အိန္ဒိယက မှတ်ပုံတင်သိမ်းထားလို့ မြန်မာစစ်ရှောင်တွေ စိုးရိမ်

အာရက္ခတိုင်းမ်စ် (၃၀ မေ ၂၀၂၅)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေရဲ့  မြန်မာနိုင်ငံသား မှတ်ပုံတင်ကဒ်တွေကို ပြည်နယ်အစိုးရအဖွဲ့က သိမ်းဆည်းသွားတယ်လို့ မီဇိုရမ်ပြည်နယ်ကိုရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။

မှတ်ပုံတင်ကဒ် တင်ပြနိုင်ခြင်းမရှိတဲ့ သူတွေကို လာရောက်အပ်နှံဖို့ ညွှန်ကြားထားပြီး မှတ်ပုံတင်ကဒ် လာရောက်မအပ်ဘဲ ပျက်ကွက်ခဲ့ရင် ပျက်ကွက်ခဲ့တဲ့ မြန်မာစစ်ဘေးရှောင်တွေကို ဆက်လက်နေထိုင်ခွင့် ပြုပေးတော့မှာ မဟုတ်ဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီလို အိန္ဒိယအစိုးရက မှတ်ပုံတင်ကဒ် သိမ်းတဲ့အပေါ်မှာ အိန္ဒိယက စစ်ကောင်စီနဲ့ချိတ်ဆက်ပြီး စစ်ကောင်စီလက်ထဲ ပြန်အပ်လိုက်မှာကို စိုးရိမ်နေတယ်လို့ တိုက်ပွဲရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ တကယ်လို့များ မှတ်ပုံတင်သိမ်းပြီး စကစ က အိန္ဒိယမှာ ဘယ်လောက်ရှိတယ်၊ ဘယ်မှာ ဘယ်လောက်ရှိတယ် အဲဒီလူတွေ ပြန်ပို့ဆိုရင်တော့ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရနဲ့ ချိတ်ဆက်ပြီးမှ လုပ်ရင်တော့ ဒုက္ခရောက်နိုင်တာပေါ့။ သူတို့က နေလို့လည်း ရမှာမဟုတ်သလို ပြီးရင် သူတို့ကို အစိုးရက ဝရမ်းပြေးတို့ဘာတို့၊ မလိုအပ်တဲ့အခါ မြန်မာပြည်ကို ပြန်ခိုင်းတာတို့၊ မပြန်ရင် ကြောက်နေရင်တော့ အဲဒီလို ရှိသွားနိုင်တယ်။ နောက်ပြီးတော့ သူတို့ကိုယ်တိုင်လည်း ပုန်းကွယ်နေရတဲ့အခါမှာ အလုပ် လုပ်လို့မရဘူး။ အလုပ် လုပ်လို့ မရတဲ့အခါမှာ သူတို့အတွက် နေရေးထိုင်ရေးနဲ့ စားဝတ်နေရေး အားလုံးကအစ စိတ်လုံခြုံရေးက ဒုက္ခရောက်မှာပေါ့” လို့ ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာရှိတဲ့ မြန်မာတိုက်ပွဲရှောင်တွေထဲမှာ ရက္ခိုင်၊ ဗမာနဲ့ ချင်းတွေ ပါဝင်ပေမယ့် ချင်းတိုင်းရင်းသားတွေက အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

အဓိကအားဖြင့် ပလက်ဝနဲ့ ထန်တလန်က ချင်းတိုင်းရင်းသားတွေ ပိုများတာ ဖြစ်ပါတယ်။

“ မီဇိုရမ်မှာဆိုရင် ကျနော်တို့ ဒီဘက်က ပလက်ဝနယ်ဘက်ကဆိုရင်တော့ ခူမီးတွေပါမယ်။ ဟိုဘက်ကဆိုလို့ရှိရင် ချင်းအားလုံး တမူးဘက်က သွားရေးလာရေး ရှိတယ်။ ထန်တလန်ဘက်က သွားတဲ့လမ်းရှိတယ်ဆိုတော့ အဲဒီမှာတော့ ကျနော်တို့ ဟားခါးဘက်က များမှာ။ ဒီဘက်က ပလက်ဝပါမယ်။ ပလက်ဝမှာနေတဲ့ ရက္ခိုင်တွေ ပါမယ်ပေါ့။ ဒီဘက် ပလက်ဝဘက်ကဆိုရင် ပလက်ဝဘက်ကတော့ နယ်စပ်ကူးလိုက်ရင် ဟိုဘက်ကမ်း ဒီဘက်ကမ်းဆိုလို့ရှိရင် အိန္ဒိယနယ်ဘက်ကို။ ပလက်ဝဘက်က ရှိတယ်။ တမူးဘက်က ရှိတယ်။ ထန်တလန်ဘက်က ရှိတယ်။ နောက်ပြီးတော့ မတူပီဘက်က အဲဒီလို တောက်လျောက် နယ်စပ်ဆိုတော့လေ ချင်းတွေ များမယ်။ ပလက်ဝဆို ရက္ခိုင်တချို့တော့ ပါမယ်။ တချို့တော့ ဗမာတွေလည်း တချို့တလေတော့ ပါမှာပေါ့။ အများအားဖြင့် ၉၀ ရာခိုင်နှုန်းကတော့ ချင်းပါပဲ” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရအဖွဲ့က အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို နယ်စပ်ကနေ စောင့်ပြီး မှတ်ပုံတင်ကဒ်တွေကို လိုက်သိမ်းနေတာပဲ ဖြစ်ပါတယ်။

အဲဒါအပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း အိန္ဒိယအစိုးရက တရားမ၀င် ကျူးကျော်၀င်ရောက်တဲ့သူတွေကို ဖမ်းဆီးပြီး ဝင်ရောက်လာတဲ့လမ်းကြောင်းအတိုင်း ပြန်လည်မောင်းထုတ်ရမယ်ဆိုပြီး အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