အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၅)
ရက္ခိုင်ပြည် စစ်တွေမြို့မှာ စစ်ကောင်စီရဲ့ ရေတပ်ဟာ မြို့ပေါ်ကလူတွေနဲ့ ချိတ်ပြီး စက်သုံးဆီတွေကို တင်သွင်းရောင်းချနေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါကြောင့် သင်္ဘောကမ်းမကပ်တဲ့အချိန်တွေဆို စက်သုံးဆီဈေးတွေဟာ မြင့်တက်သွားပြီး ကမ်းကပ်တဲ့ အချိန်တွေဆို ဈေးပြန်ကျနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေတပ်သင်္ဘောတွေကနေ ဆီတွေဝင်တဲ့သဘောရှိတယ်။ ရေတပ်သင်္ဘောက စက်သုံးဆီတွေကို မြို့ပေါ်က လူတွေနဲ့ ချိတ်ပြီးတော့ အရောင်းအဝယ်လုပ်တယ်။ မနေ့က တစ်နေ့လုံး ပစ်တယ်ခတ်တယ်နဲ့ ရေတပ်သင်္ဘောက ကုန်းပေါ်ကို ဆီမရောက်တော့ ချက်ချင်း ဈေးတက်သွားတယ်။ ဘယ်လောက်ပဲ ဖြစ်ဖြစ် ရေတပ်သင်္ဘောက လူတွေဆီက ဆီတွေ ထွက်လာတာလေ” လို့ ပြောပါတယ်။
ရက္ခိုင်ပြည် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ လမ်းပန်းဆက်သွယ်ရေးတွေကို ပိတ်ဆို့ထားတာ ဒီကနေ့အထိ ပြန်လည်ဖွင့်လှစ်ပေးတာ မရှိပါဘူး။
စက်သုံးဆီတွေကိုတော့ ဆီအရောင်းဆိုင်ကြီးတွေက ဖွင့်လှစ်မရောင်းချတော့တာဟာလည်း အချိန်ကာလ ကြာမြင့်နေပြီဖြစ်ပြီး လမ်းဘေးဆိုင်တွေကနေပဲ ဝယ်ယူသုံးစွဲနေရတာပါ။
တချို့ဆိုင်တွေမှာဆိုရင် အရည်အသွေးနိ့မ်တဲ့ စက်သုံးဆီတွေကို 92 ဆီအဖြစ် လိမ်လည် ရောင်းချတာတွေပါ ရှိတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ အပတ်က စက်သုံးဆီဈေးနှုန်းဟာ တစ်လီတာကို တစ်သောင်း ခြောက်ထောင်ဝန်းကျင်အထိ ပြန်လည်ကျဆင်းသွားခဲ့ပေမယ့် ဇန်နဝါရီ ၁၀ ရက်နေ့မှာတော့ ပြန်လည်ခုန်တက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ခါတိုင်းဆိုရင် မနက်က 92 တစ်လီတာကို ၂၆၀၀၀, နေ့ခင်း ၁၂ နာရီလောက်မှာ ၂၀၀၀၀ ပြန်ဖြစ်သွားတယ်။ ညနေပိုင်းကို ၂၁၀၀၀ ဖြစ်နေတယ်။ ၁၆ ကနေ ၂၀၀၀၀၊ ၂၀၀၀၀ ကနေ ၂၁၀၀၀ ဖြစ်သွားတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဲဒီလိုဈေးတက်သွားတာဟာ မနေ့က စစ်တွေမြို့မှာ ပစ်ခတ်သံတွေကြားရပြီးနောက် စစ်ကောင်စီ ရေတပ်မှာ ပါလာတဲ့ စက်သုံးဆီတွေဟာ ကုန်းပေါ်ကို မရောက်သေးတဲ့အတွက်ကြောင့်ဖြစ်ပြီး ကုန်းပေါ်ကို ရောက်ပါက ဈေးပြန်ကျသွားမှာဖြစ်တယ်လို့ သိရပါတယ်။