အာရက္ခတိုင်းမ်စ် (၁၂ ဇန်နဝါရီ ၂၀၂၅)
စစ်ကောင်စီရဲ့ လေယာဉ်တစ်စင်းဟာ စစ်တွေမြို့ပေါ်ကနေ ဖြတ်သန်းပြီး အနီးတဝိုက်ကို ကြဲချခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၁၁ နာရီခန့်က ၂ ကြိမ်ကြဲချသွားတာဖြစ်ပြီး ဒုတိယမြောက် ဗုံးရဲ့အရှိန်ဟာ စစ်တွေမြို့က အိမ်တွေပါ တုန်ခါမှုကို ခံစားလိုက်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“လေယာဉ်ပျံက ၁၁ နာရီ ဝန်းကျင်လောက်က လေယာဉ်ပျံသံ ကြားရတယ် စစ်တွေမြို့ပေါ်မှာ ဝဲပြီးတော့ လက်နက်ကြီးအသံ ၂ ချက် ကြားရတယ်။ ဘယ်နားကို ဗုံးကြဲသွားလဲ မပြောတတ်ဘူး။ ဗုံးတစ်ချက်ချတယ် တစ်ခါလာဝဲတယ်၊ နောက်တခေါက်ချပြီး လာဝဲပြီးတော့ အခုတော့ ပျောက်သွားပြီ။ အသံအကျယ်ကြီးပဲ အုန်းခနဲပဲ။ ပထမတချက်က မသိလိုက်မသိဘာသာ ဟိုလိုလို ဒီလိုလို။ နောက်တချက်က ခြိမ်းအကြီးကြီးပစ်တယ်။ အမြှောက်ပစ်တာမဟုတ်ဘူး။ အနီးပတ်ဝန်းကျင်လောက်ပဲ။ နောက်ဆုံးတစ်ခြိမ်းက အိမ်တွေပါတုန်သွားတာ” လို့ ပြောပါတယ်။
အတည်မပြုနိုင်သေးပေမယ့် အဲဒီ ဗုံးကြဲမှုဟာ အလယ်ဖရုံကာနဲ့ မြောက်ဦး လေညှင်းတောင်တို့ ဖြစ်တယ်လို့ ပြောဆိုနေကြကြောင်းလည်း သိရပါတယ်။
စစ်ကောင်စီဟာ အခုရက်ပိုင်းမှာ ရက္ခိုင်ပြည်ကို လေကြောင်းနဲ့ ဗုံးကြဲမှုတွေ ပိုမို ပြုလုပ်လာနေပါတယ်။
ဇန်နဝါရီ ၁၁ရက်နေ့ မနက်ပိုင်းက ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
၃ကြိမ်အတွင်း ဗုံးအရေအတွက် ၁၅လုံးခန့် ကြဲချခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီ ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ အပြစ်မဲ့ ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွားလမ်းလာ အရပ်သားပြည်သူတချို့ သေဆုံးသလို ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ပြီး ဈေးဆိုင်တန်း၊ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ သိရပါတယ်၊
ဒါ့အပြင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကို စစ်ကောင်စီက ဇန်နဝါရီ ၈ ရက်မှာ လေယာဉ်ဖြင့် ဗုံးလာကြဲသဖြင့် အရပ်သားပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒေသခံပြည်သူလူထုတွေဟာ ကြောက်လန့်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း သိရပါတယ်။