စစ်တွေထောင်ထဲက အစာငတ်ခံ တိုက်ပွဲ (ဒုတိယပိုင်း)

အာရက္ခအားမာ် ရဲဘော်ကျော်ဟန် (အပိုင်း ၂၇)

ဌေးဝင်း

“ထောင်တထောင်လုံးမှာက ကျနော်တို့ ခြေမကျတဲ့နေရာမှ မရှိတာ ကိုကျော်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဝန်းကျင်တိုင်းကို ဝင်တယ်လေ။ အဲလိုဝင်ဝင်ပြီး ထိုးဖောက်တဲ့အခါ အကျဉ်းသားထုထဲမှာ ကာလာတွေ လုပ်ငန်းစဉ်တွေ တူသွားရင် ညီညွတ်သွားတာဘဲ ကိုကျော်။ ကျနော်တို့ စည်းရုံးတာက အစားအသောက်တွေနဲ့ စည်းရုံးတယ်။ နည်းမျိုးစုံနဲ့ စည်းရုံးတယ်။ ရင်းနှီးအောင်ပေါ့။ ပထမဆုံး ကိုယ့်ဘက်ပါအောင် လုပ်ရတာပေါ့။ ထောင်တွင်းမှာကလည်း သိပ်ပြီးတော့ တင်းကျပ်မထားဘူး။ ဟိုလူနဲ့ စကားမပြောရ။ ဒီလူနဲ့ စကားမပြောရဘူးလို့ လုပ်ထားတာ မဟုတ်ဘူး။ လွတ်လွတ်လပ်လပ်ဘဲ။ အများစုကို စည်းရုံးရတာက ဘာမှမခက်ဘူး ကိုကျော်။ ခဲယဉ်းတာက ဇိုးတွေ။ လူမိုက်တွေလေ။ ထောင်နဲ့ လုပ်စားနေတဲ့ကောင်တွေ။ ဒီမောင်တွေက မလွယ်ဘူး။ ကြောင်တောင်းတို့ မိုးဟိန်းတို့လို ရာဇဝင်လူဆိုးတွေလည်း ရှိနေတာကိုး”

“အေး.. ဒါကိုလည်း ငါ သတိထားမိတယ်။ ငါတို့ အရင်ကြားဖူးတာက ကျားပါးစပ်ထဲ ဝင်လိုက်တာနဲ့  ချွတ်ခွါလုပ်တဲ့ ဇိုးတွေရဲ့ ပုံစံပေးတာကို အကျဉ်းသားတွေ ရက်ရက်စက်စက် ခံကြရတယ်လို့ လေ။ ဒါပေမေဲ့ ရာဇဝင် လူဆိုးစာရင်းဝင်တဲ့ ဇိုးတွေတောင် ယုန်သူငယ်လိုဘဲ ငြိမ်ဝပ်နေကြတာ။ အဲဒါ ဘယ်လိုဖြစ်တာလဲ”

