AA မိုင်းဆွဲလို့ ဒဏ်ရာရရှိသွားတဲ့ စကမ ဗိုလ်မှူး သေဆုံး၊ မနေ့က ရွှေမြင်တင်တွင် သင်္ဂြိုလ်

အာရက္ခတိုင်းမ်စ် (၂၇ မတ် ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကော်မရှင်က စစ်ကူပို့တဲ့ စစ်ယာဉ်တန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါက်းမဟာမိတ်တပ်တို့ရဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းကို ခံရလို့ အရာရှိအပါအဝင် သေဆုံးသူ များပြားခဲ့တယ်လို့ သိရပါတယ်။

“ ဒီလ ၂၃ ရက်က အမတ (၉၀၅) ကနေ တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို AAနဲ့ ပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ပြီး စနိုက်ဘာနဲ့ ပစ်ခတ်လို့ အရာရှိတွေအပါအဝင် သေဆုံးသူတွေများပြားခဲ့သလို ယာဉ်တန်းမှာပါတဲ့ ကားတချို့လည်း မီးလောင်သွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဧရာဝတီတိုင်း ပုသိမ်ခရိုင် ပုသိမ်မြို့နယ် နတခ-မဆရ (၄) တွင် ဆေးကုသပေးနေပြီး ဒဏ်ရာရရှိသူတွေထဲက စစ်ကော်မရှင်တပ် ဗိုလ်မှူးအဆင့်ရှိသူတဦး သေဆုံးခဲ့လို့ မတ်လ ၂၆ ရက်က ရွှေမြင်တင် မီးသင်္ဂြိုလ်စက်တွင် သင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

“ မတ် ၂၆ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ် အချိန်မှာ အကြမ်းဖက် စခ ဗိုလ်မှူး (၁) ကောင် အသက် (၃၆) နှစ် သေဆုံးသွားသလို့ ရွှေမြင်တင် မီးသင်္ဂြိုလ်စက်ကို  စခ double cab၊ နာရေးကား၊ စစ် faw ခေါင်းတို၊ ခေါင်းရှည် စတဲ့ (၁၀) စီး တို့နဲ့ မသာချသွားတယ်” လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ် က ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ နတ်ရေကန်ဗျူဟာကုန်း နောက်ဆုံးကာကင်းဖြစ်တဲ့ ကြက်ခြံကုန်းကာကင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ မတ်လဆန်းကတည်းက သိမ်းပိုက်ထားပါတယ်။

အဆိုပါ ကာကင်းကို သိမ်းပိုက်ခံလိုက်ရတာကြောင့် စစ်ကော်မရှင်ဟာ စစ်ကူနဲ့ လက်နက်ခဲယမ်းတွေကို ပဇီရွာ နဲ့ ဂုတ်ကြီးရွာဘက်ကနေ နတ်ရေကန်ဗျူဟာကုန်းကို ပို့ဆောင်နိုင်ရန် စစ်ကြောင်းတွေ အတင်းဝင်တိုးနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ဟာ နတ်ရေကန်ဗျူဟာကုန်း မကျစေရေးအတွက် Y12၊ ဂျက်ဖိုက်တာ၊ ဒရုန်းတွေသုံးပြီး နေ့စဉ် ဗုံးကြဲခုခံနေပြီး အမတ (၉၀၅) ကနေလည်း လက်နက်ကြီး ပစ်ကူပေးနေတာလည်း ဖြစ်ပါတယ်။

ရက္ခိုင် – မကွေးအစပ်ရှိ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက် ၊ ဂုတ်စည်း ၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကိုလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာကုန်းဟာ မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ တည်ရှိပြီး ရက္ခိုင်၊ မကွေးနဲ့ ပဲခူးအတွက် စစ်ရေးအရ အချက်အချာကျတဲ့ စစ်ကော်မရှင်ရဲ့ အမာခံစခန်းကြီး တခုလည်း ဖြစ်ပါတယ်။

Related posts

ကျောက်ဖြူ ကြတ္တိန်ရွာကို စကမ ထပ်မံ ဗုံးချ၊ ပြည်သူ ၃ဦး ဒဏ်ရာရ

မြောက်ဦးဆေးရုံ ပြန်တည်ဆောက်ရေးအတွက် ရသေ့တောင်က သံဃာတော်များ ၄၄၅ သိန်း လှူဒါန်း

အတုအယောင်လွှတ်တော်က စစ်အာဏာရှင်အလိုကျပဲဖြစ်နေမှာ