သက်ငယ်မုဒိန်းကျူးလွန်သူကို အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ မြောက်ဦးလူငယ်များအစည်းအရုံး တောင်းဆို

အာရက္ခတိုင်းမ်စ် (၁ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှုတွင် ကျူးလွန်သူကို အာရက္ခတပ်တော် အနေနဲ့ အကြီးမားဆုံး ပြစ်ဒဏ်ကို ချမှတ်ပေးဖို့ မြောက်ဦးလူငယ်များအစည်းအရုံး အမျိုးသမီးရေးရာကော်မတီက တောင်းဆိုလိုက်ပါတယ်။

အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူ အမျိုးသမီးငယ်ကို အသက် ၆၉ နှစ်အရွယ် ဘုန်းတော်ကြီး စန္ဒိမာ၊ လူအမည် ဦးစိန်လှထွန်းက ဓမ္မာရုံအတွင်း အတင်းအဓမ္မပြုကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။

“ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ တရားစီရင်တဲ့အခါတွင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပြီး နောက်ထပ် လူတဦးတယောက်ကမှ ထပ်မကျူးလွန်ဝံ့အောင် အကြီးမားဆုံးပြစ်ဒဏ်ကို ချမှတ်ပေးဖို့ တောင်းဆိုပါတယ်” လို့ မြောက်ဦးလူငယ်များအစည်းအရုံး အမျိုးသမီးရေးရာကော်မတီက ဆိုပါတယ်။

အလားတူ ကျူးလွန်ခံရတဲ့ ကလေးနဲ့မိသားစုအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များနဲ့ လုံခြုံရေးကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုကို လုပ်ဆောင်ပေးဖို့လည်း ထည့်သွင်းစဥ်းစား လုပ်ဆောင်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ထို့ပြင် အခုလို ဖြစ်ရပ်များဟာ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးတွင် လိုအပ်ချက်များ ရှိနေသေးတာကို မီးမောင်းထိုးပြတဲ့ ဖြစ်ရပ်တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

သက်ငယ်မုဒိန်းကျူးလွန်ခြင်းဟာ ကလေးသူငယ်အတွက် အခွင့်အရေး၊ လွပ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ လူ့ဂုဏ်သိက္ခာကို ဆုံးရှုံးရတဲ့ ဖြစ်ရပ်ဆိုးပြစ်မှုတခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Related posts

အစိုးရသစ်အပေါ် တရုတ်ရဲ့ ဗမာပြည်မဟာဗျူဟာ ဘယ်လိုဖြစ်လာနိုင်လဲ

သံတွဲမြို့ကို စကမ ဗုံးကြဲ

မောင်တောတွင် နီပါးရ်ကာကွယ်ရေး အသိပညာပေးတွေ လုပ်ဆောင်နေ