(အာရက္ခတပ်တော် ဗိုလ်မှူးကြီး ကျော်ဟန်၏ ဘဝပုံရိပ်များ – ၉)
****
(ဌေးဝင်း)
သူတို့ ငါ့ကို အိပ်ဆေးခတ် စစ်ဆေးပြီး နောက်တရက် မနက် ၇ နာရီလောက်မှာ ဘီစကွတ် မုန့်ခြောက် အနည်းငယ်နဲ့ လဘက်ရည်တခွက် လာပေးတယ်။
ဒီလို လာပေးတဲ့ ထောက်လှမ်းရေးက ငါ့ကို နေ့တိုင်း လာပြီး ဘီလူးဆိုင်း တီးနေကြတဲ့ ကောင်တွေနဲ့ မတူဘူး။ သူက အသားဖြူဖြူ။ အရပ်မြင့်မြင့် နဲ့ ရည်ရည်မွန်မွန်ဘဲ။ စကားကို ချိုချိုသာသာ ပြောပြီး မိတ်ဆက်တယ်။ သူ့နာမည်မှာ စိုင်းပါတယ်။ နာမည် အပြည့်အစုံတော့ မမှတ်မိတော့ဘူး။ သူက ရှမ်းလူမျိုးလို့ သူ့ကိုယ်သူ မိတ်ဆက်တယ်။ သူဟာ ငါ့ကို ချော့မော့ဖျောင်းဖျပြီး အမှန်အတိုင်း ဝန်ခံထွက်ဆိုလိုက်ပါ လို့ ညင်ညင်သာသာနဲ့ ပြောရင်း လဘက်ရည်နဲ့ မုန့်ကို ငါ့ကို ခွံ့ကျွေးပြီးနောက် ပြန်ထွက်သွားတယ်။
နံနက် ကိုး နာရီခွဲ အချိန်လောက်မှာတော့ စိန်ဝင်းနဲ့ လှမြင့် ရောက်လာကြတယ်။ သူတို့လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်ထဲက မေးခွန်းတွေကို တစ်ခုပြီးတစ်ခု မေးကြတယ်။ ဒီလို မေးတဲ့နေရာမှာ အရင် မေးပြီးသား မေးခွန်းအပြင် နောက်ထပ် မေးခွန်အသစ်တွေ ပါလာတယ်။ ဒီမေးခွန်းတွေကို ကြားလိုက်ရစဉ်မှာ ငါ့စိတ်ထဲ လုံးဝ သေချာသွားတာ တခုက ငါနဲ့ အလုပ်အတူ တွဲလုပ်ဖို့ တာဝန်ပေးလိုက်တဲသူက သူလျှို အကြီးစားတယောက် ဖြစ်နေတယ် ဆိုတာပါဘဲ။
စိန်ဝင်းက လေသံ ခပ်မာမာနဲ့ ပြောလိုက်တာက
“ဟေ့ကောင် .. သူပုန်.. မင်း သိထားရမှာက ငါတို့က မပိုင်ရင် ဘယ်တော့မှ မလုပ်ဘူး.. ကွ။ ငါလိုးမသား.. မအေလိုး.. မင်း ထပ်ပြီး အသားနာခံပြီးမှ ထွက်လာတဲ့ အဖြေကို ငါ .. မလိုချင်ဘူးနော်”
ဆိုပြီး ခြိမ်းခြောက်ပြောဆိုပြီး ဆယ်နာရီခွဲလောက်မှာ သူတို့ ပြန်ထွက်သွားကြတယ်။
ဆယ့်တနာရီကျော်လောက်မှာ မနက်စောစောက တခေါက်လာသွားတဲ့ ရှမ်းလူမျိုး စစ်ထောက်လှမ်းရေး ပြန်လာပြီး ငါ့ကို ထမင်းလာကျွေးတယ်။ ရေလည်းတိုက်တယ်။ မန္တလေးဘီယာပုလင်းခွံ ဖန်ပုလင်းနဲ့လည်း ရေတပုလင်းကို စားပွဲခုံပေါ်မှာ ချပေးသွားပြီး သူ ပြန်ထွက်သွားတယ်။
