၁၃ သြဂတ်စ် မမေ့အပ်
ဒီကနေ့ဟာ စစ်တွေဆန်အရေးအခင်းဖြစ်ပွားခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။
၁၉၆၇ သြဂတ်စ် ၁၃ ရက်နေ့မှာ ဗိုလ်နေဝင်းစစ်အုပ်စုက စစ်တွေမြို့မှာ အေးချမ်းစွာ ဆန္ဒပြနေတဲ့ ရက္ခိုင်လူမျိုး ပြည်သူ (၂၀၀) ကျော်ကို ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းခဲ့တဲ့နေ့ ဖြစ်တယ်။
ရာသီဥတုဆိုးဝါးတဲ့ နှစ်တနှစ်ဖြစ်လို့ ရက္ခိုင်တပြည်လုံးမှာ ဆန်စပါးအထွက်နည်းပြီး စားနပ်ရိက္ခာ ရှားပါးခဲ့ပါတယ်။
ထွက်သမျှ ဆန်တွေကို ဗိုလ်နေဝင်းက နိုင်ငံခြားတင်ပို့ဖို့ အတင်းသိမ်းဆည်းပြီး စစ်တွေက ဆန်ဂိုဒေါင်တွေမှာ သိုလှောင်ထားပါတယ်။
ထမင်းမစားရတဲ့ ရက္ခိုင်ပြည်သူတွေက “ ပြုတ်ဆန်မစား ရက္ခိုင်သား” ” ဆန်ကွဲမစား ရက္ခိုင်သား” ဆိုတဲ့ ကြွေးကြော်သံတွေ တိုင်ကာ အငတ်ပြဿနာအတွက် ရဲရင့်စွာ လမ်းမပေါ်ချီတက် တောင်းဆို တိုက်ပွဲဝင်ခဲ့ပါတယ်။
ဒီလိုတောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ ရက္ခိုင်ပြည်သူတွေကို စစ်တပ်သုံးပြီး ဖြိုခွဲသတ်ဖြတ်ဖို့ ဗိုလ်နေဝင်းက အမိန့်ပေးလိုက်တဲ့အခါမှာ ကာယကံမြောက် ပစ်ခတ်နှိမ်နင်းဖို့ တာဝန်ယူခဲ့တာကတော့ ခလရ (၂၀) တပ်ရင်းမှုး ဒုဗိုလ်မှုးကြီး တင့်လွင် ဖြစ်ပြီး သူ့ကို အထက်ကနေ ညွှန်ကြားသူကတော့ အလယ်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်မှူးကြီးတင်ဦးပါပဲ။
အလယ်ပိုင်းတိုင်း တိုင်းမှုး ဗိုလ်မှုးကြီးတင်ဦးဆိုတာ အခြားသူ ဟုတ်ပါရိုးလား။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တည်ထောင်ခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးပါပဲ။
ဗမာပြည် စစ်ဗိုလ်ချုပ်တွေရဲ့ သမိုင်းကြောင်းဟာ ဘယ်လိုအရောင်အသွေးပြောင်းသွား ပြောင်းသွား သူတို့လုပ်ခဲ့တဲ့ အတိတ်ရဲ့အရိပ်မည်းတွေကတော့ သူတို့နဲ့အတူ တမလွန်အထိ ထပ်ချပ်မကွာ လိုက်ပါနေစမြဲဖြစ်တယ်။
စစ်တွေဆန်ပြဿနာကို လေ့လာသုံးသပ်ရရင် ကျနော်တို့ပြည်သူအားလုံးရဲ့ အခြေခံစားဝတ်နေရေးကိစ္စကိုတောင် စစ်အာဏာရှင်စနစ်က ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါဘူး။ ပြီးတော့ ပြည်သူတွေ အငတ်ဘေးဆိုက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက စစ်အာဏာရှင်စနစ်ကြောင့်ပဲ ဖြစ်တယ်။
စစ်အုပ်စုရဲ့ အာဏာကို လက်သီးဆုပ်သလို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အသုံးမကျတဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုတွေကြောင့် အခုလို အငတ်ဘေး၊ ကပ်ဘေးတွေ ပေါ်ပေါက်လာရတာ ဖြစ်တယ်။ဒါကြောင့် စစ်တွေဆန်ပြဿနာရဲ့ အဓိကတရားခံဟာ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ဖြစ်တယ်။