“ဒီလိုလေ ကိုကျော်။ ခုကြည့် ကိုကျော်ကအစ ယူနိုက်တက် ကရာတေးကလပ်ဆင်းဘဲ။ အခုက အားမာန်ကျူရှင်ကရာတေးအသင်းမှာ ဘရောင်းပတ် မဟုတ်လား. ကျနော်အပါအဝင် စစ်တွေသားတွေ အများစုကလည်း ဆရာကြီးထွန်းရွှေမောင် တပည့်တွေ ချည်းဘဲလေ။ ကျနော်က အစိမ်းပတ်ရထားတာလေ။ သူတို့ ဇိုးတွေဆိုတာက အားနည်းသူ ကြောက်တတ်သူကိုသာ နိုင်လို့ရတာလေ။ သူတို့ထဲမှာ ကိုယ်ခံပညာတခုခုကို ကိုကျော်တို့ ကျနော်တို့လို တတ်ထား သင်ထားကြတာ နည်းတယ်။ သူတို့က ဖြဲစား ဟောက်စား ခြောက်စားတွေလေ။ အထဲကိုရောက်ခါစ ကျနော့်ကို လာစမ်းသေးတယ်။ ကျနော်က မလုပ်နဲ့ မကောင်းဘူးဆိုပြီး ပြောတာမရဘူး။ အဲဒါကြောင့် ဘကာဒေါင်း ဆိုတဲ့ကောင်။ ဒီကောင် ထောင်ပိုင် ဦးသာဒိုးရဲ့ တူပေါ့။ ကျနော် ဒီကောင်နဲ့ အပြန်အလှန် စိန်ခေါ်ပြီး ထိုးရသေးတယ်။ ဒီကောင့်ကို အလဲထိုးပြီး ပညာပေးထားလိုက်မှ ထောင်ထဲက စရိုက်တွေ ဇိုးတွေက ကျနော်တို့ကို ကျွတ်သွားကြတာ။ ထောင်ထဲမှာ နှစ်ကြီးသမား ဇိုးတချို့တွေက အချင်းချင်း ရိုက်စားလုပ်တာ။ ကြီးနိုင် ငယ်ညှဉ်းလုပ်တာမျိုး ရှိတယ်လေ ကိုကျော်လည်း သိတဲ့အတိုင်း။ ဇရှိတဲ့လူငယ်တွေကို စရိုက်ဆန်တဲ့ သူတို့ရဲ့ပုံစံထဲ ဆွဲသွင်းပြီး လူမွေးတတ်ကြတဲ့ သဘောလည်း ရှိတယ်မဟုတ်လား။ ဒါတွေက ဇိုးကြီးတွေရဲ့ အထာတွေပါ။ ဒါပေမဲ့ ကျနော်တို့က သူတို့ကို အကြမ်းနည်းနဲ့ မစည်းရုံးဘူး။ သူတို့ရင်ထဲကို အမျိုးသားရေးအသိ သွင်းပြီးစည်းရုံးတယ်။ “အကို ကြီးတို့ မလုပ်ကြပါနဲ့။ ချွတ်ခွါလုပ်တာမျိုးတွေကို နောက်ထပ်မလုပ်ကြပါနဲ့” “ကိုယ့်အချင်းချင်းတော့ မလုပ်ပါနဲ့။ ကိုယ့်ရက္ခိုင်သားအချင်းချင်းဘဲ။” လို့ ချော့မောပြီး ပြောရတာပေါ့။ ဇိုးဆိုတာက ထောင်ထဲကို ရောက်လာတဲ့ စီးပွါးရေးပြေလည်သူတွေကို အနိုင်ကျင့်ပြီး ငွေညှစ်တာမျိုး။ သူတို့မှာပါလာတဲ့ ပစ္စည်းတွေကို ချွတ်ယူတာမျိုး။ အိမ်ကတောင်းခိုင်းပြီး စီးပွားရှာသူတဲ့သူတွေလေ။ ပြီးတော့ အဲဒီနည်းနဲ့ ထောင်အာဏာပိုင်တွေကို ပိုက်ဆံရှာပေးတယ်လေ။ သူတို့ကလည်း ထောင်တွင်းမှာ စားဝတ်နေရေး အရရော။ သူတို့စီးပွါးရေး။ ရပ်တည်ရေးအရပါ ဒီချွတ်ခွါအလုပ်ကို လုပ်ကိုလုပ်ရတာလေ။ အဲဒါတွေကို မဖြစ်ရအောင်ဆိုပြီး ကျနော်တို့က စားရေးသောက်ရေးကိစ္စကို တာဝန်ယူပေးတယ်။ သူတို့ကို အင်္ကျီအဝတ်အစား။ စားဖို့သောက်ဖို့ကအစ အကုန်အဆင်ပြေအောင် လုပ်ပေးကြတယ်။ အဲဒီတုန်းက မိုက်ပါတယ်ဆိုတဲ့ကောင်တွေဟာ ကျနော်တို့လက်အောက်မှာနေရင်း အရမ်းကို တရင်းတနှီး ဖြစ်သွားကြတယ်။ ချစ်လည်း ချစ်ကြတယ်။ ကျနော်တို့က လူငယ်တွေလည်း ဖြစ်တာကိုး။ တက်တက်ကြွကြွ။ အမျိုးသားရေး စိတ်ဓာတ်ရှိတယ်။ အဲလိုဆိုတော့ သူတို့လည်း သင်္ခန်းစာတွေ ရကြတာပေါ့။ ကြောင်ဒေါင်း (ခ) ကျော်သောင်းဆိုတာ လူဆိုး။ တကယ့် မဟာရ ဇိုးကြီး။ ဒါပေမဲ့ သူက ကျနော်တို့ခေတ်မှာ ငြိမ်နေရတယ်။ ဒီကြားထဲ နှစ်လောင်းပြိုင်လူသတ်မှုနဲ့ ကျနေတဲ့ မိုးဟိန်းဆိုတဲ့ကောင် ထောင်ထောင် ထောင်ထောင် လုပ်ချင်လို့ ဗျင်းမလို့ တည်လိုက်သေးတယ်”

