ဆုပ်လည်းစူး စားလည်းရူးနေရတဲ့ ရခိုင်သတင်းသမားတွေ ဘဝ

ဆုပ်လည်းစူး စားလည်းရူးနေရတဲ့ ရခိုင်သတင်းသမားတွေ ဘဝ

ရခိုင်မီဒီယာလောကလို့ဆိုရရင် ၂၀၁၀ ရှေ့ပိုင်းအနေအထားမှာ တော်တော်လေးခရီးရောက်လာကြတယ်လို့ ဆိုရမှာပါ။ ဒီမတိုင်ခင်က ရခိုင်က သတင်းသမားအများစုဟာ ပြည်မမီဒီယာတွေ၊ နိုင်ငံခြားသတင်းဌာနတွေမှာ တိုက်ပိုင် အလွတ်တန်း သတင်းသမားတွေအဖြစ် ရေးသားခဲ့ကြပါတယ်။

၂၀၁၀ ရှေ့ပိုင်းကာလတွေမှာဆိုရင် ရခိုင်ပြည်မှာ သတင်းထောက်ရယ်လို့ လက်ချိုးရေရင်တောင် နည်းနည်းလေးသာရှိခဲ့ပါတယ်။ အများစုကတော့ သတင်းစာဆရာသီးခြားမဟုတ်ကြဘဲ စာပေ၊ ကဗျာ၊ နိုင်ငံရေးစတဲ့ အကြောင်းအရာတွေနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းက လူတွေလို့ ဆိုရမှာပါ။

၂၀၁၀ ရွေးကောက်ပွဲနဲ့အတူ သမ္မတဦးသိန်းစိန် တက်လာပြီးနောက်မှာတော့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်တွေ ပိုမိုရရှိခဲ့ပါတယ်။ ဒီလိုလွတ်လပ်မှုတွေနဲ့အတူ အရင်က ပြည်ပမှာ အခြေစိုက်နေခဲ့ကြတဲ့ ရခိုင်မီဒီယာတွေဟာ ရခိုင်ပြည်မှာ အခြေစိုက်လာကြပြီးတော့ ရခိုင်ပြည်ရဲ့ စီးပွားရေး၊ လူမှုရေးတွေအပါဝင် ရခိုင်ပြည်သူတွေရဲ့ နေ့စဥ် ကြုံတွေခံစားနေကြရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို မိမိတို့ရဲ့ ပြည်နယ်ထဲကပဲ တင်ဆက်နိုင်လာခဲ့ကြတာပါ။

၂၀၂၃ ခုနှစ်မှာ ရခိုင်အခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ Development Media Group ဟာ စစ်တွေမြို့မှာ ရုံးစိုက်ပြီး သတင်းမီဒီယာလုပ်ငန်းတွေကို လုပ်ကိုင်လာခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနဟာလည်း စစ်တွေမြို့မှာဘဲအခြေစိုက်ပြီး သတင်းမီဒီယာလုပ်ငန်းတွေကို လုပ်ဆောင် ခဲ့ကြပါတယ်။ ဒီမီဒီယာ ၂ ခုဟာ ၂၀၁၀ နောက်ပိုင်း ရခိုင်ပြည်မှာ ပထမဆုံးအခြေစိုက်ခဲ့တဲ့ မီဒီယာတွေဖြစ် ပါတယ်။

မီဒီယာအပြိုင်အဆိုင်ပေါ်လာခြင်း

အဲဒီနောက်ပိုင်းမှာတော့ ၂၀၂၁ အာဏာမသိမ်းမီအထိ ရခိုင်ပြည်မှာ မီဒီယာတွေ အပြိုင်အဆိုင် ပေါ်ပေါက်လာခဲ့ပါတယ်။ လက်လှမ်းမီသမျှ မီဒီယာတွေကို ချပြရမယ်ဆိုရင် Development Media Group၊ Narinjara၊ Root Investigative Agency RIA၊ ရခိုင်အသံဂျာနယ်(Voice of Arakan)၊ ရခိုင်စာပေယဥ်ကျေးမှုဂျာနယ်၊ သဇင်ပန်းခိုင်ဂျာနယ်၊ ရခိုင်တိုမ်းဂျာနယ်၊ ရိုးမတိုမ်းစသဖြင့် အသီးသီးပေါ်ပေါက်လာခဲ့ကြပါတယ်။

