အပေါ်လမ်းကလာခဲ့သည်

အပေါ်လမ်းကလာခဲ့သည်

အသိမိတ်ဆွေတွေက ကျွန်တော့်ကို မေးကြတယ်။ ဘယ်လမ်းက လာခဲ့တာလဲတဲ့။ အပေါ်လမ်းကလား။ ‌အောက်လမ်းကလား တဲ့။ ကျွန်တော်က “အပေါ်လမ်းကနေ လာခဲ့ပါတယ်” လို့ ပြောလိုက်တယ်။

အောက်လမ်း၊ အပေါ်လမ်းဆိုတာ အရပ်ထဲကလို ပရလောကသားတွေ နှင်တဲ့ လောကီအတတ်ပညာရပ်တော့ မဟုတ်ပါဘူး။ မြစ်တစ်စင်းကို တံတားပေါ်ကနေ ဖြတ်တာနဲ့ လှေနဲ့ ဖြတ်တာ ဒါကိုပဲ အပေါ်လမ်း၊ အောက်လမ်းလို့ ခေါ်ကြတာ။

ဒီလို အပေါ်လမ်း၊ အောက်လမ်း စတဲ့ နည်းလမ်းမျိုးစုံတွေကိုသုံးပြီး ကျွန်တော်တို့လို လူငယ်တွေဟာ ဒီနေရာကို ရောက်လာခဲ့ကြတယ်လေ။ မျှော်လင့်ချက်တွေ၊ ဦးတည်ချက်တွေ ကိုယ်စီ၊ အိမ်လွမ်းနာတွေ၊ သတိရမှုတွေ ကိုယ်စီနဲ့ ဖြစ်သမျှကို ရင်ဆိုင်ကြရင်း ဒီလမ်းနှစ်သွယ်ကို ကျွန်တော်တို့ ရွေးချယ်ခဲ့ကြရတယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင် ရွေးချယ်ခဲ့ကြတာတော့ မဟုတ်ပါဘူး။ ခေတ်တစ်ခုက ကျွန်တော်တို့ကို ရွေးချယ်ခိုင်းခဲ့တာ ဖြစ်တယ်။

“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်” လို့ ရွှေရောင်စာလုံးကြီးထိုးထားပြီး မြန်မာဆန်ဆန်၊ မြန်မာဟန်ဗိသုကာ အတတ်ပညာတွေနဲ့ ဖန်းတီးထားတဲ့ စုလစ်မွှန်းချွန်တွေနဲ့ တံတားမုဒ်အောက်ကနေ ကျွန်တော်ဖြတ်လာခဲ့ပါတယ်။ အတိအကျ ပြောရရင်တော့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့ပေါ့။ သက်ဆိုင်တဲ့ နေရာတွေမှာ တံတားဖြတ်ခွင့်တွေ လုပ်ပြီးတော့ အဲဒီ မုဒ်ဦးအောက်ကနေ ကျွန်တော်ဖြတ်ခဲ့တယ်။

ကျွန်တော့်စိတ်တွေ လေးလံနေတယ်။ ကျွန်တော့်နှလုံးခုန်သံက ကျယ်လောင် မြန်ဆန်နေတယ်။ ကျွန်တော့်ခြေလှမ်းတွေက လေးလံနေတယ်။ ကျွန်တော့် မျက်ဝန်းပေါ်မှာ စိုးရိမ်စိတ်၊ သိမ်ငယ်စိတ်တွေ အထင်းသား ပေါ်နေတယ်။ ကျွန်တော့် လက်ချောင်းကလေးတွေ တုန်ယင်နေတယ်။ ကျွန်တော့်စိတ်ထဲမှာလည်း ရှုပ်ထွေးလှတဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေမိတယ်။

ဆင်းရဲတဲ့နိုင်ငံ၊ အာဏာအတွက် အမြဲတမ်း စစ်တိုက်နေကြတဲ့နိုင်ငံ၊ စစ်သားတွေ ပေါတဲ့နိုင်ငံ၊ အလုပ်သမား လူတန်းစားတွေ ပေါတဲ့နိုင်ငံကနေ ကျွန်တော်လာခဲ့တာ။ ကျွန်တော်လိုပဲ တစ်ခြားလူတွေဟာလဲ ဒီနိုင်ငံကပဲ လာကြတာ မဟုတ်လား။ ပြည်ထောင်စုသားတွေရဲ့ ဂုဏ်ဟာ ဒီနေရာမှာတော့ ဆင်းရဲတဲ့ အလုပ်သမားအဆင့်၊ တရားမဝင် နေထိုင်ကြတဲ့ စည်းကမ်းမဲ့တဲ့ တစ်ပါးနိုင်ငံသား အဆင့်သာ ဖြစ်တယ်။