“ဟို.. . သင်္ချိုင်းထဲမှာ မောင်ထွန်းအေးနဲ့ မောင်ဖြူတို့ကို သတ်သွားတဲ့ မိုးဟိန်း ဟုတ်တယ်မဟုတ်လား”

“အမှန်ပေါ့ ကိုကျော်။ ဒီကောင်က ကျနော့်အမှုတွဲ ခင်မောင်အေးကို အားမနာလုပ်တာလေ။ သူက လူသတ်သမားဆိုတဲ့ ဇိုးအထာနဲ့ စရိုက်ဆန်ဆန် စမ်းတာပေါ့။ တယောက်ကိုရရင် ကျန်တဲ့သူကိုပါ အနိုင်ကျင့်ဖို့ ကြံစည်တာပေါ့”

“ဖြစ်နိုင်တယ် သိန်းအောင်ကျော်။ ဒီကောင့်အကြောင်း ငါသိတယ်။ တကယ်တော့ မိုးဟိန်းဟာ သူ့အဖွဲ့မှာ ခေါင်းဆောင်ဆိုပေမဲ့ တကယ်စွာတဲ့ ပြဿနာရှာတတ်တာက သူ့နောက်လိုက်တွေဘဲ။ ရှစ်ဆဲ့ရှစ် အရေးအခင်းမတိုင်ခင် ဒီကောင်လုပ်သွားတာလဲ စစ်တွေမှာ ဟိုးဟိုးကျော်တဲ့ ရာဇဝင်တပုဒ်ဘဲ လေ။ သိန်းအောင်ကျော် သိတယ်မဟုတ်လား”

“ကြားတော့ ကြားမိတယ်။ အသေချာတော့ မသိဘူး”

“ဒီလိုကွ။ တကယ်က မိုးဟိန်းက မောင်ထွန်းအေးကို အငြှိးနဲ့ သတ်တာ။ ဖြစ်ပုံက စစ်တွေမြို့ ဝင်္ကဘာကွင်းမှာ ဘုရားပွဲကျင်းပနေတုန်း အံစာဝိုင်းမှာ မောင်ထွန်းအေးက မိုးဟိန်းကို လူအများရှေ့မှာ အော်ငေါက်ပြီး လက်သီးနဲ့ ထိုးလိုက်တာရှိတယ်။ ဒါကို မိုးဟိန်းကရှက်ပြီး အငြှိုးနဲ့ တေးမှတ်ထားတယ်။ အဲဒီအငြှိုးနဲ့ဘဲ သူ့ပိုင်နက် နယ်မြေဖြစ်တဲ့ စစ်တွေသင်္ချိုင်းမှာ ဖဲကစားဖို့ ချိန်းတယ်။ မောင်ထွန်းအေးကလည်း ဘာမထီ။ သူတို့ပိုင်နက်မှာ ညလုံးပေါက် ဖဲသွားရိုက်တယ်။ ဖဲကို အာရုံရောက်နေချိန်မှာ နောက်ကနေ သံတုတ်နဲ့ မိုးဟိန်း လူတယောက်က ရိုက်ချလိုက်တာ သိန်းအောင်ကျော်”