သူ ပြန်သွားပြီးနောက် ငါဟာ ရေသောက်ဖို့ ရေပုလင်းကို ကိုင်လိုက်တော့ ငါ့လက်က ဘာမှ အထိအတွေ့ကို မသိသလို လက်ငါးချောင်းကလည်း တချောင်းမှ ကုတ်လို့ ကွေးလို့ မရဘူး ဖြစ်နေကြတယ်။ ဒါကြောင့် လက်ဝါးတဘက်နဲ့ ပုလင်းအောက်ခြေကထိန်းပြီး နောက်လက်တဘက်နဲ့ ပုလင်းနှုတ်ခမ်းကို စောင်းပြီး ပါးစပ်ကို ပုလင်းအဝနားကို တေ့ကာ ကြိုးစားပြီး သောက်ရတယ်။ အဲဒီအချိန်မှာ ထပ်ပြီး သတိထားမိလိုက်တာက ငါ့ရဲ့ ဘယ် ညာ နှစ်ဘက် လက်မောင်းကြွက်သားနဲ့ လက်ဖျံရိုးတွေလည်း ထုံကျဉ်နေသလို ဝမ်းဗိုက်သား တခုလုံးလည်း ထုံကျဉ်နေတာကို သိလိုက်ရတယ်။
နေ့လည် နှစ်နာရီလောက်မှာ ငါ့အခန်းရှေ့က သော့တွဲသံ တချွင်ချွင် ကြားနေရတယ်။ ဘယ်သူ့အခန်းကို လာဖွင့်တာလဲ။ ငါ့အခန်းလား။ ငါ့အခန်းတော့ မဟုတ်ပါစေနဲ့လို့ စိတ်က ဆုတောင်းနေမိတယ်။ သော့သံ ကြားရပြီးရင် တယောက်ယောက်တော့ ခေါ်ထုတ်တာကို ခံကြရတာကိုး။ ငါ့ဆုတောင်း မပြည့်ခဲ့ပါဘူး။ ငါနေတဲ့အခန်းကိုဖွင့်ပြီး ငါ့ကို ခေါ်ထုတ်သွားကြတယ်။ အရင်နေ့က နှိပ်စက် စစ်ဆေးတဲ့ နေရာကိုဘဲ ပြန်ခေါ်သွားတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ကြိုးနဲ့ မချည်တော့ဘူး။
လှမြင့်က
“မင်း လေယာဉ်ပျံ ဆက်တိုက်စီးတာ မကောင်းဘူး”
လို့ ပြောတယ်။
ထုတ်တန်းမှာ ကြိုးနဲ့ တွဲပြီး နှိပ်စက် ညှဉ်းပန်းတာကို သူတို့က လေယျာဉ်ပျံစီးတာလို့ သူတိုရဲ့စကားဝှက် နဲ့ ပြောတယ်။ တဆက်တည်းမှာဘဲ
“ဒီနေ့တော့ သင်္ဘောစီးမယ်”
လို့ သူက ထပ်ပြောတယ်။
ပြီးနောက် ငါ့ကို ခုံတန်းရှည်တစ်ခုပေါ်မှာ လှဲခိုင်းပြီး ခြေခြင်းဝတ်လောက်ကနေ ခြေနှစ်ဘက်ကို ကြိုးနဲ့ ချည်တယ်။ ဒူးဆစ်နားက ချည်တယ်။ ခါးက ချည်တယ်။ ရင်ဘတ်နေရာက ချည်တယ်။ ငါ့ကိုယ်ခန္ဓာဟာ ကောက်ညှင်းထုပ် စည်းထားသလို စည်းထားခြင်း ခံရတယ်။
အဲလိုကြိုးနဲ့ ချည်နေတုန်း ငါ့နံဘေးမှာ ရှိနေတဲ့ စိန်ဝင်းဟာ ငါ့ရဲ့ ညာဘက်လက်ကောက်ဝတ် အပေါ်နားမှာ ရက္ခိုင်စာနဲ့ ဆေးမှင်ရေးထိုးထားတဲ့ “ရက္ခိုင်သွီး” ဆိုတဲ့ တက်တူးကို လက်နဲ့ကိုင်ပြီးတော့ လှောင်ပြောင် ရယ်သွမ်းသွေးလိုက်ပုံက
