ပုဏ္ဏားကျွန်း နဲ့ ရသေ့‌တောင်မြို့နယ်ကို စကမ ထပ်မံဗုံးကြဲ

အာရက္ခတိုင်းမ်စ်(၁၃ ဒီဇင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်း နဲ့ ရသေ့‌တောင်မြို့နယ်ကို စစ်ကော်မရှင်က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) မနက် အစောပိုင်း ၁၂ နာရီ ၁၈မိနစ်ခန့်မှာ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့အာရက္ခတပ်တော် ကထုတ်ပြန်ထားပါတယ်။

“ ဒီဇင်ဘာလ (၁၃) ရက်၊ မနက် ၁၂ နာရီ (၁၈/၂၀) မိနစ် (တနည်းအားဖြင့်) ဒီဇင်ဘာလ(၁၂) ရက် ညဉ့် အချိန်တို့တွင် ပုဏ္ဏားကျွန်းမြိုနယ်အတွင်းရှိ ရွာအချို ( ရွာအမည်စုံစမ်းဆဲ) အား ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုအတူ ( ၁၂ : ၁၈) နာရီအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တောင်ပေါက်ပတ်ဝန်းကျင်ကိုလည်းကောင်း၊ (၁၂ : ၂၀) နာရီအချိန်တွင် ရသေ့တောင်မြို့နယ် ရေပိုက်ဆုံ (ရီပိုက်ဆုံ) ကျေးရွာကိုလည်းကောင်း ဖက်ဆစ် အကြမ်းဖက် စစ်ရှုံးစစ်ကော်မရှင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးတလုံးစီ လာရောက် ကြဲချ တိုက်ခိုက်ခဲ့သည်” လို့ AA က ဆိုပါတယ်။

သေဆုံး၊ ထိခိုက်ဒဏ်ရာရ လူနာများ အခြေအနေကို ထပ်မံ တင်ပြပေးသွားမယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်က ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) ည ၉နာရီမှ စတင်ပြီး ရက္ခိုင်ပြည်အတွင်းရှိ မြို့နယ်လေးမြို့နယ်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမောင်းတောရွာ၊ ဝါဘိုရွာ ဝန်းကျင်၊ ပေါက်တောမြို့နယ်၊ သဲခုံရွာ ဝန်းကျင်နဲ့ မြောက်ဦးမြို့နယ်၊ ရဲတပ်ရင်း (၃၁) ဝန်းကျင်တို့ကို လေကြောင်းမှ Cluster ဗုံးအပါအဝင် ရော့ကတ်များဖြင့် တိုက်ခိုက်ခြင်းများတို့ကို စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ည (၁၀) နာရီ (၅၀) မိနစ်မှာတော့ ရသေ့တောင်မြို့နယ်၊ အငူမော် နဲ့ မူစဲကျွန်းဝန်းကျင်ကို ဆက်လက်တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

ဒေသခံများအနေနဲ့ လေကြောင်းရန်ကို အထူးသတိထားကြရန်လည်း အာရက္ခတပ်တော် က သတိပေးထားပါတယ်။

Related posts

စစ်ရှောင်ကျောင်းသား ၁၀၀ ရဲ့ ပညာရေးကူညီဖို့ “ အနာဂတ်လှိုင်း” ကမ်ပိန်းပြုလုပ်

ကျောက်ဖြူက AA ထိန်းချုပ်နေရာတွေကို စကမ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေ

တရုတ်က ရက္ခိုင်တပြည်လုံးလွတ်မြောက်အောင် အားပေးမှာလား