အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲမြို့နယ်တွင် မတ်လ ၁၈ ရက် မနက် ၇ နာရီခန့်က စစ်ကော်မရှင်တပ် ထောင်ထားခဲ့တဲ့ မိုင်းတလုံး တက်နင်းမိလို့ စစ်ရှောင်အမျိုးသားတဦး ခြေတဖက် ပြတ်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ မောင်ရွှေလေးရွာကနေ မော်ရုံရွာမှာ စစ်ရှောင်လာနေတာ၊ မော်ရုံတောင်ကို ထင်းရှာသွားရင်း မိုင်းနင်းမိလို့ ဘယ်ဖက်ခြေထောက် ပြတ်သွားတယ်” လို့ သံတွဲမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ မိုင်းကြောင့် ခြေတဖက် ပြတ်သွားသူဟာ ရက္ခိုင်ပြည် သံတွဲမြို့နယ် မောင်ရွှေလေးရွာက ဦးကျော်မင်းထွန်း ဖြစ်တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်အနေနဲ့ သံတွဲမြို့ကို အပြီးသတ် သိမ်းပိုက်ထားပြီး မြေမြှုပ်မိုင်း အန္တရာယ်ရှိတဲ့ နေရာတွေဆီ ဒေသခံတွေကို ဝင်ရောက်ခွင့် မပြုခဲ့ပေမယ့် မြေမြှုပ်မိုင်းရှင်းလင်းအပြီးမှာ အချို့နေရာတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုနေတယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ၂၀၂၅ ခုနှစ် ဇွန်လအထိ သံတွဲမြို့နယ်တွင် မြေမြှုပ်မိုင်း ၅၀၀ ကျော် နဲ့ ဂွမြို့နယ်တွင် မြေမြှုပ်မိုင်း ၁၅၀၀ ကျော် ရှင်းလင်းပေးခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ၊ စစ်ကျန်လက်နက် အန္တရာယ်ပညာပေး ဆွေးနွေးပွဲများ၊ မိုင်းအန္တရာယ်သတိပေးဆိုင်းဘုတ်စိုက်ထူခြင်း နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Photo – Arakan Princess Media