အမ်းရှိ နပခစစ်ဌာနချုပ် ကျရင် ဘယ်လို အပြောင်းအလဲ ဖြစ်သွားနိုင်သလဲ

အမ်းရှိ နပခစစ်ဌာနချုပ် ကျရင် ဘယ်လို အပြောင်းအလဲ ဖြစ်သွားနိုင်သလဲ
အာရက္ခတိုင်းမ်စ် (၁-နိုဝင်ဘာ-၂၀၂၄)
စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ ရက္ခိုင်ပြည် အမ်းမြို့ကို အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိနေပြီး နပခ ကျပါက မည်ကဲ့သို့သော နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲများ ဖြစ်လာမလဲဆိုကာ စောင့်ကြည့်လျက်ရှိနေကြပါတယ်။
စစ်ကောင်စီအနေနဲ့ တိုင်းစစ်ဌာနချုပ် (နပခ) မကျစေရေး ခုခံကာကွယ်လျက် ရှိနေပြီး မကွေး နဲ့ ပုသိမ် လေတပ်စခန်းမှ လေကြောင်းဖြင့် ပစ်ကူပေးလျက် ရှိနေကြောင်း သိရပါတယ်။
နပခ ကျပါက အမ်းမြို့က ပြည်သူများကို စစ်ကောင်စီက မီးကုန်ယမ်းကုန် ဒုက္ခပေးလိမ့်မည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ရခိုင်ပြည်မှာကတော့ အမ်းကတော့ စစ်ဌာနချုပ်ပေါ့လေ၊ စစ်ဌာနချုပ်ဖြစ်တယ်၊ သူကတော့ ကုန်းတွင်းပိတ်တဲ့ နေရာဖြစ်တယ်၊ ကုန်းတွင်းပိတ် နေရာမှာ ဖြစ်တယ်၊ အဲဒီဖက်မှာ စစ်ဌာနချုပ်သာ ကျမယ်ဆိုရင် စကစ အနေနဲ့လည်း ဒီနေရာကို လူထုတွေ အများကြီးနေပြီးတော့ မီးကုန်ယမ်းကုန် ဒုက္ခပေးသွားလိမ့်မယ်လို့ မြင်တယ်၊ တစ်ဆက်တည်းမှာလည်း ဘာဖြစ်လာနိုင်သလဲဆိုတော့ အဓိက နေရာက ကျောက်ဖြူရယ်၊ စစ်တွေရယ်ပေါ့နော်၊ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေ၊ အဲဒီမှာ ကုလားတန်စီမံကိန်း ရှိတယ်၊ နောက် ကျောက်ဖြူ၊ ဒါလည်း တရုတ်ရဲ့ BRI စီမံကိန်းကနေပြီးတော့ တကယ့်ကို ထွက်ပေါက် ဗျူဟာကျတဲ့နေရာမှာ ရှိတယ်။ ဒီနေရာတွေဟာ ရခိုင်ပြည်နယ်မှာ ရခိုင်ရေးရာနဲ့ ပတ်သက်လို့ ဂရုစိုက်ရမယ့် နေရာတွေ ဖြစ်လာမှာပေါ့လေ၊ ဒါတွေကတော့ နောက်ဆုံး bargain point ပေါ့နော်၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာသော်လည်းကောင်း၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းထဲက ရခိုင်ပြည်ရဲ့ အရေးအရာ ကိစ္စ သော်လည်းကောင်း၊ အဲဒီဟာက‌တော့ တော်တော်ကို အရေးပါတဲ့ အခြေအနေမျိုး ရောက်လာမယ်လို့ မြင်ပါတယ်” လို့ ဦးမျိုးကျော်က ပြောပါတယ်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်က စစ်ကောင်စီဟာ အမ်းမြို့ပေါ်ကို လေယာဥ်ဖြင့် ဗုံးလာကြဲခဲ့သဖြင့် အရပ်သားပြည်သူ ၂၀ ခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်တွင် AA က စစ်ရေးအသာရနေသည့် သဘောရှိကြောင်း၊ သို့သော်လည်း စစ်ရေးအောင်ပွဲကို နိုင်ငံရေး ရလဒ်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းရမှာ ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။
