ရက္ခိုင်ကို လေကြောင်းဗုံးကြဲပြီး စေ့စပ်ဆွေးနွေးရေးလာဖို့ လုပ်လို့မရဘူး

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၅)

စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်ထဲမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေတာဟာ စေ့စပ် ဆွေးနွေးရေး လမ်းကြောင်းကို ရောက်လာ အောင် လုပ်ဆောင်တာ ဖြစ်ပေမယ့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရက္ခိုင်မှာ အင်အားတောင့်တင်းတဲ့ တပ်ရှိနေပြီလေ။ သူတို့ သိပါတယ်။ ရက္ခိုင်ကို ဘယ်သူမှ မသွားချင်ဘူး၊ ဘယ်သူမှ မတိုက်ချင်ဘူး။ သူက သူ့နည်း ပရိယာယ်ပေါ့။ ဒီလိုပဲ ဗုံးကြဲတဲ့အခါမှာ မခံနိုင်တဲ့လူတွေက စေ့စပ်လာရတယ်ပေါ့။ အဲဒီတော့ တရုတ်ကလည်း ဝင်ပြီးတော့ မင်းတို့ အဲဒီလို လုပ်ထားပေါ့။ ရက္ခိုင်ကိုတော့ အဲဒီလို လုပ်လို့မရဘူးလေ။ ရက္ခိုင်က လွတ်လပ်နေပြီပဲ။ တရုတ်ဖိအားလည်း မရှိဘူးလေ။ ရက္ခိုင်ကို အဲဒီလို လုပ်လို့ မရပါဘူး။ မြင့်မလာနိုင်ပါဘူး။ ဟန်ကိုယ်ဖို့ လုပ်နေတာပါ။ AA ကတော့ ‌ကျောက်ဖြူနဲ့ စစ်တွေကို အရ သိမ်းမှာပဲလေ။ ဝိုင်းထားတယ်၊ လက်နက်ကြီးတွေနဲ့ စစ်တွေကို ပစ်တယ်။ ‌ကျောက်ဖြူကိုဆိုလည်း သူတို့ တိုက်နေတာပဲလေ။ AA က ရက္ခိုင်ရိုးမတလျှောက် ဧရာဝတီတိုင်းမှာလည်း ထိုးစစ်တွေ ဆင်နေတယ်။ တိုက်ပွဲတွေ တိုက်နေတာပဲ” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ဟာ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာ လ၇ ရက်အထိ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ စစ်တွေ၊ ကျောက်ဖြူနဲ့ မင်းပြားမြို့တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာနဲ့ ဒရုန်းတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၂ ဦး သေဆုံးခဲ့ပြီး ၄၈ ဦး ဒဏ်ရာရှိခဲ့ကြောင်းလည်း သိရပါတယ်။

အာရက္ခတပ်တော်ကတော့ ရှမ်းပြည် (မြောက်ပိုင်း) မှာ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ ထဲက ၂ ဖွဲ့နဲ့ စစ်တပ်တို့ အပစ်ခတ်ရပ်စဲမှု သဘောတူညီချက် ထွက်လာပြီးနောက် ရက္ခိုင်ပြည်မှာ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက် ပြုလုပ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

နေရာဒေသ တခုမှာ အပစ်ရပ်ပါက အခြားနေရာ တခုကို ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဟာ စစ်ကော်မရှင်ရဲ့ လုပ်နေကြ လုပ်ရိုး လုပ်စဉ်တစ်ခုလို ဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒါက စစ်ကောင်စီ လုပ်နေကြပဲလေ။ ကရင်ဘက်ကို ရပ်ရင် ကချင်ဘက်ကို တိုက်တယ်။ ကချင်ဘက်ကို ရပ်ရင် ရှမ်းပြည်ကို တိုက်တယ်။ ရှမ်းပြည်ဘက်ကို ရပ်ရင် ရက္ခိုင်ကို တိုက်တယ်။ ဒါက ထူးခြားတဲ့ ဖြစ်စဉ်တော့ မဟုတ်ဘူး။ အခုက ရှမ်းပြည်ဘက်က ရပ်နေတော့ တခြားဒေသမှာ ထိုးစစ်ဆင်မှုတွေ လုပ်လာနိုင်တယ် ဆိုတဲ့ဟာက ဗေဒင်ဆရာမ ဟောရင်တောင်မှ မှန်နေတဲ့ကိစ္စ ဖြစ်နေတယ်ပေါ့။ အခု အခြေအနေအရတော့ တိုက်ပွဲတွေ ပြင်းထန်နိုင်တယ်။ စစ်ရေးလေ့ကျင့်မှုတွေကလည်း လုပ်နေတော့ အဲဒီ တစ်ကြောကတော့ ပြင်းထန်လာနိုင်ဖွယ် ရှိပါတယ်” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့ စစ်ကော်မရှင်ကို ရက္ခိုင်ပြည်သူတွေအတွက် တရားမျှတမှု ရရှိရေးအတွက် လက်တုန့်ပြန်သွားမယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုထားပါတယ်။

စစ်ကော်မရှင်က အခုလို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်လာနေပေမယ့် ရက္ခိုင်က နိုင်ငံရေးပါတီတွေကတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် လုံးပမ်းနေကြပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

1 Comment

go8bet ဒီဇင်ဘာ 9, 2025 - 5:11 မနက်

Go8bet? Hmm, feels familiar. I think I saw an ad for them. Anyone here a regular? Is it legit? I’m tired of getting burned by dodgy sites. go8bet

Add Comment