စကမက ရက္ခိုင်နဲ့ ကချင်ကို အစိုးရအဖွဲ့အတွင်း ဘယ်လိုနေရာပေးလာနိုင်လဲ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆)

စစ်ကော်မရှင်ဟာ လာမယ့် အစိုးရသစ်အဖွဲ့အတွင်း ရက္ခိုင်နဲ့ ကချင်ကို ဘယ်လိုနေရာပေးလာနိုင်လဲ ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေအကြား သုံးသပ်မှု အမျိုးမျိုး ရှိနေကြပါတယ်။

ရက္ခိုင်ထဲက ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ကချင်ထဲက USDP ပါတီကနေ အမျိုးသားလွှတ်တော်နေရာ အနိုင်ရရှိခဲ့တဲ့ ဒေါ်ဒွဲဘူတို့ကို အစိုးရအဖွဲ့အတွင်း နေရာပေးလာနိုင်ပြီး ဒုတိယသမ္မတ (၂) နေရာကို သူတို့ နှစ်ဦးထဲက တဦး ရနိုင်တယ်လို့လည်း ထင်ကြေးပေးနေကြတာပါ။

ဒုတိယသမ္မတ နေရာမရခဲ့ရင်တောင် လွှတ်တော်ဥက္ကဋ္ဌလိုမျိုး နေရာကိုလည်း ပေးလာနိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သူက ရက္ခိုင်ကိုရော၊ ကချင်ကိုရော နှစ်ဖက်စလုံးဆိုတော့ ရာထူးကြီးကြီးက ၂ ခု၊ ၃ ခု ရှိတယ်။ ဒုသမ္မတ တင် မဟုတ်ဘူး။ ဥပမာ လွှတ်တော်ဥက္ကဋ္ဌလို နေရာမျိုး ဒါမျိုးတွေလည်း ရှိတယ်။ သူ မျှပေးလိမ့်မယ် ထင်တယ်။ သူက ဒီ ၂ ပြည်နယ်ကို မထိန်းနိုင်ဆုံး ဖြစ်တာကို။ အဲဒီတော့ ဒီ ပြည်နယ်ထဲက လူတွေကို ရာထူးကြီးတွေ ပေးပြီးတော့ ငြိမ်အောင် လုပ်နိုင်ကောင်း လုပ်နိုင်တယ်။ ဥပမာ ဒေါက်တာအေးမောင်ပဲ ဖြစ်ဖြစ်၊ ဒေါ်ဒွဲဘူပဲ ဖြစ်ဖြစ် သူတို့လူမျိုးစုတွေကြားမှာ ဘာနိုင်ငံရေး ဩဇာမှ ရှိတာမှ မဟုတ်တာ” လို့ သူက ပြောပါတယ်။

ဦးသိန်းစိန်လက်ထက်က စခဲ့တဲ့အစဉ်အလာအရ အမျိုးသားလွှတ်တော်မှ အမည်တင်သွင်းတဲ့ သမ္မတလောင်းဟာ တိုင်းရင်းသားလူမျိုး ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သမ္မတအဖြစ် အမည်စာရင်းတင်သွင်းမယ့်သူဟာ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် မဖြစ်ရင်လည်း ရတယ်လို့ ပါရှိပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ ဒေါက်တာအေးမောင်ကို သမ္မတအဖြစ် အမျိုးသားလွှတ်တော် ကနေ အမည်စာရင်း တင်သွင်းမယ်ဆိုရင် တင်သွင်းလို့ရပြီး ဒုတိယသမ္မတ (၂) ဖြစ်နိုင်ခြေ ရှိနေတာပါ။

