ရန်ကုန်က အုပ်ကြီးတွေ စက်သုံးဆီ ထုတ်ရောင်းနေ

အာရက္ခတိုင်းမ်စ် (၁ ဧပြီ ၂၀၂၆)

ရန်ကုန်မှာရှိတဲ့ မြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ စက်သုံးဆီ ထုတ်ရောင်းနေတယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်အတွင်း ထားရှိတဲ့ လူနာတင်ကားကနေတဆင့် စက်သုံးဆီကို ထုတ်ယူပြီး ရောင်းချနေတာလို့ ဆိုပါတယ်။

စက်သုံးဆီ ခြိုးခြံခြွေတာရေးအနေနဲ့ မော်တော်ယာဉ်တွေကို အကန့်အသတ်နဲ့ ရောင်းချပေးနေပေမယ့် ချွတ်ယွင်းချက်အနေနဲ့ လိုင်စင်ရှိတဲ့ လူနာတင်ကားတွေကို ကန့်သတ်ချက်ထက် ကျော်လွန်ပြီး တခါဝယ်ရင် ၂ သိန်းကျပ်အထိ ရောင်းချပေးတယ်လို့ သိရပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးမှူးတွေက စက်သုံးဆီကို ထုတ်ယူပြီး တလီတာ ၉၀၀၀ ကျပ်နဲ့ ပြန်လည်ရောင်းချနေတယ်လို့ စက်သုံးဆီ သွားရောက် ဝယ်ယူသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ဒီနေ့ အုပ်ကြီးအိမ်မှာ 92 ရောင်းလို့ ၁၀ ဗူး ဝယ်ထားတယ်။ တဗူးကို ၉၀၀၀ နဲ့ပေါ့။ လူတိုင်းတော့ ဘယ်ဝယ်လို့ရမလဲ သူ့ပတ်သက်ရာ ပတ်သက်ကြောင်းပဲ ရတာလေ” လို့ ပြောပါတယ်။

လူနာတင်ကား အများစုဟာ ဒီဇယ်ကားမဟုတ်ဘဲ ဓာတ်ဆီကားဖြစ်တာကြောင့် ဒီလိုလုပ်ဆောင်ပြီး ရောင်းချပေးတာဟာ လိုင်စင်မရှိတဲ့အတွက် စက်သုံးဆီ ဝယ်ယူလို့မရ ဖြစ်နေတဲ့ ဘေးတွဲဆိုင်ကယ်သမားတွေအတွက် အဆင်ပြေတယ်လို့ ဘေးတွဲမောင်းနှင်သူတဦးက ပြောပါတယ်။

“ အုပ်ကြီးက ရောင်းပေးတာ တလီတာ ၉၀၀၀ ဆိုပေမယ့် အဆင်ပြေပါတယ်။ ဘာလို့ဆို တချို့နေရာမှာဆို ၁၅၀၀၀ လောက်ဖြစ်နေတာဆိုတော့ ပြီးတော့ ဈေးကြီးရင် ကြီးသလို ကျနော်တို့က ရတုန်းယူထားရမှာ။ ဆီဆိုင်တွေမှာလည်း ကျနော်တို့က ထည့်လို့မရဘူးလေ လိုင်စင်မရှိတော့။ ဈေးကြီးတော့လည်း ခရီးသည်ကို ပြောပြပြီး ဈေးပိုတောင်းရတော့တာပေါ့ သူတို့လည်း သိပါတယ်” လို့ ​အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာ စက်သုံးဆီ ပြင်ပဈေးနှုန်းဟာ ရန်ကုန်မှာလည်း အဆမတန်မြင့်တက်နေပြီး ဓာတ်ဆီ တလီတာကို ၁၂၀၀၀ ကျပ်နဲ့ ဒီဇယ် တလီတာကို ၁၅၀၀၀ ကျပ် ဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေအပါအဝင် စက်သုံးဆီအခက်အခဲကြောင့် ဆီဆိုင်တွေမှာ နာရီနှင့်ချီ ညအိပ်ပြီး တန်းစီဝယ်ယူရတာ၊ တချို့ဆိုင်တွေမှာ ဆီပြတ်လပ်တာ၊ အကန့်အသတ်နဲ့ ဝယ်ယူရတာနဲ့ မှောင်ခိုဝယ်ယူရတာတွေကို ပြည်သူတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

Related posts

NCA ကို အခြေခံပြီး ဆွေးနွေးကြရန် စောမြရာဇာလင်း တိုက်တွန်း

အမ်းမြို့တွင် တရားမဝင် အရက်၊ ဘီယာတွေကို ဒီလပ် ဖမ်းဆီး၊ ပြည်တွင်းရောက်အောင် လွှတ်ပေးသူတွေကိုလည်း အရေးယူစေချင်

တောင်ကုတ်က လူသတ်တရားခံ ၂ ဦးကို ဒီလပ် ဖမ်းဆီး