အာရက္ခတိုင်းမ်စ် (၂၄ မတ် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့ကို မတ်လ ၂၃ ရက် နေ့လည်တွင် စစ်ကော်မရှင်က အသေခံဒရုန်း ၄ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကော်မရှင်ဟာ ကျောက်ဖြူမြို့နယ် စနဲမြို့ အလယ်ပိုင်းရပ်ကွက်ကို အသေခံဒရုန်း ၄ စီးနဲ့ ဗုံး ၄ လုံး ကြဲချခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၆ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ အသေခံဒရုန်းကြောင့် ထိခိုက် ဒဏ်ရာရရှိသူတွေကတော့ အသက် ၁၃ နှစ်အရွယ် မောင်ကြီး၊ အသက် ၂၁ နှစ်အရွယ် မောင်ဟိန်းထက်ဇော်၊ အသက် ၂၉ နှစ်အရွယ် မမြင့်ရွှေ နဲ့ အသက် ၇၅ နှစ်အရွယ် ဒေါ်မခင်သိန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေါ်မခင်သိန်းတွင် ညာဖက်လက်၊ ခြေထောက်နဲ့ ဝမ်းဗိုက်တို့မှာ ပြင်းထန်ဒဏ်ရာရသွားပြီး မောင်ဟိန်းထက်ဇော်မှာ ခါးတွင် ဗုံးစဖောက်ဝင် ဒဏ်ရာရရှိကာ မောင်ကြီးရဲ့ ဒူးနှစ်ဖက်နဲ့ ဒေါ်မြင့်ရွှေရဲ့ ဝမ်းဗိုက်တွင်လည်း ဗုံးစထိမှန် ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
အလားတူ အရပ်သားပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ် ၆ လုံးလည်း မီးလောင်ပြာကျသွားတယ်လို့ သိရပါတယ်။
Photo – APM