အာရက္ခတိုင်းမ်စ် (၁၀ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလကတည်းက ပိတ်မိနေတဲ့ ခရီးသည်တွေဟာ အခုအချိန်အထိ ကျောက်ဖြူမြို့ပြင်ပကို ထွက်ခွာခွင့် မရကြသေးဘူးလို့ ကျောက်ဖြူဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဲဒီပိတ်မိနေသူတွေဟာ နယ်မှ ဒေသခံတွေက ကျောက်ဖြူမြို့ကနေတဆင့် ပြည်ပနိုင်ငံကို အလုပ်သွား လုပ်လိုသူတွေ ပြည်ပနဲ့ ပြည်မတို့ကတဆင့် ရက္ခိုင်ကို ပြန်လာရာမှာ ကျောက်ဖြူမြို့မှာ သောင်တင်နေသူတွေ နယ်ကနေ မြို့ထဲကို လာရောက်အလုပ်လုပ်ကိုင်ပြီး ပွဲစားဖြင့် မိမိနေရပ်ကို ပြန်လိုသူတွေ ပါဝင်ကြောင်း သိရပါတယ်။
လက်ရှိမှာ ပိတ်မိနေတဲ့ ခရီးသည်ဦးရေဟာ ၃၀၀ ကျော်ရှိပြီး လှေနဲ့ ခိုးထွက်ပြေးတဲ့သူ အချို့ကိုလည်း ပြန်လည် ဖမ်းမိထားတယ်လို့ ကျောက်ဖြူကနေ ရန်ကုန်ကို ရောက်ရှိလာသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ပွဲစားက ငွေ ၆ သိန်းနဲ့ လွှတ်လိုက်တယ်။ ရက္ခိုင်ကို ငွေ ၆ သိန်း လွှဲလိုက်တယ်။ ပွဲစားတွေကြပြန်တော့ လေယာဉ်ကွင်းက ကြိုစရိတ်တွေရော၊ တည်းခိုတဲ့စရိတ်တွေရော ပြီးတော့ ထမင်းစားစရိတ်တွေရော အခု ကျောက်ဖြူရဲ့ အခြေအနေက တရက်မှာ နှစ်သောင်းလောက် ကုန်တယ်။ ၁၀ ရက်ဆိုတော့ နှစ်သိန်း။ ရက်နှစ်ဆယ်ဆိုတော့ လေးသိန်း။ ပြီးတော့ ခရီးစရိတ်အနေနဲ့ သူတို့ကို နှစ်သိန်း ပြန်ပေးလိုက်ရသေးတယ်။ ရက္ခိုင်ပြည်ထဲကိုသွားမယ့် နယ်ခံတယောက် ငွေ နှစ်သိန်း ပြန်ပေးလိုက်ရသေးတယ်။ အဲဒီလို အခက်အခဲတွေ ရှိနေတဲ့အခါကြတော့ ဘာပဲဖြစ်ဖြစ် ကျမတို့အနေနဲ့ သူတို့တွေကို လက်မခံတော့ဘူးဆိုရင်လည်း လက်မခံ တော့ဘူး။ ဥပမာ ခရီးသည်တွေ မထွက်ရတော့ဘူးဆိုရင်လည်း မထွက်ရတော့ဘူး၊ ထွက်ရမယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း အာဏာပိုင်အဖွဲ့အစည်းတွေက ထွက်စေချင်တယ်။ ခရီးသည်တွေက ၈ လပိုင်း၊ ၉ လပိုင်း ကတည်းက ပိတ်မိနေတဲ့ ခရီးသည်တွေကကြတော့ မထွက်ရတဲ့အခါကြတော့ ထွက်ပေါက်လေး တခုတော့ ရှာကြည့်ကြတယ်လေ။ အဲဒီလိုဆိုတော့ လှေနဲ့ ခိုးထွက်တယ်။ လူပေါင်း ၂၀ ကျော်လောက် ဖမ်းထားတယ် ဆိုတာလည်း သိရပြန်ရော စိတ်မကောင်းစရာတွေပဲ” လို့ သူက ပြောပါတယ်။
အဲဒီ ပိတ်မိနေသူတွေကို ကျောက်ဖြူမြို့ပြင်ပ ထွက်ခွင့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ပင်ထားပြီး ရန်ကုန်နဲ့ စစ်တွေမြို့ကိုသာ ပြန်လည် သွားရောက်ခွင့် ပြုထားကြောင်း သိရပါတယ်။
မြို့တွင်းပိတ်မိနေတဲ့ ကျောက်ဖြူနယ်ခံတွေကတော့ နီးစပ်ရာအလိုက် ခရိုင်ထွေအုပ်ရုံးရဲ့ ထောက်ခံစာကို ယူပြီး အကန့်အသတ်နဲ့ ထွက်ခွင့်ပေးထားပေမယ့် အခြားမြို့နယ်က ဒေသခံတွေကတော့ အကြမ်းဖက်စစ်တပ်ရဲ့ သက်ဆိုင်ရာ ဌာနရုံးတွေကနေ တပတ် နှစ်ရက်နဲ့ တရက်ကို ၁၀ ဦးဝန်းကျင်ခန့် ထောက်ခံစာ ခွင့်ပြုမိန့်စာ ချပေးပြီး ထွက်ခွင့် ပြုပေးနေကြောင်း သိရပါတယ်။
လက်ရှိမှာတော့ ပိတ်မိနေတဲ့ ခရီးသည်တွေဟာ ငွေကြေး၊ နေထိုင်စားသောက်ရေးအပါအဝင် အခြားသော အထွေထွေ အကြပ်အတည်းများနဲ့ ကြုံတွေ့နေကြရကြောင်းလည်း သိရပါတယ်။
1 Comment
For those into sports betting, oddsplay looks pretty solid. The odds seem competitive and the site’s easy to navigate. Just do your research before you bet, alright? Check out the odds here: oddsplay