အာရက္ခတိုင်းမ်စ် (၂၄ မတ် ၂၀၂၆)
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ အမှတ် ၃၄၄ အမြောက်တပ်ရင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ထပ်မံထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ ဖေဖော်ဝါရီလကုန်လောက်မှာ ခဏငြိမ်သွားပေမယ့် ဒီအပတ်က စပြီ ပြန်ပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ အမတ-၃၄၄ နားမှာ ၃ နေရာလောက်မှာကို ဖြစ်နေတာ၊ အမြောက်တပ်ကို တော်တော်လေး နီးကပ်လာပြီလို့ သိရတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အမြောက်တပ် အမတ ၃၄၄ ကို ကျုံပျော် ခလရ ၃၆ က အင်အားတချို့ စစ်ကူပို့ထားပြီး ဒဏ်ရာရရှိသူများကို စစ်ကော်မရှင်က ကားနဲ့ သယ်ထုတ်ပေးနေတယ်လို့လည်း သိရပါတယ်။
“ ချင်းလယ်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီနေရာက ပုသိမ်-မုံရွာလမ်းအတွက် အချက်အခြာကျတဲ့ နေရာဖြစ်နေတယ်။ နှစ်ဖက်စလုံးကို အဲဒီနေရာကို ထိန်းချုပ်ချင်နေကြတယ်” လို့ သူက ဆက်ပြောပါတယ်။
အမြောက်တပ် အမတ ၃၄၄ နဲ့ နယ်မြေဆက်စပ်နေတဲ့ လေးမျက်နှာမြို့နယ်အတွင်းရှိ စက်စက်ယို၊ ချင်းလယ် စတဲ့ကျေးရွာတွေကလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။