စစ်တွေမှာ ကြံ့ဖွံ့ပါတီနဲ့ပတ်သက်တဲ့သူတွေကို အုပ်ချုပ်ရေးမှူးရွေးဖို့လုပ်နေ

အာရက္ခတိုင်းမ်စ် (၆ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့ရှိ ရပ်ကွက်တွေမှာ ကြံ့ဖွံ့ပါတီနဲ့ ပတ်သက်တဲ့သူတွေကို အုပ်ချုပ်ရေးမှူး အသစ်ရွေးဖို့ လုပ်နေတယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဘယ်အချိန်ကာလမှာ အုပ်ချုပ်ရေးမှူးအသစ်တွေ ရွေးချယ်သွားမယ်ဆိုတာကိုတော့ မသိရှိရသေးပေမယ့် ရပ်ကွက်က လူထုတွေ ထောက်ခံမှ အရွေးခံရမယ့် ပုံစံမျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။

“အခုရပ်ကွက်တွေမှာ ကြံ့ခိုင်‌ရေး နိုင်သွားပါတယ်မလား။ ကြံ့ခိုင်ရေးနိုင်သွားပြီလို့ ပြောနေတဲ့အခါ အုပ်ချုပ်ရေးမှူးတွေ အသစ်ရွေးဖို့။ ကြံ့ခိုင်ရေးနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးမှူးတွေက အရွေးခံရဖို့ ရပ်ကွက်တွေမှာ ရွေးဖို့အတွက် သူတို့တွေ အရွေးခံဖို့ဆိုတာကို လိုက်လို့ ပြောရမယ်ဆိုရင် ရပ်ကွက်လူထုတွေက ထောက်ခံမှ ရွေးလို့ရမယ့် ပုံစံမျိုးနဲ့ တူပါတယ်။ ရပ်ကွက်ကလူတွေ လာပြီး ပြောနေကြတယ် ဆိုနေကြတယ်။ အဲဒီလိုအသံတွေတော့ ကြားနေရတယ်” လို့ သူက ပြောပါတယ်။

လက်ရှိ ရပ်ကွက်တွေမှာ အုပ်ချုပ်နေတဲ့ အုပ်ချုပ်ရေးမှူးတချို့ဟာ အခကြေးငွေတွေ ယူတာ၊ မောက်မာစွာ ပြောဆိုဆက်ဆံတာမျိုး လုပ်ဆောင်တာကြောင့် ရပ်ကွက်နေ လူထုက အကြိုက်မတွေ့ကြကြောင်းလည်း သိရပါတယ်။

လက်ရှိ အုပ်ချုပ်ရေးမှူးတွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်မှာ အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း (၁) ကို စစ်ကော်မရှင်က ကျင်းပခဲ့ပြီးနောက် ကြံ့ဖွံ့ပါတီဟာ ရက္ခိုင်ပြည်အပါအဝင် တနိုင်ငံလုံးအတိုင်းအတာအရ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

စစ်ရှောင်ကျောင်းသား ၁၀၀ ရဲ့ ပညာရေးကူညီဖို့ “ အနာဂတ်လှိုင်း” ကမ်ပိန်းပြုလုပ်

ကျောက်ဖြူက AA ထိန်းချုပ်နေရာတွေကို စကမ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေ

တရုတ်က ရက္ခိုင်တပြည်လုံးလွတ်မြောက်အောင် အားပေးမှာလား