Development Media Group၊ Narinjara ကလွဲပြီး ကျန်တဲ့ဂျာနယ်တွေဟာ သက်တမ်းအားဖြင့် သိပ်မရှည်ကြာဘဲ ပေါ်လိုက်ပျောက်လိုက်သာ ရှိခဲ့ပါတယ်။ တချို့ဆို ၂ ကြိမ်လောက်ထုတ်ဝေပြီးရပ်တန့်သွားတာတွေ၊ တချို့က ဂျာနယ်မထုတ်ဝေတော့ပဲ အွန်လိုင်းက သွားတာတွေ၊ တချို့ဆို လုံးဝပျောက်ကွယ်သွားခဲ့တာတွေ ရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ နောက်ပိုင်းမှာတော့ Western News၊ Voice of Westland၊ Border News Agency အသီးသီး ပေါ်ပေါက်ခဲ့ပါတယ်။ ဒီမီဒီယာတွေကတော့ အွင်လိုင်းသီးသန့်သွားကြတာပဲ ဖြစ်ပါတယ်။

ဒီမီဒီယာတွေ အကုန်လုံးဟာ ရခိုင်ပြည်ရဲ့ ဘက်ပေါင်းစုံက ချွတ်ခြုံကျတဲ့ အခြေအနေတွေကို အဓိကထားပြီးတော့ ရေးသား၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမီဒီယာတွေရဲ့ ရပ်တည်မှုကတော့ ရိုးရှင်းပါတယ်။ တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးဖို့ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက အကူညီတွေနဲ့ ရပ်တည်နေကြ တယ်ဆိုရင် မှားမယ်လို့မထင်ပါဘူး။

မီဒီယာ၊ မီဒီယာသမားလုပ်ကြံခံရမှု

ဒီလိုရခိုင်ပြည်မှာ မီဒီယာတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ သတင်းစာပညာကို စိတ်ဝင်စားတဲ့ လူငယ်တွေဟာလည်း တိုးလာခဲ့ပြီး သတင်းမီဒီယာဘက်မှ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရခိုင်ပြည်ရဲ့ ထိရှလွယ်တဲ့ ပြဿနာတွေကိုလည်း မီဒီယာတိုက်တွေနဲ့ မီဒီယာသမားတွေဟာ ခံစားကြုံတွေ့လာခဲ့ရပါတယ်။

၂၀၁၂ ခုနောက်ပိုင်းကနေ ပြည်တွင်းမှာ အောင်မြင်မှုရနေတဲ့ Development Media Group ဟာ ၂၀၁၃ က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိက္ခအတွင်းက မ.ဘ.သတွေရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြခဲ့တဲ့ဆောင်းပါး တစ်ပုဒ်ကြောင့် ၂၀၁၄ ခုနှစ်မှာ DMG ကို မ.ဘ.သတွေက သပိတ်မှောက်ခဲ့ကြပါတယ်။ ဂျာနယ်ဝယ်မဖတ်ဘဲ သပိတ်မှောက်ကြဖို့ မြို့ခံတက်ကြွသူတချို့နဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါဟာ ရခိုင်ပြည်ရဲ့ ပထမဦးဆုံး မီဒီယာတစ်ခုရဲ့ သတင်းလွတ်လပ်ခွင့်ကို တားဆီးလိုက်တာ ဖြစ်တယ်လို့ ဆိုရမှာပါ။ အဲဒီနောက်ပိုင်း ၂၀၁၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှာတော့ Root Investigative Agency RIA ရဲ့ အယ်ဒီတာချုပ်ဖြစ်တဲ့ ကိုမင်းမင်းနေအိမ်ကို ဗုံးခွဲတိုက်ခိုက်တာ ခံခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ သတင်းစာဆရာတစ်ဦးဖြစ်သလို၊ ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ကိုကျော်လင်း(ရောင်စုံ)ဟာ စစ်တွေမြို့ပေါ်မှာ ဓားထိုးခံခဲ့ရပါတယ်။ ကျော်လင်း(ရောင်စုံ)ဟာ ၂၀၂၀ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှာလည်း နေအိမ်ရှေ့ဖုန်းပြောနေ စဥ် ဂျင်ဂလိနဲ့ တစ်ကြိမ်ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ ဒါတွေကိုကြည့်မယ်ဆိုရင် ရခိုင့်နိုင်ငံ‌ရေး၊ ဘာသာရေးတွေကို ဝေဖန်ရေးသားတာတွေကြောင့်လို့ မှတ်ချက်ပြုနိုင်ပါတယ်။ သူတို့လုပ်ကြံခံရမှုတွေဟာလည်း အခုအချိန်ထိ လက်သည်မဖော်နိုင်သေးတဲ့ ရခိုင့်မီဒီယာတွေရဲ့ လုပ်ကြံခံရမှုတွေသာဖြစ်တယ်။