ဒါကြောင့်လဲ လူစဥ်မမီတော့တဲ့ သမိုင်းမက်လုံးတွေနဲ့ အယုဒ္ဒယနိုင် မော်ကွန်းတွေကို ကျွန်တော် မုန်းနေမိတယ်။ တကယ်တော့ ကျွန်တော်တို့တွေ လာချင်ခဲ့တာက စည်းကမ်းပြည့်ဝတဲ့ ပြည်ထောင်စုသားတစ်ယောက်၊ ကိုယ့်တရားနဲ့ သိက္ခာရှိတဲ့ ပြည်ထောင်စုသားတစ်ယောက်၊ ပညာရေးမြင့်မားပြီး ချမ်းသာကြွယ်ဝတဲ့ ပြည်ထောင်စုသားတစ်ယောက်အနေနဲ့သာ ဒီမြေ၊ ဒီရေပေါ်က စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေကို လေ့လာ၊ ဒါမှမဟုတ်ရင်လဲ ဘုရားဖူး အလည်အပတ်ပေါ့။

အခုတော့ မျက်စိသူငယ်၊ နားသူငယ်နဲ့ အကြောက်တရားတွေနဲ့ လာခဲ့ကြရတယ်။ ကျောင်းတုန်းကတော့ ခေါင်းလောင်းကြီးတီးပြီဆိုရင် အလံတိုင်ရှေ့သွားပြီး နိုင်ငံတော်သီချင်းကို ကြက်သီးမွှေးညှင်း ထနေအောင် အော်ဆိုခဲ့ဖူးပါတယ်။ ”ကမ္ဘာမကျေ၊ မြန်မာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ၊ ပြည်‌ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ။” ဘိုးဘွားတွေ ပေးအပ်ခဲ့တဲ့ အမွေဖြစ်တဲ့ ဒီမြေ၊ ဒီရေအတွက်ဆို တို့တွေဟာ ကမ္ဘာကိုတောင် မကျေတဲ့ ပြည်ထောင်စုပေါ့၊

ဘိုးဘွားပိုင်တဲ့ မြေကို ထိပါးလာရင် အသက်သွေးတွေ စီးပါလေစေ ကာကွယ် သွားမယ်။ အခုတော့ တစ်ကမ္ဘာလုံးက မကျေတဲ့ ပြည်ထောင်စုကြီး ဖြစ်နေခဲ့ပြီ။ ကားဆရာအစ်ကိုကြီးက ပြောတယ် ”ဂိတ်အမှတ် ၁၃ နဲ့ ၁၇ ဆိုလား ကျွန်တော် မမှတ်မိတော့ဘူး” အဲဒီဂိတ်တွေက မင်းဝင်ရမဲ့ ဂိတ်တွေတဲ့။ ဘာမှ မစိုးရိမ်နဲ့ ခတ်တည်တည်ပဲ သွားလိုက်။ ဟိုလို ဒီလို လုပ်နေရင် မင်းကိုဖြတ်ခွင့်မပြုဘဲ ပြန်လွှတ်လိုက်မှာတဲ့။

ဂိတ်တွေကို ဖြတ်ပြီးတော့ ကားဆီကို ကျွန်တော် လျှောက်လာလိုက်တယ်။ ကျွန်တော့်ခြေတွေက တုံ့ကနဲ ရပ်သွားတယ်။ ပြီးတော့ ကျွန်တော်ဟာ ကျွန်တော်လာခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဘက်ကို သမင်လည်ပြန် လှည့်ကြည့်လိုက်မိတယ်။

ရန်ကုန်ကနေ ထွက်လာကတည်းက ထူပြောလှတဲ့ အစစ်အဆေးတွေ၊ များပြားလှတဲ့ စစ်ဆေးရေး အကြောင်းပြ ငွေတောင်းတဲ့ဂိတ်တွေကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ကားဆရာအစ်ကြီးကတော့ တစ်ထောင်ကျပ်တန် ငါးသောင်းလောက်ကို သူ့အိတ်ထဲ ထည့်ထားတယ်။ သုံးထောင်ကျပ်ကနေ သောင်းဂဏန်းအထိ ပေးရတဲ့ ဂိတ်တွေဟာ ရာနဲ့ချီလို့တောင် ရှိနေတယ်။ စစ်သားဆိုတာတွေကလည်း အများကြီးပါပဲ။ ဂိတ်တိုင်းမှာတွေ့ရတယ်။ စစ်သားဆို စစ်ကောင်စီတပ်သားတွေရော တစ်ခြား အင်အားစုတွေက စစ်သားတွေရော အများကြီးပါပဲ။

