စစ်ကောင်စီကဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီအသစ်ကို IPCM နဲ့ IMJA ကန့်ကွက်

အာရက္ခတိုင်းမ်စ် (၂၂ နိုဝင်ဘာ ၂၀၂၄)

စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းကို ကန့်ကွက်ရှုတ်ချတယ်လို့ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) တို့က အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းမှာ လွတ်လပ်သော သတင်းမီဒီယာတွေ၊ သတင်းသမားတွေကို ဖိနှိပ်ဖို့ နဲ့ သတင်းလွတ်လပ်ခွင့်ကို ချုပ်ချယ်ဖို့ စစ်ကောင်စီအလိုကျ ဖွဲ့စည်းခြင်းသာ ဖြစ်တယ်လို့ IMJA က ယုံကြည်ထားကြောင်း ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ သတင်းမီဒီယာကောင်စီဟာ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားမှာ မဟုတ်သလို စစ်ကောင်စီရဲ့ ဝါဒဖြန့် ယန္တရားလည်ပတ်စေရေးအတွက်သာ လုပ်ဆောင်မှာဖြစ်တယ်လို့ IMJA က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီကို ဖွဲ့စည်းခြင်းအားဖြင့် စစ်ကောင်စီ အကြိုက်ဆောင်ကာ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို ပိတ်ပင်တာ၊ လွတ်လပ်သော သတင်းဌာနတွေ နဲ့ သတင်းထောက်တွေကို ဖိနှိပ်ဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်က စစ်ကောင်စီက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းခြင်းကို ထုတ်ပြန်ခဲ့တာပါ။

အဆိုပါ အဖွဲ့အစည်းဟာ လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားတွေကို ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေး ယန္တရား ပိုမိုခိုင်မာစေဖို့ နဲ့ နိုင်ငံတကာကို သတင်းမှား ဖြန့်ချိရေးလုပ်ဆောင်ဖို့အတွက် ဆောင်ရွက်ရန်သာဖြစ်တယ်လို့ IPCM က သုံးသပ်ပြီး အပြင်းအထန် ကန့်ကွက်ထားပါတယ်။

အဆိုပါ ဖွဲ့စည်းလိုက်တဲ့ စစ်ကောင်စီ လက်အောက်ခံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ဦးတင်ထွန်းဦးဟာ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး အတွင်းရေးမှူး ဦးအေးချမ်းသည်လည်း ရေတပ်ဦးစီးချုပ်ဟောင်းရဲ့ သားဖြစ်ကြတာကို ထောက်ရှုခြင်းအားဖြင့် စစ်ကောင်စီအကျိုးစီးပွားကိုသာ ကာကွယ်ပေးပြီး သတင်းမီဒီယာလွတ်လပ်ခွင့် နဲ့ သတင်းသမားတွေ လုံခြုံရေးအတွက် ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ဟု IPCM က ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းမီဒီယာတွေကို အာဏာသိမ်းအစိုးရဟု မသုံးနှုန်းဖို့ ဖိအားပေးပြီးနောက် သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် (၂၆) ဦးအနက် (၂၄) ဦး နှုတ်ထွက်ခဲ့ကြောင်းလည်း IMJA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

စစ်တွေမြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်နေ

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်