အာရက္ခတိုင်းမ်စ် (၇ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည် မောင်တောမြို့ မူဆလင်တွေနေထိုင်တဲ့ ရပ်ကွက် ၂ တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူမနေတဲ့ နေအိမ် ၂ အိမ် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဆိုပါ မီးလောင်မှုဟာ ဖေဖော်ဝါရီလ ၆ ရက် ည ၉ နာရီကျော်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မီးမှာ အရှိန်ပြင်းတာကြောင့် မိနစ်ပိုင်းအတွင်း နေအိမ်နှစ်ဆောင်စလုံး မီးကူးစက် လောင်ကျွမ်းသွားခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ မီးလောင်လို့ မီးငြိမ်းသတ်နေတဲ့အချိန်မှာပဲ ဘူးသီးတောင်ဖက်က ပေါက်ကွဲသံ အကျယ်ကြီး ကြားလိုက်ရတယ်။ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာ၊ ဒီမှာလည်း မီးလောင်နေတော့ မငြိမ်းသတ်လို့က မၕဘူးလေ။ ကြောက်ကြောက်နဲ့ မီးသတ်လိုက်ကြရတယ်” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မီးလောင်ကျွမ်းသွားတဲ့ နေအိမ်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စစ်ဘေးရှောင်သွားကြတဲ့ အသက် ၆၀ ကျော်အရွယ် ဟူစိမ့်ဂျူဟာ နဲ့ အလီဂျူဟာ တို့ရဲ့ နေအိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ မီးလောင်မှုဟာ မည်သည့်အကြောင်းရင်းကြောင့် စတင်လောင်ကျွမ်းခဲ့တယ်လို့ မသိရှိရသေးဘဲ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တာဝန်ရှိသူများက ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
Photo- One Nation News