ရက္ခိုင်ကိုပို့မယ့် စက်သုံးဆီ လီတာ ၈ ထောင်နီးပါး မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၄ ဧပြီ ၂၀၂၆)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လုံးလေခရိုင်တွင် ရက္ခိုင်နဲ့ ချင်းပြည်ကို တင်ပို့မယ့် စက်သုံးဆီ လီတာပေါင်း ၇,၆၂၀ လီတာကို မီဇိုရမ်ရဲတပ်ဖွဲ့က ဧပြီလ ၂ ရက် ညသန်းခေါင်တွင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ လုံးလေမြို့ပေါ်ရှိ “ Jedaz” စက်သုံးဆီ အရောင်းဆိုင်တွင် ရက္ခိုင်နဲ့ ချင်းပြည်ကို ပို့ဆောင်မယ့် စက်သုံးဆီများ ဖြည့်တင်းနေတယ်လို့ တိုင်ကြားချက်ကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေး ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။

မီဇိုရမ်ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးရာတွင် လီတာ ၂၀၀ ဆန့် ဆီပုံးအပြာရောင် ၃၉ လုံးအတွင်း ဖြည့်တင်းထားတဲ့ စက်သုံးဆီများကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မီဇိုရမ်ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွင် ဆီဖြည့်တင်းနေစဉ်အတွင်း အာဏာပိုင်များ မသိရှိစေရန် စက်သုံးဆီဆိုင်ရှိ မီးများအားလုံးကို ပိတ်ထားတဲ့အပြင် ဆီပမာဏပြသတဲ့ မီတာများကိုလည်း အဝတ်စများနဲ့ ဖုံးအုပ်ထားပြီး ဆိုင်ဝန်ထမ်းများရဲ့ ထွက်ဆိုချက်အရ ဆိုင်ပိုင်ရှင်က ရောင်းချပေးရန် ညွှန်ကြားထားတာကြောင့် ဖြည့်တင်းပေးခဲ့တာလို့လည်း ဖော်ပြပါရှိပါတယ်။

မတ်လ ၂၀ ရက်က စတင်ပြီး ရက္ခိုင်ကုန်သည်တွေ အဓိက စက်သုံးဆီ ဝယ်ယူနေကြတဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဆိုင်းဟာနဲ့ လုံးလေခရိုင်အတွင်းက ရက္ခိုင်ပြည်ဘက်ကို ခွင့်ပြုချက်မဲ့ စက်သုံးဆီ ရောင်းချမှုနဲ့ သယ်ယူမှုတွေကို ၂ လ ပိတ်လိုက်ပြီး လိုက်နာမှုမရှိပါက ၂၀၂၃ ခုနှစ်က အတည်ပြုထားတဲ့ BNSS ပုဒ်မ ၁၆၃ အရ အရေးယူသွားမယ်လို့လည်း ခရိုင်တရားရုံးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက လက်မှတ်ထိုးပြီး အမိန့်စာ ထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် ဆိုင်းဟာခရိုင် လောင်တလိုင်နဲ့ လောင်းလေခရိုင်တွေမှာ စက်သုံးဆီဝယ်ယူလို့ မရတော့သလို ဝယ်ယူထားတဲ့ ဆီကားတွေကိုလည်း နယ်စပ်ဂိတ်တွေမှာ ခက်ခက်ခဲခဲ ကုန်သွယ်မှု ပြုလုပ်နေကြရတယ်လို့ အိန္ဒိယရောက် ရက္ခိုင်ကုန်သည်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ဒီနေ့ပေါက်ဈေးကတော့ အနီက တလီတာကို ၉ ထောင် နဲ့ 92 ကတော့ ၁၂၀၀၀ ကျပ်ပါ။ ဈေးကျဖို့တော့ မရှိဘူး။ တက်ရိပ်ပဲ မြင်နေရတယ်” လို့ သံတွဲမြို့ဒေသခံတဦးက ဆိုပါတယ်။

လက်ရှိ ရက္ခိုင်ပြည်မှာ စက်သုံးဆီ တင်သွင်းထားတာ ရှိနေသေးပေမဲ့ ကာလရှည်ပိတ်ဆို့မှုတွေ ဖြစ်နေပါက စက်သုံးဆီ ပြတ်တောက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ရက္ခိုင်ဒေသခံတွေက ဆိုပါတယ်။

Related posts

ရက္ခိုင်သမိုင်းသစ်အတွက် ရက္ခိုင်လက်နက်ကိုင် အဖွဲ့သစ်တခု လိုအပ်တယ်

စစ်တွေမှာ လူသားချင်း စာနာမှုနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီတွေ ရပ်ဆိုင်းနေ

မင်အောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယိကာ မဟာပုရိသ တဦးလို့ စောမြရာဇာလင်းပြော