အာရက္ခတိုင်းမ်စ် (၄ မေ ၂၀၂၅)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအချိန်အထိ စစ်ကောင်စီက သတင်းသမား ၂၀၀ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။
ယခုအချိန်အထိ နိုင်ငံတဝှမ်းမှာရှိတဲ့ အကျဥ်းထောင်တွေမှာ သတင်းသမား ၄၇ ဦး အကျဥ်းကျခံနေတာဖြစ်ပြီးတော့ စစ်ကောင်စီရဲ့ လက်ချက်နဲ့ သတင်းသမား ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှာစပြီးတော့ ယနေ့အထိ ၄ နှစ်ကျော် ကာလအတွင်းမှာ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားများအား ဖမ်းဆီးထိန်းသိမ်းမှုက ဒုတိယအများဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။
နယ်စည်းမထားသတင်းထောက်များအဖွဲ့ (Reporter Without Border-RSF) က ထုတ်ပြန်ထားတဲ့ ၂၀၂၅ ခုနစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းများအရ နိုင်ငံပေါင်း ၁၈၀မှာ မြန်မာနိုင်ငံက အဆင့် ၁၆၉ မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သတင်းသမားများကာကွယ်ရေးကော်မတီ (Committee to Protect Journalists – CPJ) ၏ ၂၀၂၅ ခုနှစ် အချက်အလက်များအရ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားများ ဖမ်းဆီးခံရမှု တတိယအများဆုံး နိုင်ငံဖြစ်တာကိုလဲ သိရပါတယ်။
သတင်းသမားများကို ဖမ်းဆီးတာတွေ သတင်းရယူပိုင်ခွင့်ကို နည်းမျိုးစုံနဲ့ တားဆီးပိတ်ပင်တာတွေက ပြည်သူတို့ရဲ့ နားမျက်စိတွေကို ပိတ်ပင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်ဖြစ်တယ်လို့ လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က မေ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) အနေနဲ့ ယနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) မှာ ဖမ်းဆီးထားတဲ့ သတင်းထောက်များ အမြန်ဆုံး ပြန်လည်လွှတ်ပေးရန်တိုက်တွန်း တောင်းဆိုထားတာကို သိရပါတယ်။