စစ်တွေမှာ ထင်းအစား လောင်စာတောင့်ကို အသုံးပြုလာနေကြ

အာရက္ခတိုင်းမ်စ် (၃၀ ဩဂုတ် ၂၀၂၅)

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ထင်းတွေဟာ အဖမ်းအဆီးတွေနဲ့ တင်းကြပ်မှုတွေကြောင့် ရှားပါးလာနေတဲ့အတွက် ထင်းအစား လောင်စာတောင့်တွေကို ပြောင်းလဲအသုံးပြုလာနေကြတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လောင်စာတောင့်ဟာ ထင်းနဲ့ မီးသွေးတို့ထက် ဈေးလည်းပိုသက်သာတဲ့အပြင် ပိုလည်းအသုံးခံတာကြောင့် လောင်စာတောင့်ကိုပဲ ပြောင်းလဲအသုံးပြုလာကြတာဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရန်ကုန်ကလာတဲ့ ‌လောင်စာတောင့် ထိပ်တန်းလောင်စာဘူးတွေနဲ့သုံးတယ်။ အဲဒီလောင်စာဘူး တစ်ဘူးကို တစ်သောင်း ရှစ်ထောင်၊ နှစ်သောင်း။ ထင်း ၄ ချောင်းပဲပါတာကို ၁၅၀၀ လေ။ ဟိုအတောင့်ကကြ မီးသွေးသုံးသလိုမျိုးလေ။ ကိုယ်တွေကြတော့ မိသားစုနည်းတဲ့လူတွေကြတော့ အဲဒီအတောင့်နဲ့အဆင်ပြေတယ်။ ထင်းနဲ့ကြတော့ ထင်း ၄ ချောင်းကိုမှ ၁၅၀၀ ပေးရတယ်ဆိုတော့ အဲဒီ ၄ ချောင်းနဲ့က ထမင်းရော ဟင်းရော မကျက်လောက်ဘူးလေ။ ဘူးတစ်ဘူးကို အတောင့် တစ်ရာပါတယ်။ အဲဒီဘူးတစ်ဘူးကို အိမ်မှာ လူနည်းစုဖြစ်တဲ့အတွက် ၁၂ ရက်လောက်သုံးရတယ်” လို့ သူက ပြောပါတယ်။

မြို့ပေါ်မှာ ရှိတဲ့ လူမနေတဲ့အိမ်တွေကို ဖြိုဖျက်ပြီး ထင်းအဖြစ် ရောင်းစားကြတာဖြစ်ပါတယ်။

လက်ရှိမှာ ဖြိုဖျက်စရာ လူမနေတဲ့အိမ်တွေဟာလည်း မကျန်ရှိတော့တဲ့အပြင် အဲဒီလိုပြုလုပ်နေတာ တွေကိုလည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ပိုမိုတင်းကြပ်လာတာကြောင့် ထင်းတွေဟာ ရှားပါးလာနေတာပါ။

ဒါ့အပြင် မီးသွေးအိတ်ဈေးတွေဟာလည်း မြင့်တက်လာနေတဲ့အတွက် လောင်စာတောင့်ကို သုံးတာဟာ လူနည်းစု အိမ်တစ်အိမ်အတွက် ငွေကျပ် နှစ်သောင်းခန့် သက်သာကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“၁၂ ရက်မှာ တစ်ဘူးကုန်တယ်ဆိုရင် တစ်လမှာ ၃ ဘူးလောက်မသွားဘူးလား။ ၃ ဘူးထက်တော့ နည်းနည်းတော့ ပိုမှာပေါ့။ ၃ ဘူးဝယ်ထားရင် တစ်လစာအတွက် ဖူလုံတာပေါ့။ ၃ ဘူးဆိုရင် ၆ သောင်းဖြစ်သွားပြီ။ အခုမီးသွေးတစ်အိတ်ကို ၄၀၀၀၀ ထားလိုက်၊ ၃၈၀၀၀ ဆို ၄၀၀၀၀ ပဲ။ ၄၀၀၀၀ ဆို မီးသွေး ၂ အိတ်ကုန်မယ်။ မီးသွေး ၂ အိတ်ကုန်မယ်ဆိုတော့ အတောင့်က ကိုယ်တွေအတွက်ကို ပိုက်ဆံပိုသက်သာတယ်လေ ၂၀၀၀၀ သက်သာတယ်လေ” လို့ သူက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့မှာ အလုပ်အကိုင်မရှိ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် ဒေသခံတချို့ဟာ အိမ်တွေကို ဖြိုရောင်းပြီး စားသောက်နေရတာပါ။

တစ်ဖက်ဝယ်ယူသူတွေကလည်း အဓိကအားဖြင့် ထင်းလုပ်လို့ရတဲ့ သစ်သားအိမ်တွေကိုသာ ဝယ်ယူကြပြီး အိမ်အခြေအနေပေါ်မူတည်ကာ ၅ သိန်းကနေ ၉ သိန်းကျပ်အထိ ပေါက်ဈေးရှိပါတယ်။

တချို့ရပ်ကွက်တွေမှာတော့ အုပ်ချုပ်ရေးမှူးတွေက တာဝန်ယူ ထောက်ခံမပေးတာကြောင့် ရောင်းချလို့ မရပေမယ့် လက်ရှိအခြေအနေမှာတော့ ရောင်းချစရာ သစ်သားအိမ်တွေဟာလည်း ရှားပါးသွားပြီလို့ သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