အာရက္ခတိုင်းမ်စ် (၇ ဖေဖော်ဝါရီ ၂၀၂၆)
တော်လှန်ရေးပန်းတိုင်ရောက်တဲ့အထိ အားလုံးဝိုင်းပြီး ကြိုးစားရအောင်လို့ ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်တော်လှန်ရေးနေ့မှာ ပြောကြားခဲ့ပါတယ်။
“ နွေဦးတော်လှန်ရေးအင်အားစုလို့ ခံယူထားတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ လက်တွဲလုပ်ဆောင်လာတာကြောင့် မြေပြင်စစ်မျက်နှာပြင်မှာ အောင်မြင်မှုတွေ အများကြီး ရရှိနေပါပြီ” လို့လည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
KIO/KIA ဟာ စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်ကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေကို မဟာမိတ်တွေနဲ့ လက်တွဲဖော်ဆောင်ခဲ့ရာ ၂၀၂၃ ခုနှစ်ကုန်ပိုင်းကစတင်ပြီး ကချင်နဲ့ ရှမ်းမြောက်က စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တခုပြီးတခု သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးအင်ဘန်လက ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေအကြား အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက်လည်း အခုလို ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ ကချင်နဲ့ ရှမ်းနဲ့ကတော့ အရင်ကတည်းက အတူတူ ယှဉ်တွဲနေထိုင်တဲ့ တိုင်းရင်းသား ညီနောင်တွေဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေက အတူတူနေခဲ့တဲ့ တိုင်းရင်းသား ညီနောင် ဖြစ်ပါတယ်။ အခု ရန်သူရဲ့ သွေးထိုးမှုကြောင့် ကျနော်တို့ အချင်းချင်း ပစ်တာ ခတ်တာတွေကတော့ မလုပ်သင့်တဲ့အရာ ဖြစ်ပါတယ်။ ကျနော်တို့ သမိုင်းကြောင်းတွေကို ပျက်ပြားစေတဲ့ဟာ မဖြစ်စေချင်ဘူး” လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်မှာ ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ညီနောင်မဟာမိတ် ၃ ဖွဲ့က တော်လှန်ရေးအစကနေပြီး အခုအထိ တော်လှန်ရေးကာလ ၆၅ နှစ်အတွင်း အသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ကချင့်အာဇာနည်များနဲ့ သူရဲကောင်းအပေါင်းတို့ကို ဦးညွတ်အလေးပြုပါတယ်လို့လည်း ဆိုပါတယ်။