“အော် အဲလိုလား ကိုကျော်။ ဒီအလောင်း နှစ်လောင်းကို နွားလှည်းပေါ်တင်ပြီး စစ်တွေမြို့ထဲ ပြန်ပို့လိုက်တယ်လို့ ကြားလိုက်တယ်။ အတော့ကို နာမည်ကြီးတဲ့ အမှုတခုဖြစ်တယ်။ ရှစ်ဆဲ့ရှစ်ဖြစ်တော့ ထောင်ပွင့်သွားတာ။ သပိတ်ကော်မတီတွေ မြို့ကလူကြီးတွေက ထောင်ကို ဖွင့်ပေးလိုက်ကြတာမှာ။ ဒီကောင် လွတ်သွားတယ်။ ဒါပေမဲ့ သိပ်မကြာခင် ရဲတွေက ပြန်လိုက်ဖမ်းလို့ ဒီကောင် ပြန်ဝင်လာပြီး ကျနော်တို့နဲ့ တည်ကြတာ”

“ဟုတ်လား သိန်းအောင်ကျော်။ မိုးဟိန်းဟာ သူ့ကြည့်တော့လည်း အရပ်က ပုပု။ လူပုံပန်းက လူမိုက်ပုံ လူသတ်သမားပုံ တစက်မှမပေါက်။ နူးညံ့နူးညံ့ ခပ်နွဲ့နွဲ့ကလေးရယ်။ ပြဿနာရှာတတ်တာက သူ့တပည့် နှစ်ကောင်ဘဲ။ ဒီကောင်တွေက နည်းနည်းလည်း ရမ်းတယ်။ ဇိုးဆိုတဲ့ အထာနဲ့ပေါ့”

“ဟုတ်တယ် ကိုကျော်။ ကျနော်နဲ့အမှုတွဲ ခင်မောင်အေးကို သူတို့လူစုက ရန်ရှာတဲ့အထာတွေနဲ့ ပြဿနာလာရှာတယ်။ ခင်မောင်အေးကို လာထိတော့ ကျနော်တို့က ဘယ်လိုလုပ် ခံနိုင်မလဲ။ အမှုတွဲလေ။ ကိုယ့်ရဲဘော်လေ။ ပြီးရင် ကျနော်နဲ့ ကိုခင်မောင်အေးက အိမ်နီးနားချင်းတွေဖြစ်တော့ ပိုခင်ကြတယ်။ ဒီလိုလာလုပ်လို့ ဘယ်ရမလဲ။ ကောင်းကောင်း ဗျင်းမယ်ဆိုပြီး ကျနော်လည်း ပြင်ထားတာ။ ဒီကောင် ကံကောင်းသွားတာက အစိုးရက လူဆိုးလူမိုက်တွေကို သိမ်းသွင်းပြီး လူထုကြားမှာ မတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီကောင်တွေ ပြန်လွှတ်ပေးလိုက်လို့ ကျနော်နဲ့ မချဖြစ်လိုက်တာ ကိုကျော်ရေ။ ဖြစ်စဉ်က အဲလို.. အဲဒီလို.. ဗျ”

“အေး ဟုတ်ပြီလေ စောစောက ပြောနေတဲ့ လိုရင်းကို ပြန်သွားရအောင်။ လူကလည်းညီတော့ ထောင်အာဏာပိုင်ကို ရင်ဆိုင်တိုက်ပွဲဝင်ရာမှာ ပိုအားရှိမှာပေါ့ ဟုတ်တယ် မဟုတ်လား သိန်းအောင်ကျော်”

