ကမ်းနားလမ်း ရေထိန်းဘောင်ခုံလေးပေါ်မှာ ထိုင်ပြီးတော့ ရှုခင်းသာ “လ” ရဲ့ လှပမှုတွေကို ခံစားဖူးခဲ့ပါတယ်။ ကစ္ဆပနဒီရဲ့ ရေပြင်မှာ လဲ့လဲ့ခတ်နေတဲ့ လရိပ်သာ လှိုင်းကလေးတွေအောက်က ရွှေရောင်ငါးတွေလို ကမ်းခြေဆီ ဦးတိုက်လာနေတယ်လို့ ထင်မိတယ်။
ဒီမြစ်၊ ဒီလမ်း၊ ဒီခုံတန်း၊ ရှုခင်းသာမှာ သာတဲ့ ”လ” နဲ့ ဝေးကွာလာခဲ့ကြရတာ ကြာပါပြီ။ ကမ်းနား ရေထိန်းခုံလေးက ထိုင်ကြည့်လိုက်ရင် လရိပ်အောက် ရေပြင်မှာ တရွေ့ရွေ့လှုပ်ရှားနေကြတဲ့ ငါးဖမ်းလှေတွေ။ မီးရောင် မှိတ်တုတ်၊ မှိတ်တုတ် ရွေ့လျားသွားကြတာဟာ ကမ်းခြေပေါ်ကလူတွေအတွက်တော့ ညရဲ့ ပန်းချီကား တစ်ချပ်လိုပါ။
ဟိုး…အဝေး မှုန်ဝါးဝါးဆီက မြေငူကျွန်းက တောင်တန်းကြီးတွေကလည်း ညရဲ့ လရိပ်အောက်မှာ ဆွေးမြဲ့ဖွယ် ကောင်းတဲ့ အရိပ်တွေကို တစ်ခါတစ်ခါတော့ အတွေးထဲ မှုန်ဝါးဝါး ပေါ်လာတတ်ကြပါတယ်။
စစ်တွေရဲ့ အကန့်သတ်မဲ့ လွတ်လပ်တဲ့အချိန်တွေတိုင်းမှာ ရှုခင်းသာမှာ သာတဲ့ ”လ” နဲ့ ရင်းနှီးခဲ့ပါတယ်။ တက္ကသိုလ်တုန်းက သူငယ်ချင်းတွေနဲ့ ဂီတာမတောက် တခေါက်တီးပြီး ရှုခင်းသာ ”လ” ကိုအကြိမ်များစွာ ငေးကြည့်ဖူးတယ်။ ဒီလိုပါပဲ ကိုခိုင်ကျော်လင်းရဲ့ ရှုခင်းသာ “လ” သီချင်းကို အကြိမ်များစွာ ဆိုခဲ့ဖူးပါတယ်။
ရှုခင်းသာလမ်းပေါ်မှာ ထိုင်ပြီးတော့ ရှုခင်းသာ ”လ” ဆိုလိုက်ရရင် လရိပ်နဲ့ ရေပြင်ဟာ ရင်ကို လှိုက်ခတ်လာပြီးတော့ နုအိတဲ့ အတွေးစတွေနဲ့ တစ်ခုခုကို လှုပ်နိုးခံလိုက်သလို ခံစားမိတာကတော့ အမှန်ပါ။ ဒါပေမယ့် ဒီခံစားမှုကို အဖြေ မထုတ်နိုင်ခဲ့ပါဘူး။ အကြိမ်များစွာ ဆိုခဲ့ဖူးတဲ့ ရှုခင်းသာ ”လ” သီချင်းထဲက ဖြစ်ပေါ်လာတဲ့ ခံစားမှုတွေက ဘာလဲလို့ မေးခွန်း မထုတ်မိခဲ့ပါဘူး။
ဒါပေမယ့် ရှုခင်းသာ “ လ ‘ နဲ့ နှစ်အတော်လေး ဝေးလာတော့ ဒီသီချင်းလေးကို သတိတရ ပြန်ဆိုမိပါတယ်။ ပြန်ဆိုတယ် ဆိုတာကလည်း အလိုအလျှောက် ပါးစပ်ကထဲ ရေရွတ်နေသလိုမျိုးပါ။ သီချင်းက စာသားတွေက နုညံ့သလို သံစဉ်က ချိုမြိန်ဆွေးမြေ့ဖို့ ကောင်းလှပါတယ်။