“ဟေ့ကောင် ကျော်ဟန်.. သူပုန်။ မင်းမှာ အခု ရက္ခိုင်သွေး ကျန်နေသေးလား ဟင်.. ငါလိုးမသား ရက္ခိုင်သွေးတဲ့..လား။ အဲဒီလို သွေးမျိုး တစ်စက်မှမကျန်အောင် ငါလုပ်ပြမယ်”
လို့ ကြုံးဝါးလိုက်ပြန်တယ်။
ပြီးတော့မှ ငါ့ မျက်နှာပေါ်မှာ အဝတ်စတခုနဲ့ ဖုံးအုပ်လိုက်တယ်။ အဲဒီနောက် လုပ်သားမောင်ဆေးဗူးအခွံ ပလတ်စတစ် ခွက်သေးသေးလေးတခုနဲ့ ငါ့မျက်နှာပေါ်မှာ ရေတစ်ခွက်ချင်း တခွက်ချင်း တခွက်ပြီး တစ်ခွက် ဆက်တိုက် ဖြည်းဖြည်းလေး သွန်ချတယ်။ ကြာလာတော့ ငါဟာ ရေနစ်သူလို မွန်းကျပ်လာတယ်။ လေကို ရှူငင်လိုက်တိုင်း နှာခေါင်းနဲ့ ပါးစပ်က နည်းနည်းစီ စီးဝင်လာတဲ့ ရေတွေကလည်း ဗိုက်ထဲမှာ ပြည့်ဖောင်းလာကြတယ်။
အဲသလို ဖြစ်လာရင် သူတို့က ငါ့ဗိုက်ကို တက်နင်းလိုက်တယ်။ ဒီတော့ ရေတွေက ပါးစပ်ထဲက ပြန်အန်ထွက်ကြတယ်။
ပထမတော့ ရေငတ်နေတုန်း ရေသောက်ရတာဘဲ ဆိုပြီး စိတ်ထဲက ဖြစ်မိခဲ့သေးတယ်။ သို့သော်လည်း နောက်ပိုင်းမှာ ငါဟာ ရေနစ်သားလို မွန်းကျပ်မှုဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားလာရတယ်။
ဒီအချိန် သူတို့ထဲက တယောက်က
“မင်း ရေမသောက်ရတာ ကြာနေလို့ ငါတို့ အခု ရေဝအောင် တိုက်တာ…ကွ သူပုန်ရ။ မင်း ရေငတ်နေတာ သုံးရက် ရှိပြီ မဟုတ်လား။ မနက်ကတော့ ရေနဲနဲဘဲ သောက်ရတယ်နော်။ ဟုတ်တယ် မဟုတ်လား။ အခု ငါတို့ မင်းကို ရေအဝတိုက်တယ်နော်”
ဟု ပြောပြီးတော့ သူက ဆက်ပြောသေးတာက
“သင်္ဘောမှောက်ပြီးနောက် ရေကူးရတာ ဘယ်လိုနေလဲ ကွ သူပုန်.. ရ။ ဇာတ်တော်ထဲမှာတော့ ဇနက္ကမင်းသားကို ကယ်မဲ့သူ မေခလာနတ်သမီးက ပေါ်လာတယ်။ မင်းမှာတော့ ကယ်မဲ့သူ မေခလာလည်း မရှိဘူးဆိုတော့ ကျောက်ဖျာပေါ် မရောက်ဘဲ ရေအောက်ကိုပဲ ရောက်ရမှာပေါ့ ကွာ…. ဟား ဟား ဟား”
လို့ အားရပါးရ ရယ်မောပြီး ငါ့ကို သရော်လှောင်ပြောင်နေတယ်။ ပြီးတော့
“ဟေ့ကောင်.. သူပုန်ကောင်.. ခုတော့ မင်း ဘာတတ်နိုင်သေးလဲ။ ဘာတဲ့ “ရက္ခိုင်သွီး”တဲံ့လား.. မင်းရဲ့ စောက် ရက္ခိုင်သွေး ကျန်သေးလား”