“ဟုတ်တယ် ကိုကျော်။ ဆယ့်ခုနစ်ယောက်လုံးဟာ အဓိကဇာတ်ကောင်တွေချည်းဘဲ။ အစစအရာရာ ဂိုက်လုပ်သွားတာက လှမောင်ချေ ကျော်ငြိမ်း စောမြကျော် ကိုမောင်လှဖြူနဲ့ အေးထွန်း။ ကျနော်တို့ အားလုံး ဟာ ကိုယ်စီကိုယ်စီ တာဝန်ယူပြီး လုပ်သွားကြတဲ့ လှုပ်ရှားမှုတခုပါ။ အချုပ်သားရော အကျတွေကိုပါ စည်း ရုံးနိုင်ခဲ့ကြတယ်။ ထောင်ရဲ့ ဂျေးမိန်နူးဝယ်ထဲမှာက အကျဉ်းသားတယောက် အသားဘယ်လောက်ရရမယ် စသဖြင့် နှုန်းထားရှိတယ်လေ။ ဒါတွေအားလုံးကို ဒီကောင်တွေက ဖြတ်တုပ်ပြီး အဆီယစ်နေကြတဲ့အကြောင်း အကျဉ်းသားအားလုံးကို ကျနော်တို့က ရှင်းပြတယ်။ မဝတဝ ကျွေးတာ။ ဟင်းကလည်း ဆီမပါ ပျားမပါ အရသာမရှိ။ ဒါကစပြီး ကွိုင်တက်တာ။ အစားအသောက် မဝ။ ဖြတ်စားလပ်စားလုပ်လို့ ဖြစ်တာ။ ဇာတ်လမ်းအစက။ အဲဒါတွေကို အကျဉ်းသားတွေကို အရင်ဆုံးသိအောင် ပြောဆိုပြီးသား။ ဘယ်နေ့ ဘယ်ရက် လုပ်မယ်။ လုပ်တဲ့အခါ အကိုတို့ ကျနော်တို့ကို ဝိုင်းရံ။ ဒီကိစ္စဟာ အကိုတို့ ပြဿနာ။ ကျနော်တို့ ပြဿနာ။ ထောင်ထဲမှာရှိနေကြသူတွေရဲ့ အစာအိမ်ပြဿနာ။ ဒါကြောင့် ဒီတိုက်ပွဲမှာ အကိုတို့ လည်း ပါဝင်ရမယ်။ ကျနော်တို့လည်း လုပ်ရမယ်။ အတူတူ တိုက်ရမယ်။ အားလုံး တစိတ်တဝမ်းတည်း တက်ညီလက်ညီ ဖြစ်သွားတာ။ ကျနော်တို့ အားတအားဖြစ်သွားတာ”