ကျွန်တော်က ၁၁/ (နိုင်) ကိုင်ထားတော့ ကားဆရာအစ်ကိုကြီးက “မင်း ဘားအံကို ကျော်ရင် လွတ်ပြီ” တဲ့။ ဘားအံကို ကျော်ရင် စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်တွေ မရှိတော့ဘူး ဆိုတော့ ကျွန်တော့်ကိုလည်း အစစ်အဆေး မရှိတော့ဘူးပေါ့။ ဒီလိုမျိုး စစ်ဆေးရေး ဂိတ်တွေကို အေးဆေးဖြတ်နိုင်ဖို့အတွက်ကလည်း ဂိတ်ကြေးအဖြစ် ကားဆရာကို ငွေတစ်သိန်း ကျွန်တော်က ပေးထားလိုက်ရတယ်လေ။

ကားပေါ်မှာ ထိုင်လိုက်လာရင်း ကျွန်တော် စဉ်းစားမိတာတစ်ခုရှိတယ်၊ ဒီလောက်များတဲ့ စစ်သားတွေကို စုစည်းပြီး တကယ့် ဖက်ဒရယ်တပ်မတော်ကြီးတစ်ခုအဖြစ် ပေါင်းစည်းနိုင်ရန် ကျွန်တော်တို့နိုင်ငံဟာ အာရှမှာတောင် မဟုတ်ဘူး ကမ္ဘာမှာတောင် စစ်သည်အင်အား အများဆုံးနိုင်ငံ ဖြစ်သွားနိုင်တယ်။ အဲဒီတပ်မတော်ကြီးဟာ ရန်စွယ်ဟူမျှကို ကာကွယ်တိုက်ခိုက်ကာ တိုင်းပြည်အတွက် ပေးဆပ်အနစ်နာခံခဲ့တဲ့ တပ်မတော်ကြီးဆိုရင် ဘယ်လောက်များ ကောင်းလေမှာလဲလို့ တွေးမိတာပါ။

အခုတော့ ဒီလိုမဟုတ်ပါ။ အာဏာရူးတွေရဲ့ ခေါင်းပုံဖြတ်မှုတွေအောက်မှာ တပ်မတော်ဆိုတာ ပြည်သူတွေအတွက်ကတော့ ဓါးပြအဆင့်၊ ခိုးဆိုးလုယက်၊ မဒိန်းကျင့်တဲ့ ရာဇဝတ်သားအဆင့်မျှသာ ဖြစ်နေတော့ ကျွန်တော်တို့လို လူငယ်တွေဟာ ဓားပြတွေ၊ သူခိုးတွေ၊ မုဒိန်းကောင်တွေလက်ကနေ လွတ်အောင် ရှောင်တိမ်းခဲ့ရတာပေါ့။ ဟိုး ရှည်လျားတဲ့ ကမ်းရိုးတန်းကနေ ကျွန်တော် လာခဲ့ရတဲ့ ခရီးက မနီးလှပါဘူး။

အခုတော့ ကြည့်လေတိုင်း မီးခိုးအူအူနဲ့ ပြာအတိဖြစ်နေတဲ့ မိခင်နိုင်ငံတော်ကြီးကို အဝေးက ကြည့်ရင်းနဲ့ နှုတ်ဆက်ရမယ့် အချိန်ပဲလေ။ ဘယ်တော့မှ အိမ်ပြန်လာနိုင်မယ်မှန်း မသိတဲ့ အခြေအနေမဲ့နေတဲ့ ကျွန်တော်ဟာ ပြည်ထောင်စုနိုင်ငံကြီးကို တံတားပေါ်ကနေ တဝကြီး ကြည့်ခဲ့၊ လွမ်းခဲ့၊ နှုတ်ဆက်ခဲ့ပါတယ်။ ကားဆရာအစ်ကိုကြီးက “ဟေ့ကောင် ဘာငေးနေတာလဲ သွားရအောင်” ဆိုတော့မှ ခပ်သုတ်သုတ် ကားပေါ် တက်လိုက်တယ်။ ဖြောင့်ဖြူးတဲ့ ကားလမ်းမပေါ်မှာတော့ ကျွန်တော်မကြားဖူးတဲ့ ဘာသာစကားတွေနဲ့ ကျွန်တော့်ကို ကျွန်တော် စတင် မိတ်ဆက်နေမိပါတော့တယ်။

နတ်ဟြင်

Related posts

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

ဂွမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦး ခြေ ၁ ဖက် ဆီ ဆုံးရှုံး