“ဝိုင်း…ဝိုင်း…စက်စက်… လပြည့်နီရေ ညဉ့်တစ်ညဉ့်မှာ သူငယ်ချင်း.. ဘော်ဒါတိနဲ့ ရှုခင်းသာ တံတားမှာထိုင်”
“သာယာငြိမ်သိမ် အဖရိပ်နန်းမြေ သျှိုက်စရာသျှေ… ထာဝစဉ်ခိုလှုံ ရက္ခနန်းမြေ မလှည့်ထွက် ချင်သိဝေ…. လဆုတ်..လကွယ် ကမ္ဘာခွဲထားရရေ။ လမင်းဘဝပိုင် မကြာခင်အရောက် လှမ်းလတ်မေ ကျေးဇူးဆပ်ဖို့ အဖအရိပ်ကို စိတ်ဆုံးဖြတ်ဗျာလ်…………….ယုံကြည်ခွင့်လွှတ်နိုင်စီ…. အိုရှုခင်းသာ လ……”။
အပေါ်က စာပုဒ်ကလေးကို အကြိမ်များစွာ ရွတ်ဆိုမိတယ်။ သာယာလှပတဲ့ ချစ်ခင် ချိုမြိန်တဲ့ ဘိုးဘေးတို့ရဲ့ အရိပ် အဖရခိုင်ပြည်ကြီး။ အာရက္ခတွေရဲ့ ဘိုးဘေးတွေရဲ့ နှလုံး သွေး၊ ချစ်ခြင်းမေတ္တာတရားတွေ၊ ငြိမ်းချမ်းရေးသင်္ကေတတွေနဲ့ တည်ဆောက်ထား တဲ့ အမွေအနှစ်တွေ။ ထာဝရ ဒီမြေ၊ ဒီရေ၊ ဒီအရိပ်အောက်မှာ နေချင်ခဲ့ပါတယ်။ ဒါပေမယ့် လမင်းကြီးဟာ ခဏတဖြုတ် ကမ္ဘာကြီးကို ခွဲခွာသွားသလို။ ကျွန်တော်တို့ တွေဟာ ခွဲခွာလာရမှာဖြစ်ပြီးတော့ လမင်းကြီးလိုပဲ အေးချမ်းကြည်လင်တဲ့ တောက်ပ မှုတွေနဲ့ ကမ္ဘာကြီးကို အလင်းပေးဖို့ ရောက်အောင်လာခဲ့မယ်။
အဖရိပ်မြေက ခက်ခဲမှုတွေ၊ အဖမြေရဲ့ နာကျင်မှုတွေ၊ အဖမြေရဲ့ဆာလောင်မှုတွေကို၊ အဖမြေရဲ့ ပျော်ရွှင်လွတ်လပ်မှုတွေအားလုံးကို အတူတကွခံစားဖို့ ပြန်ခဲ့မယ်။ ဒါ့ကြောင့် ယုံကြည်ခွင့်လွှတ်နိုင်ပါစေ ဆိုပြီးတော့ ရှုခင်းသာ “လ” တိုင်တည်ထားခဲ့ကြ တယ်။
“ကျေးဇူးဆပ်ဖို့ အရောက်လှမ်းလပ်မေ အဖအရိပ်ကို……………ယုံကြည် ခွင့်လွှတ်နိုင်စီ” ဆိုတဲ့ စာသားလေးကို ပြန်ပြန်ပြီး ရွတ်နေမိခဲ့ပါတယ်။ ဘာကြောင့် ဒီစာကြောင်းလေးကို ကျွန်တော် ထပ်ခါ ထပ်ခါရွတ်နေမိသလဲဆိုရင် အခုအချိန်မှာ တော်တော်လေး အရေးကြီးတဲ့ အရာလေးတွေ ဒီစာကြောင်းမှာ ပါနေသလားလို့ တွေးမိပါတယ်။
အကြောင်းမျိုးစုံနဲ့ ဝေးရာအရပ်တွေဆီကို ဦးတည် ပျံသန်းလာကြတဲ့အထဲမှာ ရွယ်ရည်ချက် ဦးတည်ချက်တွေ အပြည့်နဲ့ လူငယ်တွေဟာလည်း အပါအဝင် ဖြစ်ပါတယ်။ ဒုက္ခတွေကို ခါးစည်းခံပြီး ကျားကုတ်၊ ကျားခဲ ကြိုးစားနေတဲ့ လူငယ်၊ လူလတ်ပိုင်းတွေနဲ့ ဆုံဖူးပါတယ်။ ဆံပင်ညှပ်သင်တဲ့ လူငယ်က ကိုယ်ဆီရောက်ရင် ဆိုင်ကောင်းကောင်း ဖွင့်ဖို့၊ ဖုန်းပြင်တဲ့ လူငယ်လေးက ဖုန်းဆိုင်လေးဖွင့်ဖို့၊ စာသင်တဲ့ ကလေးမှာ ဒီလို ဦးတည်ချက်လေးတွေ ရှိကြပါတယ်။