ဒီနေရာမှာ အကျဉ်းသားဖြစ်ဖြစ် အရပ်သားဖြစ်ဖြစ် စစ်အာဏာရှင်နဲ့ လက်နက်အားကိုးတဲ့ စစ်သားတွေကို မကြိုက်တဲ့အဖြစ်တခုကို ငါကိုယ်တိုင် ကြုံတွေ့ခဲ့တာကို ပြောပြချင်တယ်။ ၁၉၉၀ ခုနှစ် ဆောင်းဦးပေါက် ကာလ။ မြန်မာလို တန်ဆောင်မုန်းလပြည့်နေ့ ထင်တယ်။ အုန်းတပင်ရွာက သားဖနှစ်ယောက် အလှူပွဲလုပ်ဖို့ အတွက် ခုံတွေ သယ်လာတာကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်လိုက်လို့ သေသွားခဲ့တယ်။ ပစ်သတ်တဲ့ စစ်သားကို အရေးယူပြီး စစ်ထောင်မှာ အပြစ်ပေးရာကနေ စစ်တွေထောင်ကို ပြောင်းလာပေးတယ်။ စစ်တွေထောင်ကို ဒီကောင် ရောက်လာလို့ နှစ်ရက်မြောက်နေ့မှာ ဒီကောင် အဆောင်ပေါ်က မျက်နှာသစ်ဖို့ အဆင်း အပေါ်က တယောက်က ကန်ချလိုက်တာ။ လှေခါးထစ်အတိုင်း လိမ့်ဆင်းသွားချိန် အောက်ကလူတွေ ဝိုင်းသမကြလို့ အတင်းပြေးတာ ကံကောင်းလို့ အသက်မထွက်တာ။ အဲဒီနောက် ဒီကောင့်ကို ဆေးရုံနားက အခန်းတခန်းမှာ သီးသန့် ချုပ်ထားတယ်။ အဲဒီလို ချုပ်ထားတုန်းမှာ အဲဒီအခန်းကို သွားသွားပြီး အကျဉ်းသားတွေက ခြောက်ကြ လှန့်ကြ အော်ကြတော့ ဒီကောင်ဟာ ရူးကြောင်ကြောင် ဖြစ်သွားတယ်။ နောက်မှ သူ့ကို ထောင်ပြောင်းပေးလိုက်တယ်။ ဒါက ဘာကိုပြသလဲဆိုရင် အာဏာရှင်တွေရဲ့ လက်နက်အားကိုး အနိုင်ကျင့်တာကို ထောင်ထဲက အကျဉ်းသားတွေက မကြိုက်ဘူးဆိုတာဘဲ မဟုတ်လား။

ငါက သိန်းအောင်ကျော် ဆက်ပြောတာကို ကြားချင်လို ခုလို သူ့ကို ပြောလိုက်တယ်။

“အင်း.. ဒီအုပ်စုထဲမှာက စာတတ်ပေတတ် ဗဟုသုတစုံသူ နိုင်ငံရေး ဘက်ဂရောင်းရှိသူ စုံလို့ပါနေတော့ အာဏာပိုင်တွေ မြွေကိုက်တာပေါ့လေ”

“မြွေကိုက်တာမှ ဆေးမမီတဲ့ မြွေပွေးကိုထိတာဗျ။ ကျနော်တို့မှာ အမှုတွဲ ဆယ့်ခုနစ်ယောက်ဘဲ ရှိတာ မဟုတ်သေးဘူး။ ဟို တိုက်ဝင်းထဲက နိုင်ငံရေးသမားကြီးတွေ စီးပွါးရေးပုဒ်မနဲ့ အထည့်ခံထားရတဲ့ လူကြီး တွေဆီကလည်း အကြံအညဏ် ရတာရှိသေးတယ်ဗျ။ ပြီးတော့ အားလုံးက အမျိုးသား‌ရေး စိတ်ဆန္ဒက သိပ်ကိုပြင်းပြနေတဲ့အချိန်။ ကျနော်တို့ ပါဝါ တခုတည်းမဟုတ်။ အပြင်က လူတွေရဲ့  ပူးပေါင်းမှုကလည်းပါတယ် ကိုကျော်။ အဲဒီလို။ တကယ်။ အဲဒီလို။ ကျနော်တို့ လှုပ်ရှားမှုဆိုတာက အပြင်နဲ့ချိတ်ဆက်ပြီး ပလန်ချထားတဲ့ပုံစံမျိုး။ ဒါပေမဲ့ ကျနော်တို့ရင်းတာက ဗမာပြည်မက ထောင်တွေမှာလို ကြောနဲ့ ရင်းလိုက်ရတာမဟုတ်။ စည်းလုံးညီညွတ်မှု ပါးနပ်မှုတွေကြောင့် အနိုင်ရခဲ့တဲ့ တိုက်ပွဲပါ။ ဒီပွဲမှာ ဂိုးသမား စံကျော် လည်းပါတယ်။ သူလည်း AIO ယူဂျီလုပ်မှုနဲ့ အဖမ်းခံထားရတာ။ တိုက်ဝင်းကလူတွေတော့ မပါ။ အဆောင်ကတော့ လူကုန်ဘဲ”

