အာရက္ခတိုင်းမ်စ် (၁ ဧပြီ ၂၀၂၆)
အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် Nationwide Ceasefire Agreement (NCA) သဘောတူညီချက်များကို အခြေခံပြီး စားပွဲဝိုင်းတွင် အဖြေရှာရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဌ စောမြရာဇာလင်းက မတ်လ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ၁၄ နှစ်တာ ခရီးနဲ့ ၄ နှစ်မြောက် “ ပဋိဇာဂရ” နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တိုက်တွန်း ပြောကြားခဲ့ပါတယ်။
“ တိုင်းပြည်အေးချမ်းရေးနဲ့ ပြည်သူလူထုတရပ်လုံး သာယာဝဖြောတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် ပြည်တွင်းပဋိပက္ခများကို ပွင့်လင်းစွာ ဆွေးနွေးကြရန်နဲ့ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် (NCA) သဘောတူညီချက်များကို အခြေခံပြီး စားပွဲဝိုင်းတွင် အဖြေရှာရန် သက်ဆိုင်သူအားလုံးကို တိုက်တွန်းပါတယ်” လို့ စောမြရာဇာလင်းက ဆိုပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ၁၄ နှစ်တာ ခရီးနဲ့ ၄ နှစ်မြောက် “ ပဋိဇာဂရ” နှစ်ပတ်လည်နေ့ အခမ်းအနားကို NCA-S EAO မဟာမိတ်အဖွဲ့အစည်းဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) က သဝဏ်လွှာပေးပို့တယ်လို့လည်း သိရပါတယ်။
စောမြရာဇာလင်းက ပါတီလုံခြုံရေးအတွက် ကြိုပမ်းလာကြတဲ့ တပ်မှူးတပ်ဗိုလ်များ၊ ပါတီတည်တံ့ခိုင်မြဲစွာ ရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး သမာအာဇီဝကျကျ ရိုးသားစွာ လုပ်ကိုင်စားသောက်လာကြတဲ့ တပ်မှူး တပ်ဗိုလ်များ၊ ရဲဘော် ရဲမေများကို ဆုများ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ ပါတီဗဟိုကော်မတီကို သဘာပတိအဖွဲ့ဝင် ၃ ဦး၊ ပါတီဗဟိုကော်မတီဝင် ၁၆ ဦး၊ အရံဗဟိုကော်မတီ ၃ ဦးနဲ့ ပြန်လည် ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။