အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၅)
ရက္ခိုင်ပြည်ရဲ့ မြို့တော် စစ်တွေမြို့ရဲ့ ဖွဲ့စည်းပုံ အနေအထားအရ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်မယ်ဆိုရင် တိုက်ပွဲရှောင်ဖို့အတွက် မလွယ်နိုင်ဘူးလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေက ရေပတ်လည် ဝိုင်းထားတဲ့အတွက်ကြောင့် တိုက်ပွဲရှောင်ဖို့ မလွယ်သလို ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကိုသွားတဲ့ လမ်းမှာရှိတဲ့ တံတားကလည်း ချိုးဖျက်ခံထားရပြီး အဝေးပြေးလမ်းကလည်း စစ်ကောင်စီတပ်ရဲ့ နယ်မြေတွေကို ဖြတ်ရမှာဖြစ်လို့ အခက်အခဲ ရှိနေပါတယ်။
စစ်တွေမှာ ရှိနေတဲ့ လူအားလုံး တိုက်ပွဲတိမ်းရှောင်ဖို့ဆိုရင် ရေလမ်းကြောင်းက ဘယ်လိုမှ အဆင်မပြေဘူးလို့ စစ်တွေက တိုက်ပွဲရှောင်အရေး ကူညီနေတဲ့သူတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ စစ်တွေက ရေပတ်လည် ဝိုင်းထားတာပေါ့။ ထွက်ပေါက်မရှိဘူး။ ထွက်ပေါက်ဆိုတာက အဝေးပြေးကားလမ်း ပုဏ္ဏားကျွန်းကိုသွားတဲ့ လမ်းတစ်ခုပဲ ရှိတယ်။ အဲဒီလမ်းကလည်း တပ်ဧရိယာကို ဖြတ်ရမှာ။ ပြီးတော့ အဲဒီမှာ အရှည်ဆုံးတံတား မင်းချောင်းကလည်း ချိုးခံထားရတယ်။ ဘယ်လိုမှ ထွက်ပေါက်မရှိဘူး။ ဒီလောက် လူဦးရေအများကြီးပေါ့ သိန်းချီပြီး ထွက်ဖို့ဆိုတာက ရေလမ်းကနေ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကုန်းလမ်းကထွက်မှ ထွက်နိုင်မယ်။ အဲဒါကြောင့် သာမန်ပြည်သူလူထုအတွက်ကတော့ အများကြီး အခက်အခဲရှိတယ်။ လေကြောင်းက သွားတဲ့သူဆိုတာကလည်း မဖြစ်ခင်ပဲ သွားလို့ရမှာပဲလေ။ ဖြစ်ပြီဟေ့ဆိုရင် ဘယ်လိုလုပ် သွားလို့ရမှာလဲ” လို့ ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်ပြည်ရဲ့ မြို့နယ် ၁၇ မြို့နယ်ထဲမှာ ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေပဲ ကျန်နေတာ ဖြစ်ပါတယ်။
စစ်တွေမြို့မှာ အခုချိန်ထိ တိုက်ပွဲမဖြစ်သေးပေမယ့် လက်နက်ကြီးသံတွေနဲ့ အပြန်အလှန် ပစ်တဲ့အသံတွေ ပြီးတော့ လေယာဉ်ပျံသန်းတာတွေ မကြာခဏ ရှိတယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကနေစပြီး ရက္ခိုင်ပြည်ကို ကုန်းလမ်း၊ ရေလမ်းအားလုံး ဖြတ်တောက်ထားတာကြောင့် စစ်တွေဒေသခံတွေက အလုပ်လက်မဲ့တွေ များလာနေတဲ့အတွက် တိုက်ပွဲရှောင်ဖို့ အခက်အခဲ ရှိနိုင်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ခက်ခဲနိုင်တယ်၊ ခက်ခဲနိုင်တယ်ဆိုတာက သူတို့လည်း ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီက လမ်းပိတ်မှာပဲ။ တစ်ဖက်ကတော့ ဖောက်မှာပဲ လမ်းပွင့်အောင်တော့။ တစ်လမ်းတည်းတော့ သွားလို့မရဘူး လူများနေပြီဆိုတော့လေ။ ရန်ကုန်သွားတဲ့သူကလည်း သွားသလို ပြန်လာတဲ့သူကလည်း ရှိနေတယ်။ လက်ရှိ နေနေတဲ့သူတွေကလည်း မရှိဆင်းရဲသားတွေက များတယ်။ လက်လုပ်လက်စားတွေက များတယ်ဆိုတော့ ဖောက်ပေးတဲ့လမ်းက တစ်ပေါက်တည်းနဲ့တော့ ရမှာ မဟုတ်ဘူး။ နောက်တစ်ပေါက် ဖောက်ပေးတယ် သွားကြဟေ့ဆိုရင် အကုန်လုံးက အလုအယက် ထွက်ပြီးတော့ ပြေးကြမှာပဲ။ ပြေးလို့ နောက်ပိတ်ဆုံး ကိုယ်ထွက်မနိုင်တဲ့အခါကျရင် လုံခြုံမယ်ထင်တဲ့ နေရာလေးတွေမှာပဲပေါ့နော် အဲဒီလိုပဲ ပုန်းကွယ်ပြီးတော့ နေရမယ့်ပုံစံမျိုး။ သဘောကတော့ သူတို့က ဝင်လာပြီဆိုလည်း ပင်လယ်ချောင်းဘက်ကပဲ ဝင်လာမှာပဲဆိုတော့ မြို့ထဲ ကမ်းနားဘက်ကပဲ တက်လာမလား၊ သို့တည်းမဟုတ်ဘဲနဲ့ ရေလမ်းဘက်ကပဲ တက်လာမလားဆိုတာ မှန်းဆလို့ မရဘူးလေ။ ပြောင်းရွှေ့ဖို့ ဆိုတာကလည်း မောင်တောမြို့ထဲမှာလိုပဲ ဟိုနားရွှေ့၊ ဒီနားရွှေ့ နေကြတယ်ဆိုသလိုမျိုး စစ်တွေလည်း ဟိုနားရွှေ့၊ ဒီနားရွှေ့ နေရမှာလားပေါ့နော်။ သို့တည်းမဟုတ်ဘဲနဲ့ ကိုယ့််အိမ်ထဲမှာပဲ နေရမှာလား။ အဓိကတော့ အန်တီတို့မှာက စိုးရိမ်စရာဆိုလို့ ယောကျာ်းတွေလည်း မရှိဘူးပေါ့နော်” လို့ ပြောပါတယ်။
စစ်တွေမှာ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ငွေကြေးတတ်နိုင်တဲ့သူတွေက လေကြောင်းနဲ့ ရန်ကုန်မြို့ကို ကြိုတင်ပြီး တိမ်းရှောင်ထားကြတဲ့သူတွေရှိသလို ရက္ခိုင်ပြည်ပြင်ပမှာ အခက်အခဲရှိတာကြောင့် စစ်တွေကို ပြန်လာနေကြတဲ့ သူတွေလည်း ရှိနေပါတယ်။
လက်ရှိ စစ်တွေမှာတော့ စစ်ကောင်စီက တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မြို့ပတ်ဝန်းကျင်က ရွာ ၁၂ ရွာက လူတွေကို ရွာလုံးကျွတ် နှင်ထုတ်ပြီး ခံစစ်ပြင်နေတာတွေ လုပ်နေတယ်လို့ သိရပါတယ်။