အာရက္ခတိုင်းမ်စ် (၂၈ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် မြောက်ဦးမြို့တွင် ပျောက်ဆုံးနေတဲ့ သမိုင်းဝင် ယတြာခေါင်းလောင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ မနက်အစောပိုင်းမှာ မဟာမုနိဘုရားကုန်းတော်ရဲ့ အနောက်ဘက် မဟာမုနိဘုန်းတော်ကြီးကျောင်းထဲက မြေအနက် ၈ပေကျော်ရှိ တနေရာမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။
အဆိုပါ ယတြာခေါင်းလောင်းကြီးကို ထိန်းသိမ်းလာတဲ့ ဦးထွန်းအောင်ကို “ ရက္ခိုင့်အမျိုးသား သစ္စာစောင့်သိမှု စံပြဆု” ဂုဏ်ပြုချီးမြှင့်မယ်လို့ ရခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) က ဆိုပါတယ်။
“ ပဂ္ဂဟ အနုဂ္ဂဟ =ချီးမြှောက်သင့် ချီးမြှောက်ထိုက်တေပုဂ္ဂိုလ်ကို ချီးမြောက်ရဖို့လို့ ဗုဒ္ဓတရားတော်က ဟောကြားပါရေ၊ ယင်းအတွက် ပြည်စောင့်ခေါင်းလောင်း (ယတြာခေါင်းလောင်း) ထိန်းသိမ်းသူ ဦးထွန်းအောင်ကို ပါဝင် ဂုဏ်ပြုပီးလိုသူတိကို နည်းသည် များသည် ပဓာနမထားဘဲ ပါဝင်ပီးလှူကတ်ဖို့ ဖိတ်ခေါ်လိုက်ရပါရေ” လို့ ရခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) ဆိုပါတယ်။
အလားတူး ဦးထွန်းအောင်ဟာ ကတိတလုံးကို မျိုးဆက်နဲ့ထျီပြီး စောင့်ထိန်းလာတဲ့ ပုဂ္ဂိုလ်တယောက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
” ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ဆီးဖက်ဝင်၏ ” ဆိုရေ ကဗျာထဲက စာသားပိုင် ဦးထွန်းအောင်ရေ ကတိတစ်လုံးကို မျိုးဆက်နန့်ချီပနာ စောင့်ထိန်းလာရေ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပါရေ” လို့ ရခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) ဆိုပါတယ်။
ရခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) အနေနဲ့ ဦးထွန်းအောင်ကို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုငွေလည်း ပေးအပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။