တချို့ကျတော့ တိုင်ပြည်ရဲ့ ကျရာတာဝန်တွေကိုထမ်းဆောင်ကြဖို့။ ဒီအတွက် အိမ်ပြန်ကြဖို့ အကုန်လုံးမှာ ဆန္ဒ အပြည့်အဝနဲ့ပါပဲ။
အိမ်ပြန်ဖို့ ဆန္ဒတွေ အကုန်လုံးရှိတယ် ဆိုပေမယ့် မေးခွန်းတချို့က ကျန်နေခဲ့ပါတယ်။
“ကျနော်တို့၊ ကျမတို့ ပြန်ရင်၊ ဘယ်လို လက်ခံကြမှာလဲ။ ဘယ်လို ဆက်ဆံကြမလဲ။ ဘယ်လို မြင်ကြမလဲ။” ဆိုတဲ့ မေးခွန်းလေးပါ။ တချို့ သော အမြင်တွေက မတတ်သာလို့တိမ်းရှောင်ကြတယ်လို့ မမြင်ကြဘဲ သူရဲဘောကြောင် သူတွေအဖြစ် မြင်ကြတယ်။ တချို့သော အပြောတွေက မိမိတို့လူမျိုးကို သစ္စာဖောက်သွားသလို ပြောဆိုကြတယ်။ တချို့က ဘာမှမလုပ်ဘဲ အေးချမ်းတဲ့အချိန် နေရာကောင်းလာယူလိမ့်မယ်ဆိုတဲ့ အယူအဆလေးတွေ ရှိနေကြတယ်။
“ကျနော်တို့၊ ကျမတို့ ပြန်ရင်၊ ဘယ်လို လက်ခံကြမှာလဲ။ ဘယ်လိုဆက်ဆံကြမလဲ။ ဘယ်လို မြင်ကြမလဲ။” ဝမ်းပန်းတသာနဲ့ လက်ခံကြမှာလား။ ဒါမှမဟုတ်ရင် သူစိမ်းတွေလိုများ အကြည့်ရဲရဲကြီးရဲ့ အောက်မှာ ခေါင်းမဖော်ဝံ့အောင် နေရမလား။
အလွန်ခက်ခဲတဲ့ အချိန်မှန်း သိပါတယ်။ အလွန်ဆိုးရွားတဲ့ အခြေအနေမှန်းကိုလည်း သိကြပါတယ်။ ဒါပေမယ့် မတတ်သာလို့ ထွက်ခွာလာခဲ့ကြတာပဲ ဖြစ်တယ်။
မီးလောင်ပြာကျသွားတဲ့ ရွာတွေ၊ မြို့တွေ၊ အိုးအိမ်ပျောက်သွားတဲ့ မိသားစုတွေ။ ဒီလူတွေ စားကြတဲ့ ဆန်ကြမ်းကြမ်း ထမင်းလုတ်တွေထဲမှာ နိုင်ငံရပ်ခြားက စွန့်စားနေရတဲ့ အသက်တွေ ပါဝင်ပါတယ်။
ဒီလူတွေရဲ့ တာပေါ်လီမိုးတဲ့ တဲအိမ်စုတ်ကလေးတွေအောက်မှာ နိုင်ငံရပ်ခြားက နံ့စော်နေတဲ့ အခန်းကျဉ်းကျဉ်းထဲက ဘဝတွေ ပါဝင်ပါတယ်။ လက်ပေါက်အောင် ပန်းရံလုပ်ပြီး ရလာတဲ့ ငွေကလေးတွေဟာ စစ်ဖြစ်တဲ့ရပ်ဝန်းက မိသားစုတွေရဲ့ မျက်ရည်တွေ စိုရုံလေး သုတ်ပေးနိုင်ကြတယ်။ သစ်စက်ထဲ လက်ချောင်းပါသွားတဲ့ သားက အမေ့ဆီ အသိမပေးဘဲ ငွေလေး လွှဲပို့နေတယ်။ ဒါတွေဘယ် ကအုံးမှာလဲ ရပ်ရွာမှာ ရွာရိုးကိုးပေါက် လျှောက်သွားနေဖူးတဲ့ လူငယ်က စစ်မက်ဖြစ်တဲ့နေရာက မိသားစုတွေအတွက် ဘုရားရှေ့ရှိခိုးပြီး ဆုတောင်းနေရှာတယ်။