”စစ်ရေးအခြေအနေလို့ ပြောရင်တော့ ရခိုင်က အရေးပါပြီးတော့ ဗမာစစ်တပ်ဖက်က အရေးနိမ့်သွားတဲ့ သဘောတော့ ရှိမှာပေ့ါဗျာ၊ သို့သော်လည်းပဲ မြေတွေသိမ်းလိုက်တယ်၊ မြေတွေ အများကြီးရတယ် ဆိုတဲ့ဟာက စစ်ရေးမှာတော့ အရေးကြီးတဲ့ အလုပ်ပါပဲ၊ အဲဒီ စစ်ရေးအောင်ပွဲကို နိုင်ငံရေး အမြတ်အဖြစ် ပြောင်းဖို့ ၊ နိုင်ငံရေး ရလဒ်အဖြစ် ပြောင်းဖို့ တဆင့် ထပ်ကြိုးစားရမှာပေါ့၊ ထပ်ကြိုးစားဖို့တော့ လိုတာပေါ့၊ စစ်ရေးကြီးပဲ သပ်သပ်ကတော့ တစ်ခါတစ်လေ နိုင်ငံရေးအခွင့်အရေးက ရဖို့ သိပ်မသေချာဘူးပေ့ါဗျာ၊ ကျနော် အဲဒီလို မြင်ပါတယ်။ ဒါကြောင့် Check and balance လုပ်ပြီးမှ နိုင်ငံရေး အမြတ်‌ရော စစ်ရေးရလဒ်ကို အခြေခံပြီးတော့ နိုင်ငံရေး အမြတ်ထွက်တဲ့ ကိုယ်လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ရောက်အောင်သွားဖို့တော့ တစ်ဆင့်လိုမယ်လို့ ကျ‌နော် ယူဆတာပေါ့ဗျာ” လို့ ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) မှ အမ်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ အမာခံ စခန်းများဖြစ်သော တောဟိန်းတောင်ဗျူဟာစခန်း နဲ့ မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ရရှိထားပါတယ်။
ပြည်နယ် နဲ့ တိုင်းဒေသကြီးရှိ တော်လှန်ရေးအင်အားစုများအဖြစ်ဖြင့်လည်း လက်တွဲညီညီဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် လိုအပ်ကြောင်း၊ ထို့အတူ ရက္ခိုင်ပြည်အတွင်းရှိ ရန်သူကို ရှင်းထုတ်ရန် မိမိအနေဖြင့် ပြောလိုကြောင်း ဦးမျိုးကျော်က ဆိုပါတယ်။
“ အမ်းကျတယ် ဆိုရင်ပေါ့ဗျာ၊ ဘာပဲဖြစ်ဖြစ် ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ စစ်အာဏာရှင် ကနေပြီးတော့ အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်လာတယ်ပေါ့ဗျာ၊ သက်ရောက်လာတယ်ပေါ့၊ ဒီလိုပဲ အခြားခြားသော တိုင်းရင်းသားပြည်နယ်မှာ သော်လည်းကောင်း၊ ပြည်မဆိုတဲ့ ဗမာတွေ အများစုရှိတဲ့ နေရာသော်လည်းကောင်း တော်လှန်ရေးအင်အားစုတွေ သူ့တာဝန် သူသာကျေမယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်လာတဲ့ ဒီအာဏာရှင်ပေါ့၊ စစ်အာဏာရှင်စနစ်ကတော့ ပြုတ်သွားမှာပေါ့ဗျာ၊ အဲဒီအတွက်မှာလည်း တခြားသော နိုင်ငံတွင်းမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေ အကုန်လုံးပေါ့နော်၊ လက်တွဲညီညီနဲ့ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ဖြတ်ဖို့အတွက်တော့ ကျနော်အနေနဲ့ ပြောချင်တယ်၊ နောက် ရခိုင်ပြည်ထဲမှာရှိတဲ့ ကျနော်တို့ ပြည်သူတွေ အပါအဝင်ပေါ့ဗျာ၊ တော်လှန်ရေးအင်အားစုတွေ တပ်ပေါင်းစုတွေကအစ အတတ်နိုင်ဆုံး ရန်သူကိုတော့ ရခိုင်ပြည်နယ်ထဲက‌နေ ရှင်းထုတ်လိုက်ရမယ်ဆိုတဲ့ဟာမျိုးတော့ ကျနော်အနေနဲ့တော့ ပြောချင်ပါတယ်” လို့ ဦးမျိုးကျော်က ထပ်မံဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရက္ခိုင်ပြည် နဲ့ ချင်းပြည်နယ်အတွင်းရှိ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ တောင်ပြို၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ သံတွဲ၊ ဆမီးနှင့် ပလက်ဝမြို့တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိထားပါတယ်။

Related posts

စစ်တွေမြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်နေ

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်