လူပေါင်း( ၂၀၀) လောက်ကို တပြိုင်တည်း သတ်ဖြတ်ဖြေရှင်းလိုက်တဲ့အတွက် ရက္ခိုင်လူမျိုးတွေဟာ စိတ်အနာကြီး နာသွားခဲ့ရတယ်။ဟိုးအရင် ဘိုးတော်မောင်ဝိုင်းလက်ထက်ကလည်း ဗမာတွေက ရက္ခိုင်တွေကို သတ်ခဲ့တယ်ဆိုတဲ့ အိပ်ရာဝင်ပုံပြင်တွေကို နားထောင်ခဲ့ရတဲ့ ရက္ခိုင်ကလေးငယ်တွေဟာ ဗမာလူမျိုးတွေအပေါ်မှာ နာကြဥ်းမုန်းတီးခဲ့တယ်။
စစ်တွေဆန်ပြဿနာအပြင် ရက္ခိုင်ဘက်မှာ စစ်တပ်က ကြုံရင်ကြုံသလို လူသတ်၊ လုယက်၊ မုဒိန်းကျင့်တာတွေ ဆက်တိုက်ရှိခဲ့တယ်။
NLD အစိုးရလက်ထက်မှာလည်း ရက္ခိုင့်အချုပ်အခြာအာဏာဆုံးရှုံးတဲ့အထိမ်းအမှတ်နေ့မှာ ဆန္ဒပြတဲ့လူငယ်တွေ သတ်ခံခဲ့ရတာကို သတိရမိပါတယ်။
စစ်အာဏာရှင်စနစ် ရှိနေသေးသရွေ့ လူမျိုးစုတွေအပေါ် မှန်မှန်ကန်ကန် ဆက်ဆံမှာမဟုတ်သလို လူမျိုးစုဖြစ်ခြင်းကိစ္စအပေါ် အကြောင်းပြုပြီး ပုံစံမျိုးစုံနဲ့ နှိပ်ကွပ်မှုတွေရှိလာမှာပဲ ဖြစ်တယ်။
ရက္ခိုင်ကမ်းလွန်က ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့အတွက် တလ တလကို ဒေါ်လာသန်းချီပြီး ဝင်ငွေရနေပေမယ့် ရက္ခိုင်ရွာတွေကို လျှပ်စစ်မီးတောင် မပေးထားတာကို တွေ့ရပါတယ်။
ကျနော်တို့ ကျောက်ဖြူ မဒေးကျွန်းရောက်တုန်းကလည်း တရုတ်ပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့စက်ရုံဘေးက ရွာကလေးမှာ ပညာသင်ရတဲ့ ကလေးတွေအတွက် မူလတန်းကျောင်းတောင် ခိုင်ခိုင်မာမာ မတည်ဆောက်ပေးထားတာကို မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရပါတယ်။
တောထဲက ယာစောင့်တဲကမှ အဲ့ဒီစာသင်ကျောင်းထက်ပိုပြီး လုံခြုံတောင့်တင်းနေသေးတယ်လို့ ပြောရမှာပါ။
စီးပွားရေးအရင်းအမြစ်မှန်သမျှကို စစ်အုပ်စုက လက်ဝါးကြီးအုပ်ထားတဲ့အတွက် ပြည်သူတွေ ဆင်းရဲမွဲတေနေတယ်လို့ သေသေချာချာ အခိုင်အမာ နားလည်သဘောပေါက်ရင် ရက္ခိုင်အပါအဝင် နေရာတိုင်းမှာ လူမျိုးစုပြဿနာတင်မကဘဲ လူတန်းစားပြဿနာပါ ရှိနေတယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။
စစ်အုပ်စုကို ဖြုတ်ချတဲ့နေရာမှာ လူမျိုးစုတော်လှန်ရေးအဖွဲ့တွေက လူမျိုးစုအလံလွှင့်ပြီး တော်လှန်နေတာဟာ တစိတ်တဒေသအားဖြင့် မှန်ကန်တယ်၊ တရားမျှတတယ်၊ လက်တွေကျတယ်။ ဘာလို့လည်းဆိုရင် ဒီစစ်တပ်ဟာ လူမျိုးကြီးဝါဒ လက္ခဏာဆောင်နေလို့ပဲ ဖြစ်တယ်။
ဒါပေမယ့်လည်း တစိတ်တဒေသအားဖြင့်တော့ ဟာကွက်၊ လိုအပ်ချက်ရှိနေသေးတယ်။ လူတန်းစားတိုက်ပွဲနဲ့ ပေါင်းစပ်ဖို့ သေချာပေါက် ကျန်ရှိနေသေးလို့ ဖြစ်တယ်။
