သျှမ်းပြည်အမျိုးသားနေ့ကို ALP ဂုဏ်ပြုသဝဏ်လွှာပေးပို့

အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၆)

ဖေ‌ော်ဝါရီလ ၇ ရက်မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဂုဏ်ပြုသဝဏ်လွှာ ပေးပိုခဲ့ပါတယ်။

သျှမ်းတို့ရဲ့ သူ့ကျွန်မခံဇာတိမာန်ကို ကမ္ဘာသိ ပြသရာ သရုပ်သကန်ဖြစ်တဲ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက် ဟာ သျှမ်းသမိုင်းမှာ  အထင်ကရ မော်ကွန်းဝင်ဖြစ်ပြီး ပင်လုံညီလာခံနဲ့ ပင်လုံစာချုပ် ပေါ်ပေါက်စေရန် ကနဦး အစပျိုးခဲ့တဲ့ ခေတ်သစ်ပြည်ထောင်စု ဖြစ်တည်လာမှုရဲ့ နေ့ထူးရက်မြတ် ဖြစ်တယ်လို့ ဆိုပါတယ်။

သျှမ်းအမျိုးသားနိုင်ငံတော်ဟာ  အလယ်ခေတ် သမိုင်းတလျှောက် ပထဝီဝင်နိုင်ငံရေးရဲ့ မဟာဗျူဟာမြောက် အချက်အချာရပ်ဝန်းလည်း ဖြစ်သလို ဘာသာစကားနဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ  ကြွယ်ဝပြီး စော်ဘွားနယ် (၉) ခုနဲ့သီးခြားလွတ်လပ်စွာ ရပ်တည်လာတဲ့ သျှမ်းလူမျိုးပေါင်းစုံ လူ့အဖွဲအစည်းနဲ့ ကုန်းပြင်မြင့် နိုင်ငံတော်ဟာ ကိုလိုနီဝါဒရဲ့ ဆိုးမွေနဲ့ မဟာလူမျိုးကြီးဝါဒအောက်တွင် အစီအစဉ်တကျ သွေးခွဲသပ်လျှိ ဖြိုခွဲဖျက်ဆီးခြင်းကို ခံလာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ သျှမ်းနဲ့ ရက္ခိုင်တို့ဟာ နှစ်ရှည်ကြာ သံတမန်မြောက်ဆက်ဆံရေး အစဉ်အလာကောင်းရှိခဲ့ကြပြီး နှစ်ဦးနှစ်ဖက်နားလည်မှုနဲ့ အချင်းချင်း အမှီသဟဲပြုမှုများကိုလည်း ဆောင်ကြဉ်းလျက်ပင် ရှိနေပြီး တော်လှန်ရေးခရီးလမ်းတွင်လည်း သဟာယဖွဲ့ ပူးပေါင်းဆောင်ရွက်နေကြတဲ့ ဗျူဟာမြောက် စစ်ရေးမဟာမိတ်များ ဖြစ်ကြတယ်”  လို့ ALP က ဆိုပါတယ်။

သျှမ်းအမျိုးသားတော်လှန်ရေးဟာ သျှမ်းပြည်သူလူထု လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး၊ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့် ရရှိရေးတို့အတွက်သာမက  ပြည်ထောင်စုမျက်မှောက်ပြုနေရတဲ့ ကောင်းမွေဆိုးမွေများကို ယထာဘူတကျစွာ ဆင်ခြင်သုံးသပ်ရင်း စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖော်ဆောင်ရေးတွင်လည်း ပင်လုံစိတ်ဓါတ်ကို မဏ္ဍိုင်ထားကာ ညီနောင်တိုင်းရင်းသားများနဲ့အတူ ဆက်လက်ဦးဆောင်နိုင်ကြောင်းကိုလည်း ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Related posts

မရဏ နာရီ (ပထမပိုင်း) 

ဇန်နဝါရီလ တလအတွင်း ရက္ခိုင်တွင် စစ်သုံ့ပန်း ၃၄ ဦးဖမ်းမိ အလင်းဝင်သူ ၂ ဦးရှိ

တော်လှန်ရေးပန်းတိုင်ရောက်အောင် အားလုံးဝိုင်းကြိုးစားရအောင်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လပြော