၂၀၁၀- ၂၀၁၅ ရခိုင်မီဒီယာလွတ်လပ်မှုကို ချိန်ကြည့်ခြင်း

၂၀၁၀ နောက်ပိုင်းသမ္မတဦးသိန်းစိန်အစိုးရနဲ့ အတူ ရခိုင်မီဒီယာ လွတ်လပ်မှုဟာ ပိုမိုအားကောင်းလာခဲ့ပါတယ်။ အရင်က မီဒီယာဆိုရင် ကြောက်သလို၊ လန့်သလိုနေခဲ့ကြတဲ့ ဌာနဆိုင်ရာ ထိပ်တန်းအရာရှိတွေတောင် မီဒီယာတွေကို အရေးတယူ ဆက်ဆံတာတွေ၊ နေရာပေးတာတွေ၊ သတင်းစာရှင်းလင်းပွဲ လုပ်လာတာတွေဟာ အစိုးရနဲ့ ပြည်သူကြားက မီဒီယာတွေအတွက် တော်တော်လေးကောင်းမွန်တဲ့ ဆက်ဆံမှုမျိုးလို့ ဆိုရမှာပါ။

သမ္မတဦးသိန်းစိန် လက်ထက် ရခိုင်က မီဒီယာတွေနဲ့ မီဒီယာသမားတွေကို အစိုးရအနေနဲ့ ဖမ်းဆီးအရေးယူမှု မရှိခဲ့ပါ။ ၂၀၁၅ ခု နောက်ပိုင်းမှာတော့ NLD နဲ့အတူ ရခိုင်မီဒီယာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

၂၀၁၈ ခုနောက်ပိုင်း ရခိုင်ပြည်တွင်း အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေရဲ့ အခက်အခဲတွေကို ကြုံတွေ့ခံစားလာရပါတယ်။ စစ်ကောင်စီက နေအိမ်မီးရှို့ခံမှု၊ ရွာသားတွေဆီက စားနပ်ရိက္ခာတွေကို အတင်းအဓမ္မယူဆောင်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရေးသားဖော်ပြတဲ့အတွက် ရခိုင် အခြေစိုက် မီဒီယာတွေဖြစ်တဲ့ Development Media Group၊ Narinjara သတင်းဌာနတွေကို ၂၀၁၉-၂၀၂၀ ခုနှစ်မှာ ထုတ်ဝေခွင့်တွေ ပိတ်သိမ်းပြီးတော့ သတင်းသမားတွေကိုပါ တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းမှုအလွန် ရခိုင်မီဒီယာများ