“သိန်းအောင်ကျော်တို့ တောင်းဆိုချက်က ဘာတွေလဲ”

“တောင်းဆိုချက်က ငါတို့ကို ထောင်က ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း ရိက္ခာနှုန်းထားကို အပြည့်အဝ ပေးရမယ်။ ငါတို့ကို ရိက္ခာကို လုံလောက်အောင်ပေးပေ့ါ။ တိုက်ပွဲဝင်လို့ ဆိုပြီး ကျနော်တို့ကို အခန်းထဲမှာ လှောင်ထားတာ မဟုတ်။ ကျနော်တို့အားလုံး အပြင်မှာ။ အချုပ်သားတွေက မိုးလင်းတာနဲ့ အပြင်မှာ ထွက်နေကြတာ။ ထမင်းစားချိန်ဆို ကိုယ့်ဇလုံကို ကိုယ်ကိုင်ပြီး ထမင်းသွားတန်းစီ ယူစားကြတာမျိုးလေ။ အဲဒီနေ့က မစား။ လုံးဝမစား။ ဟန်းဂါးဝင်တဲ့နေ့က တယောက်မှ ထမင်းသွားမဆွဲဘူး။ ထမင်းပုံးတွေ ပဲဟင်းပုံးတွေ ဒီအတိုင်းဘဲလေ။ လာယူသူ လုံးဝမရှိ။ ဘယ်သူမှ ထမင်းဟင်း ထွက်မယူဘို့ ကြိုညှိထားပြီးသား။ ကျနော်တို့က တပ်လှန့်ပြီးသား။ လာပို့တဲ့ သူတွေလည်း သိတယ်။ သူတို့ လာပို့လည်း သွားမယူကြဘူး။ မစားကြဘူး။ သူတို့ တာဝန်ကျေ လာပို့ပေမဲ့ ကျနော်တို့က ယူမှမယူဘဲ။ စားလည်း မစားကြဘူးလေ။ အပြင်မှာ မြက်နုတ် တာဝန်ကျသူက မြက်နုတ်။ အဲဒီနေ့ က လုံးဝ Silence ။ အသံတိတ်။ စကားလည်း မပြော။ ကျနော်က အဆောင်ပေါ်က အလန်းလုပ်ပစ်လိုက်တာ “အားလုံးငြိမ်” လို့ အော်လိုက်တာနဲ့. တထောင်လုံး တိတ်သွားတယ်။ အားလုံး Timing ခေါ်ပြီးသား။ ဝန်ထမ်းတွေ ထောင်မှူး ထောင်ပိုင်တွေ လာပြောတယ်။ “မင်းတို့ ဘာလို့ မစားကြတာလဲ” လို့ မေးတဲ့အခါလည်း “အင်း အဲ အုန်း” စသဖြင့်သာ တုန့်ပြန်ကြပြီး ဘာမှ စကားမပြောဘဲ ဆန္ဒပြကြတယ်။ ပွဲက စောက်ရမ်းလှတယ်။ ကျနော်တို့ရဲ့ ဝိတ်ကို ကြောက်ပြီး သူတို့ ကျနော်တို့ကို အလျှော့ပေးသွားကြတာ။ ဘာကြောင့်ဆို လူထုက ကျနော်တို့ဘက်က ပါလာပြီလေ။ ဒီ ထောင်ဝန်ထမ်းအောက်ခြေ မိသားစုတွေဆိုတာက ဈေးနဲ့ လုပ်စားနေရတဲ့ ဘဝတွေ။ သူတို့က ဆိုက်ကားနင်းစားနေရတဲ့ ဘဝတွေ။ ကျနော်တို့ကို ဒီကောင်တွေ မတော်မတရား တခုခု လုပ်တယ်ဆိုရင် ဒီကောင်တွေ အပြင်မှာ လုပ်စားလို့မရတော့ဘူး။ ထောင်ပြင်ကိုထွက်လိုက်တာနဲ့ အတီးခံရတော့ တာဘဲ။ လူထုကလည်း ကျနော်တို့ဘက်က အဲသလိုပါတာမျိုး။ အပြင်ကလူတွေဟာ ကျနော်တို့က အထဲက မက်ဆေ့တခုပေးလိုက်တာနဲ့ ဒီကောင်တွေက ဗျင်းတော့တာဘဲ။ ဒီတိုက်ပွဲကို အနိုင်ရပြီးနောက် ကျနော်တို့က ရိက္ခာဂိုဒေါင်ကိုပါ ချုပ်ကိုင်ခွင့် ရသွားတာဘဲ။ အဲဒီရဲ့အကျိုးဆက်က အကျဉ်းသူအကျဉ်းသားအားလုံး ဝဝလင်လင် စားရ သောက်ရသွားတာပေါ့။ စောစောတုန်းကဆို ဟင်းမှာ ဆီမပါပျားမပါ အရည်ကျဲကျဲနဲ့”

