၂ နှစ်အတွင်း ကျန်မြို့အားလုံးကို အပြီးသတ် သိမ်းပိုက်သွားမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြော

အာရက္ခတိုင်းမ်စ် (၁၁ ဧပြီ ၂၀၂၆)

၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်အတွင်းမှာ ရက္ခိုင်ပြည်အတွင်း ကျန်ရှိနေသော မြို့များအားလုံးကို အပြီးသတ် သိမ်းပိုက်သွားမှာဖြစ်ပြီး လက်စသတ်နိုင်ခြင်း မရှိခဲ့ပါက အာရက္ခတပ်တော် အနေနဲ့ မိုးအဆုံး မြေအဆုံး ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

စစ်ကော်မရှင်မှာ လက်နက်ကိရိယာနဲ့ နည်းပညာတွေ အဘက်ဘက်က သာလွန်သော်လည်း အာရက္ခတပ်တော် ရဲ့ သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ် ဉာဏ်ပညာများကို မယှဉ်ပြိုင်နိုင်ဘူးလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

ဧပြီလ ၁၀ ရက်တွင် ကျရောက်တဲ့ အာရက္ခတပ်တော် တပ်တည်ထောင်ခြင်း ၁၇ နှစ်ပြည့် မိန့်ခွန်းထဲတွင် ရဲဘော်တွေကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

“အခုကာလဟာ စစ်ပွဲကာလ၊ အဘက်ဘက်က ခက်ခဲမှုပေါင်းစုံနဲ့ ဖြတ်သန်းနေကြရတဲ့ ကာလဖြစ်တယ်။ ရန်သူ (စစ်ကောင်စီ) ဟာ စစ်မြေပြင်စစ်ပွဲတွေမှာ လက်နက်ကိရိယာ နည်းပညာတွေ အဘက်ဘက်က သာလွန်နေပေမဲ့ ငါတိုရဲ့ သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ် ဉာဏ်ပညာတွေကို မယှဉ်ပြိိင်နိုင်တဲ့အခါ ရန်သူ့ အကြမ်းဖက် ဖက်ဆစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ သူရဲဘောကြောင်စွာ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်လို ရှိနေတုန်းဖြစ်တယ်” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

သိမ်းပိုက် ရရှိထားတဲ့ နယ်မြေတွေကို အာမခံချက် ခိုင်မာစေရန်အတွက် ဆက်လက်ပြီး မရပ်မနား ကြိုးစားတည်ဆောက်ရင်း တိုက်စရာရှိတာ ဆက်လက် တိုက်ခိုက်သွားမယ်လို့လည်း ဆိုပါတယ်။

“ ရဲဘော်ရဲဘက် အချင်းချင်း စာနာနားလည်ခြင်း၊ ချစ်ခင်စည်းလုံးခြင်း၊ ရဲဘော်ရဲဘက် စိတ်ဓာတ်အပြည့်နဲ့ တာဝန်ထမ်းဆောင်ကြရမယ်။ တိုက်ပွဲဝင်ကြရမယ်။ စစ်ပွဲတွေကြားမှာ ဒုက္ခသုခတွေနဲ့ ရှင်သန်ရပ်တည်နေကြရတဲ့ မိဘပြည်သူတွေကို လေးစား စာနာမှုတွေနဲ့ ပြည်သူ့သားကောင်း၊ သမီးကောင်းတွေ ဖြစ်ကြောင်းကို မှန်ကန်တဲ့ အပြုအမူအနေအထိုင်တွေနဲ့ သက်သေပြနိုင်ရမယ်။ အောင်ပွဲတွေနဲ့ သက်သေပြပြီး တိုင်းပြည်တာဝန်ကို အကောင်းဆုံးထမ်းဆောင်ကြရမယ်” လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက် ပြောကြားပါတယ်။

ရက္ခိုင်အမျိုးသားများရဲ့ ရဲရင့်ထက်မြက်၊ ကြံ့ကြံ့ခံနိုင်တဲ့ မျိုးရိုးသန္ဓေပါ ဗီဇများကို စနစ်တကျ ခွန်အားနဲ့ ဉာဏ်ပညာ ပေါင်းစပ်ပြီး ပိုမို ထက်မြက် တိုးတက်အောင် အချိန်တိုင်းတွင် ရုန်းကန်ကြိုးစားကြရမယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုပါတယ်။

“ အာရက္ခတပ်တော်ဟာ တိုင်းရင်းတည်ဆောက်၊ တည်ဆောက်ရင်း မရပ်မနား တိုက်ပွဲဝင် လို ရှိနေတယ်ဆိုတာ ရဲဘော်တို အားလုံး အသိဖြစ်တယ်။ တပ်တော်ကိုလည်း တိုက်ပွဲဝင်နေရင်းနှင့်ပင် အရေအတွက်၊ အရည်အသွေး၊ စစ်ပညာ၊ အဆင့်မြင့်နည်းပညာတွေကိုပါ မရပ်မနား ကြိုးစားအားထုတ် တည်ဆောက်လို ရှိနေတယ်။ အခုလို ရုန်းကန်အားထုတ် ကြိုးစားမှုတွေကြောင့် ငါတိုရဲ့ ရက္ခိတအိပ်မက်၊ အာရက္ခအချုပ်အခြာအာဏာ ပြန်လည်ရရှိရေး အိပ်မက်ဟာ လုံးဝ ပြေးမလွတ်အောင် သေချာပီပြင်လာပြီဖြစ်တယ်။ ဒီရည်မှန်းချက်တွေ၊ ဒီကတိကဝတ်တွေဟာ လုံးဝ လက်တွေ့ဖြစ်တယ်ဆိုတာ အလုပ်နဲ့ လက်တွေ့ သက်သေပြနေကြတာဖြစ်တယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက် ဆိုပါတယ်။

လက်တွေ့ စစ်မြေပြင်မှ ရရှိလာသော နည်းပရိယာယ်၊ နည်းဗျူဟာ အတွေ့အကြုံများ၊ အခက်အခဲ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားရန် ကြိုးစားရင်းနှင့် တွေ့ရှိလာသော နည်းနာနှင့် ကျွမ်းကျင်တက်မြောက်မှု အရည်အသွေးများကို စနစ်တကျစီမံပြီး ထိရောက်စွာ အသုံးချတိုက်ပွဲဝင်ကာ အောင်မြင်မှုများကို ဆက်လက် ဖန်တီးကြရမယ်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။

Related posts

ရက္ခိုင်သမိုင်းသစ်အတွက် ရက္ခိုင်လက်နက်ကိုင် အဖွဲ့သစ်တခု လိုအပ်တယ်

ရက္ခိုင်နယ်စပ်တွေကို စကမ က အင်အား ထပ်မံ ဖြည့်တင်းနေ

တောင်ကိုရီးယားတွင် ၈ ကြိမ်မြောက် ရက္ခိုင်ရိုးရာ နံ့သာသွေးပွဲ နဲ့ ဘုရားရေသပ္ပာယ်ပွဲ ပြုလုပ်မည်