ဒီလိုမျိုး ရက္ခိုင်နဲ့ ကချင်ကို အစိုးရအဖွဲ့အတွင်း နေရာပေးခဲ့မယ်ဆိုပါက နိုင်ငံတကာကို အပေါ်ယံ ဗန်းပြဖို့ အတွက်သာဖြစ်ပြီး USDP နဲ့ တပ်ကြား အဝေမတည့်တဲ့ ပြဿနာတွေ ပေါ်လာနိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဒါပေမယ့် သူက အပေါ်ယံ ဗန်းပြတာပေါ့။ နိုင်ငံတကာကိုလည်း သူက ပြဖို့ လိုသေးတာကို။ လူမျိုးစုတွေကို သူ ဟိုဒင်း ပေးတယ်လို့။ နောက်တချို့ အလယ်အလတ်လူတွေ ရှိတယ်။ ဥပမာ ရက္ခိုင်ပဲဖြစ်ဖြစ်၊ ကချင်ပဲဖြစ်ဖြစ် အလယ်အလတ်လူတွေကိုလည်း စည်းရုံးဖို့ ကြိုးစားတာ ဖြစ်မှာပေါ့။ ဘာလို့လဲဆို‌တော့ တော်လှန်ရေးကို ပြတ်ပြတ်သားသားရပ်တယ်လို့ တချို့က မဟုတ်ဘူးလေ။ တချို့က မသဲမကွဲ မရေမရာ ဖြစ်နေတဲ့လူတွေကလည်း ရှိသေးတာကို။ အဲလိုလူမျိုးတွေကို စည်းရုံးဖို့အတွက် သူက ထုတ်သုံးတာလည်း ဖြစ်မှာပေါ့။ ဒါမျိုးက သူတို့ လုပ်တတ်ပါတယ်။ ကျမ မပြောတတ်ဘူး။ ဒါ သူတို့အချင်းချင်း ကိစ္စလေ။ သူတို့ အဝေမတည့်ရင် အခုလည်း စစ်တပ်က တယောက်ပြီးတယောက် တပြုတ်ပြုတ် ပြုတ်နေတာပဲလေ။ ဒီကိစ္စကလည်း ပိုလို့ ပေါ်လာဦးမယ် ထင်တယ်။ အထူးသဖြင့် ကြံ့ဖွံ့နဲ့ စစ်တပ်ကြားက နေရာလုပွဲလေးတွေ ပိုပြီး များလာနိုင်တယ် ထင်တယ် ကြည့်ရတာ။ သူတို့ အချင်းချင်းကြားမှာ အဝေမတည့်တဲ့ ပြဿနာတွေတော့ ပေါ်နိုင်ပါတယ်” လို့ သူက ပြောပါတယ်။

အစိုးရတရပ် ဖွဲ့စည်းဖို့ ပါတီတခုသည် ပြည်ထောင်စုလွှတ်တော် ၅၈၈ နေရာမှာ ၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၉၄ နေရာရရှိဖို့ လိုအပ်ပြီး USDP ပါတီဟာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်နေရာတွေပါ ပေါင်းရင် အစိုးရဖွဲ့ဖို့အတွက် နေရာအများစုကို ရရှိထားပါပြီ။

ဒါကြောင့် လာမယ့် မတ်လမှာ လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့ဖို့ကိုလည်း စစ်ကော်မရှင်နဲ့ အနိုင်ရပါတီတို့ ပြင်ဆင်နေကြတာပါ။

လွှတ်တော် မခေါ်ရသေးခင်ကာလမှာတော့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး စစ်ကော်မရှင်ခေါင်းဆောင်က ပြဋ္ဌာန်းလိုက်ပါတယ်။

Related posts

မြောက်ဦးနဲ့ ကျောက်တော်ကို ဗုံးကြဲလို့ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံး

ရက္ခိုင်ပြည်ဖွား ခမီလူမျိုးတဦး သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေ

အဓမ္မ ပေါ်တာဆွဲ လူစုဆောင်းနေတဲ့ စကမက AA ဟာ စစ်မှုထမ်းရန် လူစု‌ဆောင်းနေတယ်လို့ စွပ်စွဲပြန်