နတ်ရေကန်ဗျူဟာကုန်းကို AA နဲ့ ပူးပေါင်းမဟာမိတ်တပ်များ ဆက်လက်ထိုးစစ်ဆင်နေ

အာရက္ခတိုင်းမ်စ် (၁၆ မတ် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။

“ AA နဲ့ မဟာမိတ်တပ်တွေက မတ်လ ၄ ရက်မှာ ဗိုလ်မှူးအဆင့်ဦးစီးတဲ့ ကြက်ခြံကုန်းကာကင်းစခန်းကို သိမ်းလိုက်ပြီလေ။ နတ်ရေကန်ဗျူဟာကုန်းပဲ ကျန်တော့တယ်။ နတ်ရေကန်ကလည်း စကမတွေအတွက် အရေးကြီးတဲ့ ခံစစ်စခန်းတခု ဖြစ်တယ်။ ဘာလို့ဆို အဲစခန်းကျရင် မကွေးတိုင်းထဲက ကပစ စက်ရုံတွေ ကျတော့မှာလေ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းနဲ့ ၁ မိုင်အကွာမှာရှိတဲ့ MPT တာဝါတိုင်စခန်းကုန်းနဲ့ တောင်ပေါ်ရှိ နတ်ရေကန် ရေဒါစခန်းကုန်းမကြီးကိုလည်း အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက ၂၀၂၅ ခုနှစ် အောက်တိုဘာလလ အတွင်းတွင် သိမ်းပိုက် ရရှိခဲ့ပါတယ်။

နတ်ရေကန်တောင်ပေါ် ဗျူဟာကုန်း မကျစေရေးအတွက် စစ်ကော်မရှင်က လေကြောင်းပစ်ကူခြင်းနဲ့ ပဒါန်းမြို့အနီးရှိ အ‌မြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၅) ကနေ လက်နက်ကြီးပစ်ကူများ ပြုလုပ်ပေးပြီး ပြင်းပြင်းထန်ထန် ခုခံနေတယ်လို့လည်း သိရပါတယ်။

အလားတူ နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် စစ်ကူနဲ့ လက်နက်ခဲယမ်းများကို ပဇီရွာနဲ့ ဂုတ်ကြီးရွာဘက်ကနေ ပို့ဆောင်ပေးနေပေမယ့် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကျအဆုံးများကာ ရှေ့တို့းမရဘဲ နောက်ပြန်ဆုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

“ အခု သိရသလောက်တော့ AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး ပင်မဗျုဟာကုန်းကို လက်နက်ကြီးတွေ ဒရုန်းတွေ အများအပြား အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်” သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ရက္ခိုင် – မကွေးအစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်၊ ချင်းကာကွယ်ရေးတပ်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်း အခြေစိုက် PDF တပ်ရင်းများ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA (မကွေး) တပ်များ ပူးပေါင်းပြီး ထိုးစစ်ဆင်နေတာလို့လည်း သိရပါတယ်။

Related posts

စစ်တွေမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ သူခိုးတွေ သောင်းကျန်းနေ

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းကို ရွေးချယ်

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ​​ရွေးချယ်