လျှပ်စစ်မီး နဲ့ စက်သုံးဆီ အခက်အခဲကြောင့် ကျောက်ဖြူက မွေးမြူရေးလုပ်ငန်းတချို့ ရပ်နား

အာရက္ခတိုင်းမ်စ် (၃ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ကို စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်ထားတာက ၂ လကျော် ရှိနေတာကြောင့် ကျောက်ဖြူမြို့နယ်မှာရှိတဲ့ မွေးမြူရေးလုပ်ငန်းတွေ ရပ်နားကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဓိကအားဖြင့် ကျောက်ဖြူမြို့ပေါ်က မွေးမြူရေးလုပ်ငန်းတော်တော်များ ပါဝင်ပြီးတော့ ကျောက်ပုဇွန်နဲ့ ကင်းပုဇွန် မွေးမြူရေးလုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

လျှပ်စစ်မီး မရလို့ စက်သုံးဆီကို သုံးတဲ့အခါမှာလည်း ဈေးနှုန်း ကြီးမြင့်တာကြောင့် မတတ်နိုင်တဲ့အတွက် မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလာကြတာ ဖြစ်တယ်လို့ ကျောက်ဖြူမြို့နယ်က ပုဇွန်မွေးမြူရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

“အခုက လက်ရှိက ကျောက်ဖြူမြို့ပေါ်မှာ မီးလည်း မရတော့ဘူးလေ။ မီးမရတော့ တော်တော်များများ မွေးမြူရေးတွေက အကုန်လုံး ရပ်ဆိုင်းသွားတာပေါ့။ ကင်းပုဇွန်တို့၊ ကျောက်ပုဇွန်တို့ အဲဒီဟာတွေ အဓိကတော့ အဲဒီဟာတွေက ပုဇွန်လေးတွေက ကန်နဲ့မွေးတာ နည်းပါတယ်။ အဓိကက ကင်းပုဇွန်နဲ့ ကျောက်ပုဇွန်ပဲ အဓိကပဲ။ လှောင်ကန်တွေနဲ့ အဲဒီလိုလုပ်ပြီး မွေးကြတာ။ အဲဒီဟာတွေကျတော့ အကုန်လုံး ရပ်ဆိုင်းသွားတာပေါ့။ စက်သုံးဆီ အခက်အခဲတွေပေါ့၊ ဈေးမြင့်လာတဲ့အပေါ်မှာ အကုန်လုံးက မလုပ်နိုင်တော့ဘဲ ရပ်ဆိုင်းကုန်ကြတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူခရိုင်မှာ ကျောက်ပုဇွန်၊ ကင်းပုဇွန်၊ ကဏန်းပျော့၊ ကျောက်ငါး နဲ့ ကယု – ကမာတွေကို အများဆုံး မွေးမြူကြတာဖြစ်ပြီး မွေးမြူရေးလုပ်ငန်း ၁၆၁ ခု ရှိပါတယ်။

ကယု-ကမာနဲ့ ကျောက်ငါးကို မွေးထားပြီးတော့ ရောင်းတန်းဝင်အရွယ်ရှိလာခါ ရန်ကုန်နဲ့ ငပလီတို့မှာရှိတဲ့ ဟိုတယ်ကြီးတွေ၊ စားသောက်ဆိုင်တွေနဲ့ ရေလုပ်ငန်းကုန်စည်ဒိုင် ဈေးကွက်တွေကို အဓိကထား ပို့ကြတာပါ။

ကျောက်ဖြူမြို့နယ်မှာ စက်သုံးဆီ ၁ လီတာကို ၃ သောင်းကျပ်အထိ ဖြစ်နေပြီးတော့ နယ်ဘက်တွေကိုလည်း စက်သုံးဆီ သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားတယ်လို့ သိရပါတယ်။

လျှပ်စစ်မီးနဲ့ စက်သုံးဆီ အခက်အခဲကြောင့် အောက်ဆီဂျင်ကို အသုံးပြုရတာ၊ မွေးမြူရေးကန်တွေကို ခဏခဏ ရေလဲလှယ်ရတဲ့ ကျောက်ပုဇွန်နဲ့ ကင်းပုဇွန်လုပ်ငန်းတွေဆိုရင် အခုချိန်မှာ ဆက်လုပ်ဖို့ မလွယ်တော့ဘူးလို့ မွေးမြူရေးလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

“လုပ်ငန်းတွေ တော်တော်များများက ရပ်နားသွားကြမှာ၊ ဘာကြောင့်လဲဆိုတော့ အဓိက စက်သုံးဆီ ပြဿနာပေါ့။ စက်သုံးဆီက ဈေးကြီးတယ်။ ကျောက်ဖြူမှာတော့ မြို့ပေါ်မှာတော့ စက်သုံးဆီက ရသေးတယ်၊ ဒါပေမယ့် နယ်ဘက်တွေမှာတော့ မရတော့ဘူးလေ။ စစ်ကောင်စီက ကန့်သတ်ထားတာ အဲဒါတွေတော့ ရှိတာပေါ့။ ကမာလုပ်ငန်းတွေဆိုရင်လည်း တကယ်လို့ အောက်ဆီဂျင်ပေးပြီးမှ မွေးရမယ့်ပုံစံမျိုးဆိုလို့ရှိရင် အဲဒါကျတော့ လုပ်ဖို့ ခဲယဉ်းသွားမှာ။ နယ်ဘက်တွေမှာ မွေးတာတွေကျတော့ ရှိတော့ရှိမယ်၊ ရေအထုတ်အသွင်း ပြုစရာမလိုဘဲနဲ့ ချောင်းတွေထဲမှာ ဆည်လုပ်ထားပြီးတော့ မွေးတဲ့ဟာဆိုလို့ရှိရင် သူ့ဟာနဲ့သူ ရှိလောက်သေးတယ်။ ဒါပေမယ့် ရေလဲရတာတို့၊ တချို့ဟာတွေကျတော့ ရှိတယ် ဥပမာ ကျောက်ပုဇွန်တို့ ဘာတို့ဆိုရင် ကင်းပုဇွန်ပေါ့ အဲဒီလိုဟာတွေကျတော့ မလွယ်တော့ဘူးလေ။ သူတို့ကျတော့ အောက်ဆီဂျင် ပေးရတယ်၊ ရေကို ခဏခဏ လဲပေးရတာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ကျောက်ဖြူမြို့ပေါ်မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေအားလုံး ပိတ်ထားလိုက်ပြီး မြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်မှာ စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားသလို တခါတရံ အနီးအနား ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ဟာ တရုတ်အစိုးရရဲ့ စီမံကိန်းတွေ အဓိကတည်ရှိတဲ့နေရာ ဖြစ်ပြီးတော့ လက်ရှိမှာ တိုက်ပွဲတွေဟာ ကျောက်ဖြူမြို့နဲ့ တဖြည်းဖြည်း နီးကပ်လာတာကြောင့် မြို့ပေါ်က ဒေသခံတွေလည်း မြို့ကနေ စွန့်ခွာထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

1 Comment

Stanleynutty ဇန်နဝါရီ 7, 2026 - 5:16 ညနေ

Продажа тяговых faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу

Add Comment