အာရက္ခတိုင်းမ်စ် (၂၆ စက်တင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် မောင်တောမြို့နယ်မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် စိမ့်ဝင်လာတဲ့ အကြမ်းဖက် မူဆလင် လက်နက်ကိုင်တွေဖြစ်တဲ့ ARSA နဲ့ RSO အဖွဲ့ဝင်တချို့ဟာ အာရက္ခတပ်တော် (AA) ရဲ့တပ်စခန်းတခုကို စက်တင်ဘာလ ၁၈ ရက်နေ့ ညအချိန် ရန်စတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ပြောဆိုထားပါတယ်။
AA က အဲဒီစခန်းကို ရက်ပိုင်းအတွင်း ပြန်လည်သိမ်းယူခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးပါ တခါတည်း ဆောင်ရွက်ရာမှာ အဲဒီ အကြမ်းဖက် စစ်သွေးကြွ မူဆလင် လက်နက်ကိုင်တွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းသို့ ပြန်လည် ဆုတ်ခွာသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ARSA တပ်ဖွဲ့တွေ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဆုတ်ခွာသွားတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခု ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာတခုဖြစ်တဲ့ ဖေ့ဘုတ်ပေါ် ပျံ့နှံနေတာ တွေ့ရပါတယ်။
AA က နယ်မြေရှင်းလင်းရေ ဆောင်ရွက်စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေ ရှိခဲ့ပြီး အကျအဆုံးများတဲ့ အဲဒီ အကြမ်းဖက်သမားတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အဲဒီ အခြေအနေ အသေးစိပ်ကို သိရဖို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို အာရက္ခတိုင်းက ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ARSA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း နယ်စပ် မိုင်တိုင် ၅၂ နဲ့ ၅၇ ကြားမှာ စခန်းကြီးငယ်တွေနဲ့ စစ်သင်တန်းကွင်းတွေ ဖွင့်ပြီး အခြေချထားတာ ဖြစ်တယ်လို့ အဲဒီ အခြေအနေကို သိတဲ့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက လက်သပ်မွေးထားတာ ဖြစ်သလို လိုအပ်တဲ့ လက်နက်ရိက္ခာတွေကို သူတို့ ကိုယ်တိုင် သယ်ယူပိုဆောင်ပေးမှုတွေလည်း ရှိနေတယ်လို့ အဲဒီဒေသခံက အခုလို ပြောပါတယ်။
“ ARSA တွေက ဒီဘက်မှာ နေတာပါ။ သူတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်က မွေးစားထားတာ။ သူတို့က ဘယ်လိုပြောရမလဲ မိုင်တိုင် ၅၂ ကနေ ၅၇ အတွင်းမှာ စခန်းကြီးတွေ ချပြီးတော့ သင်တန်းကွင်းတွေနဲ့ အများကြီးပဲ” လို့ သူက ပြောပါတယ်။
မိုင်တိုင် ၅၂ နဲ့ ၅၇ ကြားမှာ အကြမ်းဖက် စစ်သွေးကြွ မူဆလင် လက်နက်ကိုင် အင်အား ၄၀၀၀ ဝန်းကျင်ရှိတယ်လို့လည်း အဲဒီဒေသခံက ဆိုပါတယ်။
ဒါပေမယ့် အဲဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး အာရက္ခတိုင်းသတင်းဌာနက သီးခြား အတည်မပြုနိုင်သေးပါဘူး။
“ ARSA အင်အား ၄၀၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရတယ်။ သူတို့ (ဘင်္ဂလားဒေ့ရှ်အာဏာပိုင်) ကိုယ့်ကားနဲ့ လက်နက်တွေ ရိက္ခာတွေကို ပြောင်းပေးနေတာ။ တိုက်ဖို့ခိုင်းတာကလည်း ဒီဘက်က BGB တွေက ခိုင်းတာ” လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
မောင်တောမြောက်ပိုင်း နယ်စပ်မှာ အေအေရဲ့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် အကြမ်းဖက် စစ်သွေးကြွ မူဆလင် လက်နက်ကိုင်တွေ သေဆုံးဒဏ်ရာရရှိမှု အများအပြားရှိခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေရဲ့အဆိုအရ သိရပါတယ်။
အဲဒီ ဒဏ်ရာရရှိသွားသူတွေကို နီးစပ်ရာ ဆေးရုံဆေးခန်းတွေမှာ ဆေးကုသပေးနေသလို ဒဏ်ရာ ပြင်းထန်သူတွေကိုတော့ ကော့စ်ဘဇားနဲ့ စစ်တကောင်းဆေးရုံအထိ ယူဆောင်သွားတယ်လို့ သိရပါတယ်။
1 Comment
заклепка алюм вытяжная заклепка вытяжная алюм сталь