အာရက္ခတိုင်းမ်စ် ( ၁၉ ဒီဇင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည် စစ်တွေမြို့မှာ မနေ့က (ဒီဇင်ဘာ ၁၈ရက်) စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီကနေ့မနက် ကြားရတဲ့သတင်းတွေအရ ပုဏ္ဏားကျွန်းဘက်ကို ပစ်တာဖြစ်နိုင်တယ်လို့ ယူဆရကြောင်း စစ်တွေဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“မနေ့က မနက်ကတည်းကနေ လက်နက်ကြီးတွေ ပစ်နေတာ၊ ပစ်နေတာကတော့ ဆက်တိုက် ဆက်တိုက်တော့ မဟုတ်ဘူး။ ဂျိုကြား ဂျိုကြား ပစ်တယ်။ ညကြတော့လည်း ည ၇ နာရီကျော်လောက်ကတည်းက ပစ်တာ အဝေးကြီးကို လှမ်းပစ်တာပါ။ မြို့ထဲ ပစ်တာတော့ မဟုတ်ဘူး။ ပုဏ္ဏားကျွန်း ပဒေသာဘက်ကို ကျတယ်လို့တော့ မနက်မှာ သတင်းကြားတယ်။ လူသေတယ်လို့လည်း ကြားတယ်။ ဘယ်က အဆက်အသွယ်တွေနဲ့ ဘယ်လို သတင်းရလဲတော့ မသိဘူး။ ဒီနေ့တော့ လောလောဆယ် မပစ်သေးဘူး။ ညက တစ်ညလုံး ပစ်တယ်။ အသံကျယ်တယ်။ အုန်းခနဲ အုန်းခနဲနဲ့။ မိုးကြိုးပစ်ချသလိုမျိုး အလိပ်လိပ် ပြီးတော့ သွားတဲ့ ပထမပစ်နေတုန်းက မိုးကြိုးလိုမျိုး အသံတွေလည်း ပါတယ်။ တစ်လုံးချင်း တစ်လုံးချင်းလည်း ပါတယ်။ တစ်လုံးချင်း တစ်လုံးချင်းကတော့ များပါတယ် အုန်းအုန်းနဲ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မနေ့က မနက် ၈ နာရီမှ ညနေ ၃ နာရီဝန်းကျင်အထိ စစ်တွေမြို့ ရွာကြီးမြောက်နဲ့ ကယ်ဆယ်ရေး လမ်းမမှာရှိတဲ့ တံတားပေါ်မှာ စစ်ကောင်စီတပ်တွေက အစစ်အဆေးလုပ်ခဲ့ကြောင်း သိရပါတယ်။
အဲဒီလို စစ်ဆေးတဲ့အခါမှာတော့ ဖမ်းဆီးတာမျိုး မရှိဘဲ လူမရှိတဲ့အတွက် တံခါးပိတ်ထားတဲ့ အိမ်တွေကို ဖွင့်ကြည့်ပြီး ရှာဖွေမှုတွေ လုပ်ကြောင်းလည်း သိရသည်။
စစ်တွေ ဒေသခံတစ်ဦးက “မနေ့က ညကတော့ မင်းဂံရပ်ကွက်ကို ဝင်ပြီးတော့ ညကို ထပ်ပြီးတော့ ဧည့်စာရင်း စစ်တယ် ပြောတယ်။ စစ်ပြီးသားလည်း ထပ်ခါတလဲလဲ စစ်နေတာပဲ။ NGO ရုံးတွေလည်း စစ်တယ်။ အကုန် စစ်တယ်။ မစစ်ဘူးလို့ မရှိဘူး။ ဒီနေ့မနက်ကိုတော့ ဘယ်မှာစစ်လဲ မစစ်လဲတော့ မသိသေးဘူး။ ရွာကြီးမြောက်ကို လာမယ်လို့တော့ ကြားတယ်။ ဒါလည်း ကြားပဲကြားတာ အတိအကျတော့ မသိဘူး။ စစ်တာ ဆေးတာကြတော့လည်း လူဖမ်းတာ ပြုတာလည်း သိပ်မရှိပါဘူး။ အရင်တုန်းကတော့ ဖမ်းတာ ပြုတာ ရှိတယ် အခုမရှိဘူး” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနေပြီး အာရက္ခတပ်တော်ဘက်မှ သိမ်းပိုက်ထားတဲ့ နယ်မြေ စုစုပေါင်း ၁၃ မြို့နယ်အထိ ရှိနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိတွင် အမ်းနဲ့ ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်ဘက်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်တွေနဲ့ ကျောက်ဖြူကိုလည်း မကြာခင် စစ်ရေးအခြေအနေတွေ ရောက်လာနိုင်တယ် လို့လည်း ခန့်မှန်းထားကြပါတယ်။