အာရက္ခတိုင်းမ်စ် (၃ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် မင်းပြားမြို့နယ် ငပြီအင်းရွာတွင် နိုငဝင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက သက်ကြီးရွယ်အိုတဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“ သူက မနက် ၈ နာရီလောက်မှာ သူ့အုန်းခင်း (ဓနိတော) ကို သွားတာ၊ နေ့လည် ထမင်းစားချိန်ထိ ပြန်မလာလို့ သွားရှာကြတာ။ အဲဒီမှာ အုန်းတောနားက ချောင်းမှာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်” လို့ မင်းပြားမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရေနစ်မြုပ် သေဆုံးသွားသူမှာ ရက္ခိုင်ပြည် မင်းပြားမြို့နယ် ငပြီအင်းရွာနေ အသက် ၇၈ နှစ်အရွယ် ဦးလှသာ ဖြစ်တယ်လို့ သိရပါတယ်။
ဦးလှသာရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့မှာ သင်္ဂြိုလ်သွားမယ်လို့လည်း သိရပါတယ်။
ယခုနှစ် မိုးရာသီအတွင်း ရက္ခိုင်ပြည်တွင် ရေနစ်သေဆုံးသူ ဦးရေ ၄၂ ယောက် အထိ ရှိလာနေပြီလို့လည်း သိရပါတယ်။
Photo – APM