ငါဟာ သိန်းအောင်ကျော် ပြန်ပြောပြတဲ့ သူတို့ကြုံခဲ့ရတဲ့ ဖြစ်စဉ် သူတို့ လှုပ်ရှားခဲ့တဲ့ ထောင်တွင်းတိုက်ပွဲအ ကြောင်း နားထောင်ရင်း ငါ့ညီအရွယ်ဖြစ်တဲ့ သူ့ကို တလေးတစား စိုက်ကြည့်မိတယ်။

သိန်းအောင်ကျော်က စစ်တွေ အထက ၄ ထွက်။ ငါက စစ်တွေ အထက (၃) က။ ပြီးတော့ ကရာတေးမှာလည်း ဆရာတူ။ ဆရာကြီး ဦးထွန်းရွှေမောင် တပည့်တွေ။ ခု ထောင်ထဲရောက်တော့ အမျိုးသားရေးဘက်မှာ တထပ်တည်း ရင်ဘတ်ချင်း ချိတ်ဆက်မိကြသူတွေ။ ရဲဘော်ရဲဘက်တွေ ဖြစ်နေကြပြန်တယ်။

ငါတို့ခေတ် ငါတို့လူငယ်တွေဟာ အာရက္ခ ရက္ခိုင်ပြည်ရဲ့ အနာဂတ်အတွက် လက်ကို မြဲမြဲချိတ်မိကြပြီ သူငယ်ချင်းတို့။ ရဲဘော်တို့။

ထောင်ဆိုတာ ငါတို့ကို ပိုမိုသန်မာအောင် ထုဆစ်ပေးတဲ့ နိုင်ငံရေး တော်လှန်ရေး တက္ကသိုလ်ကြီးဘဲမဟုတ်လား။ ကျောင်းကြီးဘဲ မဟုတ်လား။ ငါတို့တွေ ညီညွတ်ပြီး တွန်းလှန်ရင် အာဏာရှင်စနစ်ဆိုးကို တနေ့မှာ မုချ အနိုင်ရမှာဘဲလို့ ငါ့စိတ်ထဲမှာ ပြောဆိုနေမိတယ်။

Related posts

အာရက္ခပြည်နှင့် ပြည်ထောင်စုစစ်တမ်း

ရေရှားပါးတာကြောင့် ပုဏ္ဏားကျွန်းရှိ စစ်ရှောင် အမျိုးသမီးနဲ့ ကလေးငယ်များ ယားနာကူးစက်မှုဖြစ်ပွားနေ

စစ်တွေမှာ လက်နက်ကြီး အပိုင်းအစတွေ ၂ နေရာမှာ ထပ်တွေ့