ရက္ခိုင်ဒေသကို တည်ဆောက်ရာမှာ ဘယ်လိုအဖွဲ့အစည်းကိုမှ ဘေးဖယ်ထားလို့ မရဘူးလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

အာရက္ခတိုင်းမ်စ် (၂၃ စက်တင်ဘာ ၂၀၂၅)

အာရက္ခတပ်တော် AA အနေနဲ့ ရက္ခိုင်ဒေသကို စနစ်တကျနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်ရေးတွေ တည်ဆောက်မယ်ဆိုရင် ဘယ်လို အဖွဲ့အစည်းကိုမှ ဘေးဖယ်ထားလို့ မရဘူးလို့ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

လက်ရှိမှာ အာရက္ခဒေသရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပညာရေး စတဲ့ ကဏ္ဍတွေ အပါအဝင် ကဏ္ဍပေါင်းစုံမှာ မွတ်ဆလင်လူမျိုးတွေကို နေရာပေးထားတာတွေ ရှိပါတယ်။

စစ်ရေးမှာ မွတ်ဆလင်တွေကို သူတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်တွေ လူကြီးတွေရဲ့ ထောက်ခံချက်နဲ့သာ ဝင်ရောက်ခွင့်ပြုထားပြီး အတင်းအဓမ္မ စုဆောင်းတာမျိုး လုပ်ဆောင်တာ မရှိဘူးလို့ ဆိုပါတယ်။

သို့ပေမယ့် ယခင်က အာရက္ခတပ်တော်ထဲကို ဝင်ရောက်လာကြတဲ့ မွတ်ဆလင်တချို့ဟာ လက်နက်ယူပြီး ထွက်ပြေးခဲ့ကြတဲ့ ဖြစ်စဥ်တွေ ရှိခဲ့တာကြောင့် လက်ရှိမှာ ယုံကြည်မှုကို အရင်တည်ဆောက်နေရတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင််က ပြောပါတယ်။

ရက္ခိုင်ဒေသကို တည်ဆောက်ရာမှာလည်း နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်ပြီး လူတစ်ယောက်အနေနဲ့ရော နိုင်ငံသားတစ်ယောက်အနေနဲ့ရော မြင်နိိုင်အောင် ကြိုးစားသွားရမှာ ဖြစ်တယ်လို့ အာရက္ခတပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ပြောပါတယ်။

“ ရက္ခိုင်ဒေသကို စနစ်တကျနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အုပ်ချုပ်ရေးတွေ တည်ဆောက်မယ် တိုးတက်မှုတွေ ဖန်တီးမယ်ဆိုရင် ဘယ်လိုအဖွဲ့အစည်းကိုမှ ကျနော်တို့ ဘေးဖယ်ထားလို့မရပါဘူး။ ကျနော်တို့ ဖယ်ထားဖို့လည်း အစီအစဥ် မရှိပါဘူး။ ဆိုတော့ နိုင်ငံသားအခွင့်အရေးကို ပြောရင်းနဲ့ လူတစ်ယောက်အနေနဲ့လည်း မြင်နိုင်ရမယ် နိုင်ငံသားတစ်ယောက်အနေနဲ့လည်း မြင်ရမယ် ဒီဟာ ၂ ခုကို ထပ်တူကျအောင် ကျနော်တို့ တဖြည်းဖြည်းနဲ့ ကြိုးစားသွားရမှာဖြစ်တယ်” လို့ ပြောပါတယ်။

ဒါပေမယ့် တခြားတစ်ဖက်မှာ မွတ်ဆလင်တွေအပေါ် အာရက္ခတပ်တော်က လူ့အခွင့်အရေး ချိုးဖောက်တယ် လူမျိုးတုန်း သတ်ဖြတ်ပါတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွေက စွပ်စွဲ တရားစွဲဖို့ လုပ်နေတာတွေ ရှိနေတာကြောင့် မွတ်ဆလင်အရေးနဲ့ ပတ်သက်ပြီး ဖြေရှင်းရာမှာ ပိုပြီး ခက်ခဲနေတာ ဖြစ်ပါတယ်။

ဒီပြဿနာတွေ ပြေလည်အောင် ဖြေရှင်းဖို့ဆိုရင် လူ့အခွင့်အရေးဆိုတာထက် နိုင်ငံသားအခွင့်အရေး မမျှတမှုတွေကို ဖြည်းဖြည်းချင်း ဖြေရှင်းရမှာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

“ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ပြောတာထက် နိုင်ငံသားအခွင့်အရေး မမျှတမှုတွေကို ဖြည်းဖြည်းချင်း ဖြေရှင်းရမယ် ပြီးမှ ဒီအပြင်ကနေ တောက်လျှောက် လှုံ့ဆော်နေတဲ့ဟာတွေကို လှုံ့ဆော်နေတဲ့ဟာတွေ စွပ်စွဲနေတဲ့ဟာတွေ တိုက်ခိုက်မှုတွေ ရှိနေသရွေ့တော့ ဒီပြဿနာတွေက ပြေလည်အောင် ဖြေရှင်းဖို့ တော်တော်လေး ခက်ပါလိမ့်မယ်” လို့ ပြောပါတယ်။

အခုဆိုရင် အာရက္ခတပ်တော်ဟာ စစ်ကော်မရှင်တပ်အပြင် အကြမ်းဖက် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ARSA နဲ့ RSO တို့ရဲ့ တိုက်ခိုက်မှုနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ရက္ခိုင်ပြည်မှာရှိတဲ့ မွတ်ဆလင်တွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်ကြပေမယ့်လည်း ရက္ခိုင်ပြည် ပြင်ပနဲ့ ရက္ခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေမှာရှိနေတဲ့ မွတ်ဆလင်တွေဟာ ARSA၊ RSO တို့ရဲ့ လုပ်ရပ်တွေကြောင့် စိတ်သဘောထားတွေ ကွဲလွဲနေကြတာလည်း ဖြစ်ပါတယ်။

Related posts

မရဏ နာရီ (ပထမပိုင်း) 

ဇန်နဝါရီလ တလအတွင်း ရက္ခိုင်တွင် စစ်သုံ့ပန်း ၃၄ ဦးဖမ်းမိ အလင်းဝင်သူ ၂ ဦးရှိ

တော်လှန်ရေးပန်းတိုင်ရောက်အောင် အားလုံးဝိုင်းကြိုးစားရအောင်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လပြော