အာရက္ခတိုင်းမ်စ် (၅ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်ကနေ ဒီဇယ်ဆီ လီတာ ၆၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ဧပြီလ ၄ ရက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“ ဒီဇယ်ဆီက လီတာ ၆၀၀၀၊ ဂတ်စ်အိုး ၆ အိုး၊ ငွေသားအချို့နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်” လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် ပြန်ကြားရေးအရာရှိ ဒုတိယဗိုလ်မှူးကြီး ဆပ်ဘီရ် အာလမ် ဆူဂျွန်က ပြောပါတယ်။
အဆိုပါ ကုန်ပစ္စည်းတွေ တင်ဆောင်ထားတဲ့ စက်လှေကို ဧပြီလ ၄ နံနက် ၆ နာရီခန့်တွင် စစ်တကောင်း ပါတန်ဂါရဲစခန်းအနီး ဘာဂီနွန်ဂါ တွင် ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်အနေနဲ့ ဖမ်းဆီးရမိတဲ့ စက်လှေ၊ ကုန်ပစ္စည်းများကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ လွှဲပြောင်း ပေးအပ်ထားပြီး ဖမ်းဆီးခံရသူများရဲ့ နောက်ခံအချက်အလက်များကိုလည်း စစ်ဆေးပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် ပြန်ကြားရေးအရာရှိ ဒုတိယဗိုလ်မှူးကြီး ဆပ်ဘီရ် အာလမ် ဆူဂျွန်က ပြောပါတယ်
အလားတူ ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရှ်ကနေ အာလူးအိတ်များတင်ဆောင်လာတဲ့ ကုန်သည် ၁၀ ဦးကို မတ်လ ၂၉ ရက် မနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (BCG) က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဘိလပ်မြေတင်ဆောင်လာတဲ့ မူဆလင် ၈ ဦးကိုလည်း ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် (Bangladesh Coast Guard) က မတ်လ ၂၇ ရက်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။
မတ်လ ၁၉ ရက် နေ့လည်ပိုင်းကလည်း ဘင်္ဂလားဒေ့ချ်နိုင်ငံ နိုအာခါလီခရိုင် ဟတီယာကျွန်းအနီးရှိ မဂ္ဂနာမြစ်ဝတွင် ရက္ခိုင်ပြည်ကို ပို့ဆောင်ရန် ခန့်မှန်းကာလတန်ဖိုး တာကာငွေ ၅၇၀,၀၀၀ ရှိ အာလူးအိတ် ၇၆၀ တင်ဆောင်လာတဲ့ ဘုတ် ၂ စီးကို BCG ဖမ်းဆီးခဲ့ပါသေးတယ်။
ဖေဖော်ဝါရီလ ၂၆ ရက်ကလည်း ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၁,၁၄၀၊ ပဲအိတ် ၅၀၊ အာလူးအိတ် ၂၀ နဲ့ အချိုရည်များ တင်ဆောင်လာတဲ့ ဘုတ် ၂ စီးနဲ့ ကုန်သည် ၁၉ ဦးကို ဘင်္ဂလားဒေ့ချ်ကမ်းခြေစောင့်တပ်က စိန့်မာတင် (အုန်းကျွန်း) အနီး ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့ပါတယ်။