အာရက္ခတိုင်းမ်စ် (၂၆ မတ် ၂၀၂၆)
ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံးခြုံရေးဌာနက ဖမ်းဆီးခဲ့တယ်လို့ အာရက္ခမှုခင်းနဲ့ဆက်စပ်သတင်းများထုတ်ပြန်ရေးအဖွဲ့က မတ်လ ၂၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၆ခုနှစ်၊ မတ်လ ၁၅ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် မင်းပြားမြို့နယ်၊ သဲတန်းရွာမှာ ဖွင့်လှစ်ထားတဲ့ Music Love KTV ကို သတင်းအရ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က ဝင်ရောက်စစ်ဆေးစဉ် မူးယစ်ဆေးဝါးများနဲ့အတူ လူငယ်တဦးကို လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါး သုံးစွဲရောင်းဝယ်သူမှာ မြောက်ဦးမြို့နယ် သရက်တောရွာနေ အသက် ၂၈ နှစ်အရွယ် ကိုမျိုးလှိုင်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) တာဝန်ရှိသူများဟာ သတင်းအရ Music Love KTV ရဲ့ အခန်းနံပါတ် ၈၀၉ ကို ဝင်ရောက်ရှာဖွေရာ အခန်းထဲတွင် ကိုမျိုးလှိုင်ဝင်းနဲ့အတူ (WY/R) စာတန်းပါ မူးယစ်ဆေးပြား (၅၅၇) ပြား၊ မူးယစ်ဆေးဝါး ရောင်းချရာကနေ ရရှိတယ်လို့ ယူဆရငွေ ကိုးသိန်းခြောက်သောင်း (၉၆၀၀၀၀) ကျပ်တို့ကို သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။
အဆိုပါ အခန်းထဲတွင် ViVo အမျိုးအစား အမည်းရောင် လက်ကိုင်ဖုန်း (၁) လုံး၊ Oppo အမျိုးအစား အမည်းရောင်လက်ကိုင်ဖုန်း (၁)လုံး၊ အရိုးအသွား (၁၀) လက်မခန့်ရှိ အသွားနှစ်ဖက်ပါ ဓါးဦးချွန် (၁) လက်၊ GRAND ROYAL တံဆိပ်ပါ သောက်လက်စ အရက် (၁) ပုလင်း၊ Mongolia တံဆိပ်ပါ သောက်လက်စ အရက် (၁) ပုလင်းတို့ကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်စစ်ဆေးရာတွင် ကိုမျိုးလှိုင်ဝင်း အသုံးပြုတဲ့ Wave Honda အပြာ-အမည်းစပ်ရောင် ဆိုင်ကယ် (၁)စီး၊ HILUX SURF အမည်းရောင် အိမ်စီးကား (၁) စီးတို့ကိုပါ တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါးများအပါအဝင် မူးယစ်ဆက်စပ်ပစ္စည်းမျာနဲ့အတူ လက်ပူးလက်ကြပ် ဖမ်းမိတဲ့ ကိုမျိုးလှိုင်ဝင်းကို မယ (ပ)၁/၂၀၂၆၊ မူးယစ်ဆီးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က) နဲ့ အမှုဖွင့်ပြီး ဥပဒေလုပ်ထုံး လုပ်နည်းများနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။