အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို့ စည်းကမ်းလိုက်နာရန်အတွက်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ယာဉ်စည်းကမ်း ၁၀ ချက်နဲ့ ယာဉ်မောင်းများအတွက် စည်းကမ်း ၁၉ ချက်တို့ကို လိုက်နာရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အသိပေး ထုတ်ပြန်ထားပါတယ်။
အဆိုပါ စည်ကမ်းချက်တွေ မလိုက်နာသူတွေကို DLEPS အဖွဲ့များက ခေတ္တခေါ်ယူကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ မေးခွန်းများကို စာရွက်ပေါ်တွင် ဖြေဆိုခိုင်းပြီး မဖြေဆိုနိုင်တဲ့သူများကို ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး စာအုပ်များကို ဖတ်ရှုခိုင်းပြီး ရှင်းပြပေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာတွေ၊ စည်းကမ်းချက်တွေကို ဖြေဆိုခိုင်းတာတွေ လုပ်နေတယ်။ ဒါက ကောင်းတာပဲလေ။ စည်းကမ်းလိုက်နာမှ အန္တရာယ်ကင်းမှာလေ။ ကျမတို့ကတော့ သဘောကျတယ်” လို့ မြောက်ဦးမြို့ဒေသခံ မဖြူချေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်က မြို့အချို့မှာတော့ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေရိုက်တာ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးဥပဒေ ပုဒ်မ-၈၇ အရ ထောင်ဒဏ် (ဒါမှမဟုတ်) ဒဏ်ငွေ သုံးသောင်းကျပ်စီကို သက်ဆိုင်ရာတရားရုံးကနေ အရေးယူတာမျိုးတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ယာဥ်မတော်တဆမှုကြောင့် ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုများ လျော့ပါးလာစေရန်အတွက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တစိုက်မတ်မတ်လုပ်ဆောင်နေပြီး ဒေသခံပြည်သူများအနေနဲ့လည်း ယာဥ်အန္တရာယ်လျော့ပါးအောင် စည်းကမ်းများကို လိုက်နာကာ ပူးပေါင်းဆောင်ရွက်ကြပါရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ- One Nation News