အာရက္ခတိုင်းမ်စ် (၂၂ ဩဂုတ် ၂၀၂၅)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ သူခိုးတွေ အရင်ကထက် ပိုပြီး သောင်းကျန်လာနေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ တကျော့ပြန်တိုက်ပွဲ ပြန်ဖြစ်တဲ့ ကာလနောက်ပိုင်း စစ်တွေက ရက္ခိုင်တိုင်းရင်းသားနေထိုင်တဲ့ ကျေးရွာ ၂၀ ကျော်ကို စစ်ကော်မရှင်က ရွာလုံးကျွတ် နှင်ထုတ်ခဲ့တာ ရှိပါတယ်။
စစ်တွေဒေသခံတချို့ဟာ နှင်ထုတ်ထားတဲ့ ကျေးရွာတွေက နေအိမ်တွေနဲ့ တချို့သော လူမရှိတဲ့ နေအိမ်တွေကို ဖြိုဖျက်ပြီး ထင်းအဖြစ် ရောင်းချခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိမှာ ဖြိုဖျက်ဖို့ အိမ်တွေ မရှိတော့တာ၊ ဖြိုဖျက်လို့ မရတော့တဲ့ အခြေအနေတွေကြောင့် ပစ္စည်းခိုးတာတွေကို လုပ်လာကြတာကြောင့် သူခိုးတွေ သောင်းကျန်းလာနေတာ ဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
” အရင်တုန်းကထက် သောင်းကျန်းတယ်ဆိုတာက အရင်က သူတို့ဘာသာသူတို့ မသိမသာ အိမ်တွေကို ဖျက်တာပဲ ရှိတာ။ အခုဟာက ဖျက်မယ့်အိမ်တွေလည်း မရှိတော့ဘူးလေ အနီးတဝိုက်မှာ။ ဖျက်လို့ရှိရင်လည်း ရပ်ကွက်ထဲမှာ နေကြတဲ့သူတွေ အချင်းချင်း တားကြတာပေါ့။ ဘာလို့ဖျက်တာလဲ ဘာညာ အဲဒီလိုမျိုး ပြောကြတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း ဖျက်လို့ရှိရင် လာတားတာတို့ ရှိတော့ ခိုးတာပြုတာတွေ လုပ်ကြတယ်။ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် စက်ဘီး၊ ဆိုင်ကယ်ပြင်တဲ့အချိန်မှာ မီးစက်နှိုးထားတယ်။ ဆိုင်ကယ်ပြင်ရင်းနဲ့ အားသွင်းထားတယ်။ ဖုန်းအားသွင်းထားတယ်။ အဲဒါကို ဟိုလိုလို ဒီလိုလိုနဲ့ အသိလိုလို ဘာလိုလိုပုံစံနဲ့ ဖုန်းဖြုတ်သွားတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ သူခိုးတွေဟာ ဆိုင်အတွင်းက ပစ္စည်းတွေကို ခိုးယူတာတွေအပြင် နေအိမ်တွေကို ဖောက်ထွင်းပြီး ဖုန်းတွေနဲ့ စက်ဘီးတွေကိုလည်း ခိုးလာနေကြတာ ဖြစ်ပါတယ်။
စစ်တွေဒေသခံတစ်ယောက်က “ စက်ဘီးတွေ ဘာတွေ ခိုးသွားတယ်လည်း ပြောတယ်။ စက်ဘီးတွေ ပါသွားတယ်။ အိမ်မှာ အိပ်နေရင်းနဲ့ လူရှိတယ်ပေါ့နော်။ စက်ဘီးတွေ ခိုးတယ်။ အိမ်ဖောက်ပြီးတော့ ခိုးတာပေါ့ သဘောတော့ စက်ဘီးပါသွားတယ်။ ပြီးလို့ရှိရင် ဖုန်းတွေကို တံခါးဘေးကနေပြီးတော့ လှမ်းမမှီတော့ ခိုးနေရင်းတန်းလန်းနဲ့ အောက်မှာ တန်းလန်းကြီး ပြုတ်ကျန်ခဲ့တယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာ စစ်တွေကို ရက္ခိုင်ပြည်ပြင်ပကို ထွက်ခွာပြီး တိုက်ပွဲတိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံတွေဟာ စစ်တွေကို ပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ကြောင့် စစ်တွေမြို့မှာ ဖုန်းဆိုင်တွေ၊ ကုန်စုံဆိုင်တွေနဲ့ တခြားသော ကုန်ပစ္စည်း အရောင်ဆိုင်တွေ ပြန်လည်ဖွင့်လှစ်နေကြပြီ ဖြစ်ပါတယ်။