လို့ စိန်ဝင်းက ခဏ ခဏ မေးကာ အားရပါးရ ဟားတိုက် ရယ်မောပြီး ငါ့ကို သရော်လှောင်ပြောင်နေတယ်။
ဒီလို ရေနှစ်ပြီး နှိပ်စက်ကြတာဟာ အချိန် တနာရီလောက် ရှိမယ်လို့ ငါ ထင်တယ်။ ငါ့ကို ရေမြုပ်သူလို နှိပ်စက်ပြီးနောက် မျက်နှာမှာ အုပ်ထားတဲ့ အဝတ်စကို ဖယ်လိုက်တယ်။
ပြီးနောက် သံပိုက်လုံး အရိုးရဲ့ အစွန်းတဘက်စီမှာ ဘိလပ်မြေနဲ့ ပြုလုပ်ထားတဲ့ အလေးမ အားကစား လုပ်တဲ့ ဝိတ်ပြား အလေးပြား နှစ်ပြားပါတဲ့ သံပိုက်လုံးနဲ့ ငါ့ရဲ့ ခြေထောက် ညို့သကျည်းကနေ ပေါင်ရင်းရောက်အောင်ထိ ဖိပြီး အထက် အောက် စုန်လိုက် ဆန်လိုက် ဆက်တိုက် လှိမ့်ကာ စိတ်ကြိုက် နှိပ်စက် မေးမြန်းစစ်ဆေးပြီးနောက် ကြိုးတွေကို ပြန်ဖြုတ်ပေးတယ်။
ပြီးရင် ထုံးစံအတိုင်း မေးခွန်းတွေ မေးပြန်တယ်။ စစ်တယ်။ ငါလည်း ပြောသင့်တယ် ထင်တာကို ပြောတယ်။ မပြောသင့်ဘူး ထင်တာကိုတော့ အားတင်း ကြိတ်မှိတ်ပြီး မပြောဘဲ ထိန်ချန်ထားတယ်။ ဘူးကွယ်တယ်။ သူတို့ကလည်း ဒါဟာ မင်း လိမ်နေတာ။ ဒါ မဟုတ်ဘူး။ ဒီလို မဟုတ်လား။ စသဖြင့် သူတို့ကလည်း သူတို့လိုချင်တဲ့ အဖြေကိုရဖို့ ငါ့ကို ချော့တလှည့် ခြောက်တလှည့် ဟိန်းတခါ ဟောက်တလှည့်။ တခါတခါ နားရင်းတွေကို တီးပြီး သတ်ပုတ်ပြီး စစ်ကြော မေးမြန်းကြတယ်။
သူတို့ လိုချင်တဲ့ အဖြေကို ငါက မပေးရင် ငါဟာ ခုံတန်းရှည်ပေါ် ထပ်တက်ရပြီး ကောက်ညှင်းထုပ်လို အချည်ခံ။ ရေအလောင်း ခံရပြန်။ ဒီလို သုံးလေးနာရီလောက် ငါဟာ ထောက်လှမ်းရေး ငရဲခန်းထဲမှာ အလူးအလဲ ခံလိုက်ရသော်လည်း တခုက ကောင်းသွားတာက ငါ ရေငတ်သက်သာသွားတယ်။
ရေတော့ မဆာတော့ဘူး။
ဒါပေမဲ့ အိမ်သာတက်တဲ့အခါ ထိုင်ဖို့အတွက် တော်တော် အခက်အခဲ ဖြစ်တယ်။ ပေါင်က ကြွက်သားတွေက တောင့်တင်းနေတယ်။ အလေးသွားဖို့ ထိုင်တဲ့အခါ ဒီဒဏ်တွေကို ခံစားရသလို နောက်ဖေးသွားပြီးနောက် အညစ်အကြေးတွေကို သန့်စင်သွားအောင် လုပ်တဲ့အခါလည်း လက်ချောင်းတွေက လှူပ်မရတော့ တော်တော် ခက်ခက်ခဲခဲ ဖြေရှင်းရတယ်။