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှုအလွန်ကာလတွေမှာတော့ စစ်ကောင်စီဟာ ရခိုင်အခြေစိုက် မီဒီယာတွေကို တရားစွဲဆိုမှုတွေ ပိုပြီးတော့ လုပ်ဆောင်လာပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနဲ့ သတင်းထောက် ၁ ဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကနေ စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းအထိ ရခိုင်မီဒီယာတွေဖြစ်တဲ့ Western News၊ ၊ Border News Agency၊ Arakan Bay News စတဲ့ မီဒီယာတွေနဲ့ မီဒီယာသမားတွေကို စစ်ကောင်စီဟာ တရားစွဲဆိုပြီးတော့ အယ်ဒီတာချုပ်တွေကိုလည်း ဝရမ်းပြေးတွေ အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အဲဒီထဲက အဆိုးရွားဆုံးဖြစ်စဥ်တွေဖြစ်တဲ့ DMG သတင်းဌာနက သတင်းထောက် ကိုထက်အောင်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့မှာ သတင်းယူနေအစဥ်အတွင်း ဖမ်းဆီးခံခဲ့ရပြီး ရုံးအထိ လိုက်လံကာ ရုံးပိုင် ပစ္စည်းများကို သိမ်းဆည်းခြင်းအပါဝင် ရုံးဝန်ထမ်းတစ်ဦးကိုပါ စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ မြောက်ဦးဒေသခံ အလွတ်တန်း သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကိုမြတ်သူထွန်း(ခ)ဖိုးသီဟနဲ့ မြောက်ဦးဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကောင်စီက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နဲ့ တစ်နှစ်ကျော်အကြာတရားရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်အစပိုင်းမှာ AA က မြောက်ဦးမြို့ကို သိမ်းတဲ့အချိန်မှာ သူတို့ ၇ ယောက်လုံးကို စစ်ကောင်စီက ရက်စက်စွာသတ်ဖြတ်ခဲ့ ကြပါတယ်။

လက်ရှိရခိုင်သတင်းသမားဘဝ

ယခုလက်ရှိမှာတော့ အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်ထဲက မြို့အများစုကို သိမ်းပိုက်ထားပြီဖြစ်ပေမယ့် ရခိုင်သတင်းထောက်အများစုကတော့ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းကစပြီး စစ်ကောင်စီက ဖမ်းဆီးမှုတွေကို စိုးရိမ်တဲ့အတွက် နယ်စပ်ဖြတ်ကျော်လာကြတာတွေ၊ လွတ်မြောက်နယ်မြေတွေဆီ သွားရောက်နေထိုင်ကြတာတွေ၊ ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲတွေ၊ မိသားစု စားဝတ်နေ‌ရေး အခက်အခဲတွေကို အကြီးမားဆုံး ရင်ဆိုင်နေကြရဆဲပါတယ်။

လွတ်မြောက်နယ်မြေတွေမှာ တိုက်ပွဲတွေ မရှိတော့ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေကို စိုးရိမ်ရတာတွေ၊ ဖုန်း၊ အင်တာနက်လိုင်း အခက်အခဲတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေ၊ လျှပ်စစ်မီးပြတ်တောက်တာတွေကြောင့် မြေပြင်သတင်းရယူတဲ့အခါတွေမှာ အခက်အခဲတွေ များစွာရှိနေကြတာပါ။

ဒါ့အပြင် လုပ်ခလစာနဲ့ မြေပြင်က လုပ်ဆောင်ရတဲ့အပိုင်းတွေမှာလည်း ရခိုင်ပြည်ရဲ့ စက်သုံးဆီစျေးကြီးတာတွေ၊ ကုန်စျေးနှုန်းတွေစျေး ကြီးတာတွေကြောင့် ရခိုင်ပြည်က မြေပြင်သတင်းတွေကို ရေးသားနေကြတဲ့ သတင်းသမားတွေဟာ ဝင်ငွေနဲ့ ထွက်ငွေကို ချိန်ဆပြီးတော့ ကြပ်တည်းစွာ ရပ်တည်နေကြရပါတယ်။

နိဂုံး

အချုပ်အားဖြင့်ဆိုရရင် ရခိုင်ပြည်က သတင်းသမားတွေဟာ စစ်ရေးပဋိက္ခတွေ၊ လူမျိုးရေးပဋိက္ခတွေ၊ လူမျိုးရေး အမြင်တွေစတဲ့ ဘက်ပေါင်းများစွာအောက်က ဓါးသွားပေါ် လမ်းလျှောက်နေကြရသလိုပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်ပြည်ရဲ့ အနေအထားအရ ဒီပဋိပက္ခတွေ မချုပ်ငြိမ်းသမျှ ကာလပတ်လုံးတော့ ရခိုင်သတင်းသမားတွေရဲ့ ဘဝဟာ ဆုတ်လည်းစူး စားလည်းရူးအခြေအနေနဲ့ ရှင်သန်နေကြရမှာပဲ ဖြစ်ပါတယ်။

Related posts

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

ဂွမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦး ခြေ ၁ ဖက် ဆီ ဆုံးရှုံး