လူမျိုးစု တော်လှန်ရေးအင်အားစုတွေဟာ ဒီနွေဦးတော်လှန်ရေးမှာ အဆိုပါကွက်လပ်ကို တတ်အားသရွေ့ ဖြည့်ဖို့လည်း ကြိုးစားနေတာကို တွေ့နေရပါတယ်။
မဖြည့်လို့လည်း မရပါဘူး။ ဘာလို့လဲဆိုရင် ကျနော်တို့ ရန်သူစစ်တပ်ဟာ အရင်းရှင်လူတန်းစား လက္ခဏာလည်း ဆောင်နေတဲ့အတွက် ဖြစ်တယ်။ စစ်ဗျုရိုကရက်အရင်းရှင်စနစ်ကိုပါ ဖြိုလှဲချပစ်မှ ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ပြီးပြည့်စုံတဲ့ အောင်ပွဲကို ရလိမ့်မယ်။
စစ်အုပ်စုရဲ့ လူမျိုးကြီးဝါဒဘက်ခြမ်း တခြမ်းတည်းကို ကွက်ဖြိုလို့ မရဘူး။ စစ်အုပ်စုရဲ့ အရင်းရှင်လူတန်းစား အတွေးအခေါ်ဘက် အခြမ်းကိုလည်း တဆက်တည်း ဖြိုပစ်မှကို ရလိမ့်မယ်။
လူမျိုးစုတော်လှန်ရေး ( အမျိုးသားဒီမိုကရေစီတော်လှန်ရေး) နဲ့ လူတန်းစားတော်လှန်ရေး (ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး) အတွေးအခေါ်နှစ်ရပ် မဟာမိတ်ဖွဲ့ပြီး မဟာလူမျိုးကြီးဝါဒီ စစ်အာဏာရှင် အရင်းရှင်လူတန်းစားကို တွန်းလှန်ရမှာ ဖြစ်တယ်။
တပြည်လုံးအတိုင်းအတာ တော်လှန်ရေးရဲ့ အလှည့်အပြောင်းအဖြစ် လူတန်းစားအတွေးအခေါ်ရှိတဲ့ တော်လှန်ရေးအင်အားစုဆိုတာ အခိုင်အမာလက်တွေ့အရ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို တက်လှမ်းရောက်ရှိဖို့ လိုနေတယ်။
ဒီကနေ့ တော်လှန်ရေးဦးဆောင်မှု အခန်းကဏ္ဍရောက်ရှိနေတဲ့ အင်အားစုတွေမှာ မှန်ကန်တဲ့ လူတန်းစား အတွေးအခေါ်ချို့တဲ့သလို မှန်ကန်တဲ့ လူတန်းစား ကိုယ်စားပြုမှုလည်း မရှိနေတာကို တွေ့ရတယ်။ ပြီးတော့ လူမျိုးစု တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံရာမှာလည်း မှန်ကန်တဲ့ သဘောထားရှိဖို့ အလွန်အရေးကြီးတယ်။
လူမျိုးစု လွတ်မြောက်ရေး၊ ခွဲထွက်ခွင့် အပါဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူမျိုးစုတိုင်း တန်းတူညီမျှရေးကို သေသေချာချာ ကျေကျေလည်လည် နားလည်သဘောပေါက်ပြီး လက်ခံဖို့လိုသလို တဖက်မှာလည်း လူတန်းစား တန်းတူညီမျှရေး ၊အဖိနှိပ်ခံ လူတန်းစားလွတ်မြောက်ရေးနဲ့ လူတန်းစား သွေးစည်းညီညွတ်ရေးကို အရှိန်အဟုန်တည့် ဆွဲတင်နိုင်မှသာ ကျနော်တို့ရဲ့ တော်လှန်ရေး မိုးကုပ်စက်ဝိုင်းဟာ ဒီထက် ပိုကျယ်ပြန့်လာမယ်။
တော်လှန်ရေးရဲ့ တောက်ပတဲ့ အနာဂတ်၊ ထွန်းလင်းတဲ့မနက်ဖြန်ကို မြင်တွေ့ချင်တယ်ဆိုရင် စစ်တွေဆန်ပြဿနာကနေ သင်ခန်းစာ ထုတ်ယူကြ။ လူမျိုးစုနဲ့ လူတန်းစားကြား စေ့စပ်ညှိနှိုင်းကြ။ ဘုံရန်သူကို အပြီးသတ်ဖြိုလှဲပစ်ကြ။
ဒါပဲ။
ကျော်ကိုကို
သြဂတ်စ် ၁၃၊ ၂၀၂၅။