လဲလျောင်းနေတာကနေ ထဖို့လည်း တော်တော်အားယူပြီး ထရတယ်။ ပြန်လည်လဲလျောင်းတော့မယ် ဆိုရင်လည်း အုတ်နဲရံကို ကပ်ပြီးမှ ဖြည်းဖြည်းချင်း အချိန်ယူပြီး ထရတယ်။ ဒူးခေါင်းကို ကုတ်ပြီး လက်ကို ထောက်ပြီးမှ ခြေကို ပြန်ဆန့်ထုတ်ကာ လဲလျောင်းဖို့ လုပ်ရတယ်။ ပြန်ထတဲ့အခါလည်း အုတ်နံရံကို ကပ်ကာ ဒူးကို နည်းနည်း ကုပ်ပြီး လက်ကိုထောက်၊ နံရံကိုမှီကာ အားယူပြီး ထရတယ်။
ဒီလိုနဲ့ဘဲ ထမင်းကျွေးတဲ့အခါ ကျွေး။ မကျွေးဘဲ ထားတဲ့အခါ ထားနဲ့။ ထုတ်တန်းမှာ တွဲလောင်း ချည်တဲ့အခါ ချည်။ ရေနဲ့ မွန်းအောင် လောင်းတဲ့အခါ လောင်း။ (သူတို့ အခေါ် လေယာဉ်စီးလိုက် သင်္ဘောစီးလိုက်) ခုနှစ်ရက် တပတ်လောက် ဆက်တိုက် နှိပ်စက် စစ်ဆေးမှုကို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးပြီးနောက်မှာ သူတို့ဟာ ငါ့ကို နှစ်ရက်လောက် လုံးဝ စစ်ဆေးခြင်းမလုပ်ဘဲ ထားပြန်တယ်။
အဲဒီနောက်မှာတော့ တမျိုးပြီးတမျိုး အချိန်တနာရီလောက်စီ ငါးရက်ခန့် ဆက်တိုက် စစ်ဆေးပြီး စစ်ချက်တွေကို ရေးမှတ်ကာ ယူလာပြီး ငါ့ကို ပြန်ဖတ်ပြကြတယ်။ အဲစာရွက်မှာ ငါ လက်မှတ်ထိုးရမယ်လို့ ပြောတယ်။
ငါဖတ်ကြည့်တော့ အဲဒီရေးထားတဲ့ အထဲမှာ ငါ့ရဲ့ထွက်ဆိုချက်မှာ မပါတဲ့ အချက်အလက်တွေကိုလည်း လုပ်ကြံရေးထားတာတွေ ပါနေတာကို တွေ့ရတော့ ငါက အဲဒါကို ငြင်းတယ်။ ဒါတွေပါရင် လက်မှတ် မထိုးနိုင်ဘူး။ ဒါတွေကို ဖြုတ်ပေးပါလို့ ပြောလိုက်တော့ လှမြင့်က မျက်နှာကို စိုက်ကြည့်ပြီး
“ မင်းတော့ အသေဘဲ ထွက်ရမယ့် အကောင်ဘဲ”
လို့ ပြောပြီး အခန်းထဲက ဒေါသတကြီး အယုတ္တ အနတ္တတွေနဲ့ ဆဲဆိုပြီး ပြန်ထွက် သွားကြတယ်။
နောက်တနေ့ နေ့ခင်း နှစ်နာရီလောက်ကနေ ခေါ်ထုတ်လာပြီး
“မင်း ဒီနေ့ လေယာဉ်ပြောင်းစီးရမယ်”
လို့ ပြောပြီး ထုတ်တန်းပေါ်မှာ တွဲပြီး စစ်ကြောရေး လုပ်တယ်။ အရင်ရက်တွေထက် နည်းနည်း ပိုကြမ်းကြမ်းတမ်းတမ်း ရိုက်ပုတ်တာ ရှိတယ်။