ဒီလူတွေဟာ သစ္စာဖောက်တွေလား။ လူမျိုးကို မချစ်လို့ စွန့်သွားသူတွေလား။ ကိုယ်လွတ်ရှောင်ခွာ ပြေးသူတွေလား။ တိုင်းပြည်အေးချမ်းတဲ့အချိန်မှာ အခန့်သားလာပြီး နေရာကောင်းယူကြမဲ့ သူတွေများလား။ (ဒီလိုမျိုး အခန့်သား ထိုင်ခုံလိုချင်ကြသူတချို့လည်း ရှိကောင်းရှိနိုင်ပါရဲ့၊ ဒါပေမယ့် ခွဲခြားဖို့တော့ လိုအပ်ပါတယ်)
တချိန်ချိန်မှာတော့ ဒီလူတွေဟာ ဇာတိမြေကို အောင့်မေ့လွမ်းဆွတ်ပြီး အပြေးပြန်လာကြ မှာတော့ သေရှာပါတယ်။ ဆိုတော့ အပေါ်ကပြောခဲ့သလိုပါပဲ။ ပန်းရံတတ်တဲ့လူ၊ ဆံပင်ညှပ်တဲ့လူ၊ သစ်စက်ကျွမ်းကျင်တဲ့သူ တစ်ခြားသော အောက်ခြေ အလုပ်ကြမ်းတွေကနေ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင်ယူ နေကြတဲ့ ရဟန်းတော်တွေ၊ လူပုဂ္ဂိုလ်တွေဟာ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဇာတိ အရိပ်မှာ ပြန်လည်ကျေးဇူးဆပ်ဖို့ လာခဲ့ရင် ကိုခိုင်ကျော်လင်းရဲ့ သီချင်းစာသား ထဲကလို “ကျေးဇူးဆပ်ဖို့ အဖအရိပ်ကိုတော့ အရောက်လှမ်းခဲ့ပါမယ် ဒါပမယ့် ယုံကြည့် ခွင့်လွှတ်နိုင်ပါ့မလား။
ကိုခိုင်ကျော်လင်း ဆုတောင်းသလိုမျိုး “ကျေးဇူးဆပ်ဖို့ အဖအရိပ် ကို..အရောက် လှမ်းလတ်မယ် ယုံကြည် ခွင့်လွှတ်နိုင်စီ”… အို…. ရှုခင်းသာ “ လ” လို့ တိုင်တည် ဆုမွန်တောင်းပါတယ်။
“အာရက္ခတွေရဲ့ သွေးတစက်ဖြစ်ခဲ့ရင်၊ အာရက္ခတွေရဲ့ ဘိုးဘေးမြေကို ပြန်လာခဲ့ကြရင် ကျွန်တော်တို့အိမ်ပြန်လာခဲ့ကြရင် မျက်လုံးစိမ်းတွေရဲ့ အကြည့်အောက်မှာ သံသယတွေနဲ့ ကြည့်နေကြမှာလား။ ဒါမှမဟုတ် နွေးထွေးလုံခြုံတဲ့ မိသားစုတွေ ပြန်တွေ့ကြသလို ဆီးကြိုနှုတ်ဆက်နိုင်မှာလား” ဆိုတာ
တကယ်တော့ ကျွန်တော်ဟာ ဟိုး……..အဝေးက စစ်တွေရဲ့ ကောင်းကင်ယံ၊ ကစ္ဆပနဒီမြစ်ရဲ့ မျက်နှာပြင်ပေါ်မှာ သာလို့ ရှိနေမယ့် ရှုခင်းသာ “လ” ကိုသာ မေးကြည့်လိုက်ချင်ပါတယ်။
စိမ်းကိုကို