အာရက္ခတိုင်းမ်စ် (၂၉ ဒီဇင်ဘာ ၂၀၂၄)
အာရက္ခတပ်တော်အနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိတယ်လို့ အာရက္ခတပ်တော်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ တက်ကြွတဲ့ ဦးဆောင်မှုအောက်မှာ တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ အကြမ်းဖက်မှုများပပျောက်ရေး၊ အွန်လိုင်းလောင်းကစား (ကျားဖျင်) တိုက်ဖျက်ရေး စတာတွေကို ကိုးကန့် တအာင်း အဖွဲ့အစည်းများနဲ့အတူ “ဟိုင်ဂင်သဘောတူညီချက်” ရရှိသည်အထိ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ရက်က စတင်ခဲ့တဲ့ အာရက္ခဒေသအတွင်းက အာရက္ခတပ်တော်ရဲ့ ထိုးစစ်များကို အာရက္ခဒေသမှ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုလားတဲ့ဆန္ဒနဲ့ အာရက္ခဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်ပြီး အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် တိုက်ရိုက် အထောက်အကူပြုမယ်လို့ အကြွင်းမဲ့ ယုံကြည်တယ်လို့လည်း ပါရှိပါတယ်။
အာရက္ခတပ်တော်အနေနဲ့ အဖိနှိပ်ခံ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေတဲ့ နိုင်ငံရေးမျှော်မှန်းချက်များ တစ်လုံးတစ်ဝတည်း ရရှိစေရေးအတွက် မားမားမတ်မတ် ဆက်လက်ရပ်တည်ပြီး မြန်မာပြည်အတွင်းက တိုင်းရင်းသားညီအကိုများရဲ့ အကောင်းဆုံးသော ညီအကို မိတ်ဆွေအဖြစ် ဆက်လက် ရပ်တည်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် အာရက္ခဒေသအတွက် အကျိုးစီးပွားဖြစ်ထွန်းသော ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော မည်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုမဆို အသိအမှတ်ပြုကြိုဆိုပြီး ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းများ စီမံကိန်းများနဲ့ ရင်းနှီးမြှုပ်နှံလုက်ကိုင်ကြသောသူများရဲ့ လုံခြုံရေး အသက်အန္တရာယ်တို့ကို အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်အနေနဲ့ လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ဆက်လက်လည်ပတ်နိုင်ရေးအတွက် အဆိုပါ ကုမ္ပဏီများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် လိုလားကြောင်း ထုတ်ပြန်ပါတယ်။
1 Comment
заклепка вытяжная 4 8 заклепки стальные вытяжные