် ပြုလုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ “ တယောက်ချင်းဆီကို ဂုဏ်ပြုဆု ငွေသား ၇,၅၀၀၀၀၀ (ခုနှစ်ဆယ့်ငါး) သိန်းကျပ်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခအမျိုးသားအမွေအနှစ်ကော်မရှင်က ချီးမြှင့်ခဲ့တာ”  လို့ မြောက်ဦးမြို့ဒေသခံတဦးက ဆိုပါတယ်။ ရှေးဟောင်းရတနာများနဲ့ ငွေဒင်္ဂါးပြားများကို တွေ့ရှိခဲ့သူများမှာ မြောက်ဦးမြို့နေ ဦးနိုင်ဝင်းထွန်းနဲ့ ဒေါ်စိုးစိုးတို့ရဲ့သားဖြစ်သူ မောင်စိုးအောင်မင်း၊ ဦးညီဘုနဲ့ ဒေါ်နုနုယဉ်တို့ရဲ့သားဖြစ်သူ မောင်သုခအောင်၊ ဦးမောင်ကျော်သိန်းရဲ့သားဖြစ်သူ မောင်ဖြိုးမြတ်ဦးနဲ့ ဦးခိုင်ကျော်လင်းရဲ့သားဖြစ်သူ မောင်ကျော်စိုးလင်းတို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ငွေဒင်္ဂါးပြားများမှာ ရက္ခိုင်သက္ကရာဇ် (၁၀၀၀) (ဆင်ဖြူသခင်၊ နရပတိကြီးလက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၁၃ ပြား)၊ (ဆင်ဖြူသခင်၊ ဆင်နီသခင် နရပတိကြီးလက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၁၀ ပြား)၊ ရက္ခိုင်သက္ကရာဇ် (၁၀၁၄) (ရွှေနန်းသခင်၊ စန္ဒသုဓမ္မရာဇာ လက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၄၁ပြား)၊ ရက္ခိုင်သက္ကရာဇ် (၁၀၀၇) (ဆင်နီသခင်၊ ဆင်ဖြူသခင် သတိုးမင်းတရား လက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၆၆ပြား)၊ ရက္ခိုင်သက္ကရာဇ် (၁၀၄၇) (ရွှေနန်းသခင်ဝရဓမ္မရာဇာ လက်ထက်တွင် အသုံးပြုခဲ့တဲ့ ငွေဒင်္ဂါးပြား ၁ ပြား)၊ (ဖတ်မရဘဲ လုံးဝ ပျက်စီးနေတဲ့ ငွေဒင်္ဂါးပြား ၁ ပြား) တို့ ဖြစ်တယ်လို့ သိရပါတယ်။ Ref & Photo – APM & ONN
Read more

မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရန် မောင်တောမူဆလင်ပြည်သူများ သိန်း ၅၀၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၉ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင် ဗုံးကြဲခဲ့လို့ ရက္ခိုင်ပြည် မြောက်ဦးဆေးရုံ ပျက်စီးခဲ့ရပြီး အဆိုပါ ဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မောင်တော်ခရိုင်နေ မူဆလင်ပြည်သူများက စုပေါင်းအလှူငွေ သိန်း ၅၀၀ ကျပ်ကို ဖေဖော်ဝါရီလ ၈ ရက်က လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလှူငွေ ပေးအပ်လှူဒါန်းပွဲကို မြောက်ဦးခရိုင် အုပ်ချုပ်ရေးဌာနအကြီးအကဲများ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တာဝန်ရှိသူများ၊ မောင်တောခရိုင် မူဆလင်ဘာသာရေးခေါင်းဆောင်များ၊ မောင်တောခရိုင်ဂျူရီလူကြီးများ၊ ဒေသခံမူဆလင်ဘာသာရေးခေါင်းဆောင်များနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ “ ကျနော်တို့ ဘူးသီးတောင် မောင်တောက လူနာတွေလည်း မြောက်ဦးကိုလာလို့ ကုသနေကြတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ အဲလို ဆေးရုံကြီးတခု၊ ဘာသာပေါင်းစုံ ဆေးကုသနေကြတဲ့ ဆေးရုံပြီးတခုကို ရက်ရက်စက်စက် ဖျက်ဆီးလိုက်တယ်။ ပြည်သူတွေကလည်း ရင်နာရပါတယ်။ ကျနော်တို့လည်း ဝိုင်းလို့ပြောတဲ့အခါ ပူးပေါင်းပါဝင်လိုစိတ် ပေါ်လာတယ်။ လှူလည်း လှူကြပါတယ်”  လို့ အဆိုပါ အခမ်းအနားကို တက်ရောက်လာတဲ့ မောင်တောခရိုင် ဂျူရီလူကြီးအဖွဲ့ဝင် ဆရာဘာရ်ဆဲက ပြောပါတယ်။ မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက် လည်ပတ်နိုင်ရေးအတွက် မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့မှ မူဆလင်ဘာသာရေးခေါင်းဆောင်တွေအနေနဲ့လည်း အလှူငွေများ ပေးအပ်နိုင်ရန် စီစဉ်နေကြတယ်လို့လည်း သိရပါတယ်။ ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်အပါအဝင် ပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ရ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ Ref & Photo – APM
Read more