အာရက္ခတိုင်းမ်စ် (၆ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည် အမ်းမြို့ရှိ အာရက္ခတပ်တော်ရဲ့ မြို့နယ်မှူးအဆင့်ရှိသူထံသို့ ပို့ဆောင်မယ့် ကျပ် ၁၁ ဒသမ ၇ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မကွေးတိုင်း နတ်မောက်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ ဧပြီလ ၅ ရက်က သမ္မတသစ် မင်းအောင်လှိုင်က ပထမဆုံး စတင် ဝါဒဖြန့် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေကို ရမည်းသင်းမြို့နယ်ကနေ ပဒါန်းမြို့ကို ပို့ဆောင်မယ်လို့ သတင်းရရှိတာကြောင့် ဧပြီလ ၄ ရက်တွင် နတ်မောက်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ရွာတော်စစ်ဆေးရေးဂိတ်တွင် TOYOTA PRADO ကားနဲ့အတူ မျိုးမင်းအောင်ကိုလည်းကောင်း စိုင်းကောင်းကျေးရွာအနီးတွင် ထော်လာဂျီယာဉ်နဲ့အတူ မင်းမင်းခိုင်၊ လှိုင်ဝင်းတို့ကို ယာဥ်ပေါ်တွင် ထုံးအိတ်များနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ဆာလာအိတ် ၃၉ အိတ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ သိန်းပြား ကာလတန်ဖိုးငွေကျပ် ၁၁ ဒသမ ၇ ဘီလျံခန့်အား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ဝမ်ဟိုင်းဒေသကနေ ကလောမြို့နယ် ဘွန်ယွာကျေးရွာကတဆင့် မကွေးမြို့နယ် ထိုမှတဆင့် ပဒါန်းမြို့နယ်ကနေ အမ်းမြို့နယ်ကို ပို့ဆောင်ရန် စီစဥ်ထားခြင်းဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေက ထွက်ဆိုကြောင်း ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်အရ အဆိုပါ မူးယစ်ဆေးဝါးတွေကို အမ်းမြို့ရှိ အာရက္ခတပ်တော်ရဲ့ မြို့နယ်မှူးအဆင့် ရှိသူထံသို့ ပို့ဆောင်ရမှာဖြစ်ပြီး အာရက္ခတပ်တော်ရဲ့ မြို့နယ်မှူးအဆင့်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့လည်း ဖော်ပြပါရှိပါတယ်။
မူးယစ်ဆေးနဲ့ ပတ်သက်ပြီး AA ကို စွပ်စွဲတာဟာ စစ်ကော်မရှင်ရဲ့ မရိုးနိုင်တဲ့ ဗျူဟာလို့ AA ရဲ့ ပြောခွင့်ရ ဦးခိုင်သုခ က တုန့်ပြန်ပြောဆိုထားပြီး အာရက္ခတပ်တော်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။