အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၅)
အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတခုဖြစ်တဲ့ မောင်တောမြို့နယ် မြောက်ပိုင်း နယ်စပ်က AA တပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ဖို့ အကြမ်းဖက် စစ်သွေးကြွ မူဆလင်လက်နက်ကိုင်တွေကို ဖိအားပေး တိုက်တွန်းမှုတွေ ရှိနေတယ်လို့ စက်တင်ဘာလ ၂၀ ရက် ဒီနေ့မနက်ပိုင်းက ဧရာဝတီသတင်းဌာနနဲ့ သီးသန့် အင်တာဗျူးတခုမှာ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသွားပါတယ်။
အကြမ်းဖက် စစ်သွေးကြွ မူဆလင်လက်နက်ကိုင်တွေဖြစ်တဲ့ ARSA၊ RSO အဖွဲ့တွေကို နောက်ကွယ်က ဖိအားပေး တိုက်တွန်းမှုတွေ ပြုလုပ်နေတာကတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
မောင်တောမြို့နယ်အတွင်းက စစ်ကော်မရှင်ရဲ့ တပ်ရင်း၊ တပ်စခန်း၊ ဌာနချုပ်၊ ဗျူဟာကုန်းတွေကို AA က တိုက်ခိုက်နေချိန်မှာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စစ်သွေးကြွ အကြမ်းဖက် RSO အဖွဲနဲ့ ပူးပေါင်းဖို့ တောင်းဆိုမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် AA က အဲဒီ အဆိုပြုချက်ကို လက်မခံခဲ့တာကြောင့် ဘင်္ဂလားဒေရှ် အာဏာပိုင်တွေက အငြိုးအတည်းတွေ ရှိခဲ့သလို လက်ရှိ မောင်တောမြို့နယ် နယ်စပ်တစ်လျှောက်ကို AA က ထိန်းချုပ်ထားတဲ့အပေါ် မှာလည်း ဘင်္ဂလားဒေ့ရှ် စစ်အရာရှိတွေက မနာလို မရှုစိမ့် ဖြစ်နေတဲ့အတွက် အခု အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ ဖိအားပေးတာလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။
“သူမွေးထားတဲ့ RSO တို့ တခြားအဖွဲ့အစည်းနဲ့ ပေါင်းလုပ်ပြီးမှ တိုက်ခိုင်းခဲ့တာပေါ့။ ကျွန်တော်တို့ အဲဒီ အဆိုပြုချက်ကို လက်မခံခဲ့ပါဘူး။ ဒီဟာအတွက်လည်း သူ့မှာ အငြိုးအတည်းတွေ ထားတာရှိခဲ့တယ်။ အခုလည်း ဒီဟာတွေပါပဲ။ ကျနော်တို့ ဒီဒေသတခုလုံးကို ထိန်းချုပ်လိုက်တဲ့အချိန်မှာ အဲဒါကို သူက အရမ်း မနာလို မရှုစိမ့် ဖြစ်တာပေါ့” လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။
မူဆလင် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက နယ်စပ်မှာရှိတဲ့ AA တပ်စခန်းတွေကို တိုက်ခိုက်ဖို့ ဒီရက်ပိုင်းအတွင်းက ဖိအားပေး တိုက်တွန်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ ဖိအားပေး တိုက်တွန်းချက်ထဲမှာ မောင်တောမြို့နယ် (ခွဲ) တခုဖြစ်တဲ့ တောင်ပြိုကို မရခဲ့ပါက တောင်ပြိုရဲ့ မြောက်ဘက်ခြမ်း နယ်စပ်တလျှောက်ကို မရှိ၊ ရှိတာတွေနဲ့ မရ၊ ရအောင်တိုက်ခိုက်ဖို့ ပြောဆိုထားတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အကြာက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ အကြမ်းဖက် စစ်သွေးကြွတွေကို အစည်းအဝေးခေါ်ဆိုခဲ့ပြီး မူဆလင်လက်နက်ကိုင် ARSA၊ RSO အဖွဲ့ထဲ ဝင်ကြဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မောင်တောမြို့နယ် မြောက်ပိုင်းက AA တပ်စခန်းတခုကို အကြမ်းဖက် စစ်သွေးကြွ မူဆလင် လက်နက်ကိုင်တွေ စက်တင်ဘာလ ၁၉ ရက် မနေ့က စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။