ဒီနေ့တော့ အနားမှာ စိန်ဝင်း တစ်ချိန်လုံး ရှိနေတယ်။ မနေ့က ဖတ်ပြတဲ့ စာရွက်ကို ကြည့်လိုက် မေးခွန်း တခုစီ မေးလိုက် လုပ်နေတယ်။ တချက်တချက်ဆို စိန်ဝင်းဟာ ငါ့ကို ဝင်ရိုက်သေးတယ်။
ငါလည်း ငြင်းလို့ မရနိုင်တာတွေကိုတော့ မငြင်းတော့ဘူး. ငါနဲ့ပတ်သက်တဲ့ လူတွေကိုလည်း အကောင်းဆုံး အကာအကွယ် ပေးနိုင်သလောက် ပေးတယ်။ ပြီးနောက် လွတ်မြောက်နယ်မြေထဲ ရှိနေတဲ့ လူတွေနဲ့ ပူးတွဲ လုပ်ခဲ့တဲ့ ဟာတွေကိုဘဲ ထုတ်ဖေါ် ပြောဆိုလိုက်တယ်။
စိန်ဝင်းက
“အေး မင်း အခုမှ ဖွင့်ပြောတာကို အစကတည်းက ပြောရင် မင်း အသား ဒီလောက် မနာဘူး။ ဒီကောင် အသားနာမှ ပြောတယ်”
ဆိုပြီး ငါ့ကို အသကုန် ဝိုင်းသမ ကြတယ်။ ငါလည်း အဲဒီနေ့က တော်တော် ခံလိုက်ရတယ်။ တခါတခါ သူတို့ဟာ မေးခွန်းတခုတည်းကို တယောက်ပြီး တယောက် သုံးယောက်လုံး မေးတာတွေလည်း လုပ်တယ်။ အချိန် တော်တော်ကြာကြာ စစ်ဆေးမေးမြန်းပြီးနောက် တော်တော်များများကို အတည်ပြုချက် ယူကြတယ်။ သူတို့ လုပ်ကြံပြီး ရေးထားတာတွေကိုလည်း အတည်ပြုချက်ယူဖို့ အတင်းဖိအားပေးတယ်။
သူက
“မင်း တရားရုံးမှာ ရှေ့နေ ကောင်းကောင်း ငှါးပြီး ဖြေရှင်း ဒီမှာတော့ အသားအနာခံပြီး ထပ်မငြင်းနဲ့။ ငြင်းလို့လည်း မရဘူး။ ငါတို့ သတင်းအတိအကျ ရပြီးသား”
ဟု အတင်းအကျပ် ဝန်ခံခိုင်းတော့ ငါလည်း ထပ်ငြင်းဖို့ မဖြစ်နိုင်တော့ဘူး။
အပိုင်း (၁) https://www.facebook.com/share/p/1CWxiK8gSn
အပိုင်း (၂) https://www.facebook.com/photo/?fbid=122168731622561727&set=a.122094637034561727
အပိုင်း (၃) https://www.facebook.com/photo/?fbid=122169819260561727&set=a.122094637034561727
အပိုင်း (၄) https://www.facebook.com/photo/?fbid=122170916168561727&set=a.122094637034561727
အပိုင်း (၅) https://arakhatimes.com/articels_mm/24984/
အပိုင်း (၆) https://www.facebook.com/share/p/16Z3A48Rk4/
အပိုင်း (၇) https://www.facebook.com/share/p/1KQGBGy8MV/
အပိုင်း (၈) https://www.facebook.com/share/p/1VrvWqt8dm/ တွင် ဖတ်ရှုနိုင်ပါတယ်။