အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုပြည်၊ မြောက်ဦးခရိုင်အတွင်း ဖေဖော်ဝါရီလ ၂ ရက် အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်းရဲ့ နှစ်ပတ်လည်ဂျောလ်ဆာပွဲနန့် ဘွဲ့ရကျောင်းသားများကို ဘွဲ့လက်မှတ်အပ်နှံပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ဦးခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်း ဂျာမေ့အဟ် အရ်ဗီယက် အာလီယက် ဒါရူလ်အုလူးမ်အာရ်ဗီတက္ကသိုလ် နှစ်ပတ်လည် ဂျောလ်ဆာ အခမ်းအနားပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးရရှိသူများကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းနဲ့ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့လက်မှတ်ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်းတွင် ၂၀၂၆ ခုနှစ်အတွက် အထက်တန်းအဆင့် စာမေးပွဲတွင် ဖြေဆိုသူ ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၂ ဦးရှိခဲ့ပြီး ၄၇ ဦး အောင်မြင်ခဲ့ပြီး ဂုဏ်ထူးချွန် ကျောင်းသား ၁၃ ဦး ပါရှိတယ်လို့လည်း သိရပါတယ်။
အလားတူ ဂုဏ်ထူးဘွဲ့လက်မှတ်ရရှိသူ စုစုပေါင်း ၁၄ ဦးရှိပြီး အမျိုးသား ၇ ဦးမှာ ဒေါင်ရာဟ် ဟဒီးစ် စာမေးပွဲကို အောင်မြင်ခဲ့ကြသူများဖြစ်ပြီး အမျိုးသမီး ၇ ဦးမှာ ကုရ်အာန်ကျမ်းမြတ် အာဂုံဆောင်သင်တန်း အောင်မြင်ခဲ့ကြသူများလည်း ဖြစ်ပါတယ်။
အဆိုပါ အခမ်းအနားကို အစ္စလာမ်ဘာသာရေးခေါင်ဆောင်များ၊ အစ္စလာမ်ဘာသာရေးကျောင်းသားများ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ အခြားဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူ ၂၀၀၀ ခန့် တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
ရက္ခိုင်ပြည်တွင် မဒ္ဒရာဆာများသမဂ္ဂ ဗဟိုကြီးကြပ်ရေး နှစ်စဉ်စာမေးပွဲကိုလည်း အစ္စလာမ်ဘာသာဝင် မူဆလင်ကျောင်းသားများအတွက် နှစ်စဉ်ပုံမှန် ကျင်းပလေ့ရှိတယ်လို့လည်း သိရပါတယ်။